လူသားချင်းစာနာမှု အကူအညီတွေထက် စစ်လက်နက်အတွက် ပိုသုံးဖို့ စိတ်အားထက်သန်တဲ့ကမ္ဘာ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၀ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၃
လူသားချင်းစာနာမှု အကူအညီတွေထက် စစ်လက်နက်အတွက် ပိုသုံးဖို့ စိတ်အားထက်သန်တဲ့ကမ္ဘာ
၂၀၁၇ ခုနှစ် အာဆာ လက်နက်ကိုင်အဖွဲ့က မြန်မာနိုင်ငံစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က နယ်ခြားစောင့် ရဲကင်းစခန်းတွေ တိုက်ခိုက်ခဲ့ပြီးနောက် အာဆာလက်နက်ကိုင် အဖွဲ့ကို ချေမှုန်းတဲ့ စစ်ဆင်ရေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နှစ်ပေါင်းများစွာနေထိုင်လုပ်ကိုင် စားသောက်နေခဲ့ကြတဲ့ ၄င်းတို့ကိုယ်ကို ရိုဟင်ဂျာလို့ ခေါ်ဆိုကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ်ကြတဲ့ လူမျိုးစုတွေနဲ့ အရပ်သားထောင်သောင်းချီ သေဆုံးခဲ့ပြီး ၁ သန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလထဲမှာ အသက်ဘေးအန္တရာယ်ကြောင့်ရော အခြားသောအကြောင်းတွေကြောင့် နေအိမ်တွေပိုင်ဆိုင်တဲ့ အရာတွေစွန့်ပြီး လူဦးရေ သိန်း၊ သန်းချီပြီး ထွက်ပြေးတိမ်းရှောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကောက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ ကျဥ်းကျပ်စွာ နေထိုင်ရင်း မြန်မာနိုင်ငံပြန်လာနိုင်မယ့် အခြေအနေမျိုး၊ အာမခံချက်မျိုး၊ နိုင်ငံတကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ အကူအညီတွေ ကြားဝင်ဆောင်ရွက်မှုတွေကို မျှော်လင့်စောင့်စားနေခဲ့ကြရာမှာ တနှစ်ပြီးတနှစ် ကြာမြင့်လာခဲ့တာ အခုဆိုရင် ၆ နှစ်ထဲဝင်ရောက်လာပြီဖြစ်ပါတယ်။
မြန်မာဘက်ကတော့ ပြန်လည် လက်ခံရေး အစီအစဥ်တွေကို စစ်အာဏာမသိမ်းမှီကတည်းက လုပ်ဆောင်နေပေမယ့်လည်း စစ်တပ်နဲ့ အန်အယ်လ်ဒီအစိုးရတို့ရဲ့ အစီအစဥ်တွေကို ထွက်ပြေးတိမ်းရှောင်သွားကြသူတွေက ပြည့်ပြည့်ဝဝ မယုံကြည်ရဲတာနဲ့ နောက်အခြားသောအကြောင်းတွေကြောင့် နေရပ်ပြန်ရေးက အကောင်အထည် မဖေါ်နိုင်ခဲ့ပါဘူး။ ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပွားကာ ရိုဟင်ဂျာပြဿနာ အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာပြီး စစ်အာဏာသိမ်းထားတဲ့ အစိုးရကို မယုံကြည်စရာ အခြေအနေတွေက ထပ်လောင်းတိုးပွားလာပြန်ပါတယ်။ စစ်ကောင်စီက ၄င်းတို့လက်ထက်မှာ ရိုဟင်ဂျာ အရေအတွက်မည်၍မည်မျှ ပင်ဖြစ်စေ နေရပ်ပြန်နိုင်တယ်ဆိုတဲ့ အချက်ကို လိုချင်တာကြောင့် အာဏာသိမ်းပြီးနှစ်ကတည်းက ကြိုးစားလာပေမယ့် မကြာခင်လပိုင်းအတွင်း နောက်ဆုံးကြိုးပမ်းမှုလည်း မအောင်မြင်ဖြစ်ခဲ့ရတာ တွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းမှာ သတ်ဖြတ်မှု၊ တရားဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ အနှံ့အပြားဖြစ်ပွားလာတဲ့ အနေအထားမှာ အိမ်နီးချင်းနိုင်ငံမှာ ခိုလှုံနေရသူတွေအဖို့ မြန်မာပြည်ထံ ပြန်လာဖို့အရေး စိုးရိမ်မှုတွေ မြင့်တက်လာမှာ အသေအချာဖြစ်ပါတယ်။
တဖက်မှာလည်း အလုပ်လုပ်ကိုင်ခွင့် မရှိ၊ ကလေးသူငယ်တွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက စာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်မရှိ၊ ဒုက္ခသည်စခန်းမှာ ယာယီဖွင့်လှစ်ပြီး သင်ကြားကြတာမျိုး သာ ရှိတဲ့အနေအထားနဲ့ ၆ နှစ်ထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေအဖို့ အလုပ်လုပ်ခွင့်မရှိတဲ့ အနေအထား ဝင်ငွေမရှိတဲ့အနေအထားမှာ ဒုက္ခသည်တွေ့ကို ပေးတဲ့ အကူအညီတွေကို လုံးလုံးလျားလျားမှီခိုနေကြရတာမျိုးပါ။ ခုနှစ်ပိုင်းမှာ နိုင်ငံတကာက ရိုဟင်ဂျာ ဒုက္ခသည်တွေကိုပေးတဲ့ အကူအညီတွေ တစတစ လျော့ကျလာနေပြီး ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေအဖို့ ပိုမိုခက်ခဲတဲ့ ဘဝမှာနေထိုင်နေကြရတာ ဖြစ်ပါတယ်။ တရက်ကို လူတဦးအတွက်ရရှိတဲ့ ရိက္ခာပမာဏဟာ တရက်ကို ဒေါ်လာ ၂၇ ဆင့်လောက်နဲ့ ညီမျှတဲ့ ပမာဏဖြစ်တယ်လို့ သတင်းထဲ ဖတ်ရှုရပါတယ်။ ဒိမတိုင်ခင်က ၁၀ ဒေါ်လာ ဖြစ်ပြီး အဲဒီမတိုင်ခင်က ၁၂ ဒေါ်လာရရှိခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံတကာ အနေနဲ့ ကမ္ဘာမှာ လူသားချင်းစာနာမှု အကူအညီတွေပေးအပ်တာထက်ကို စစ်ပွဲတွေအတွက် လက်နက်တွေ ထောက်ပံ့တဲ့ ငွေကြေးက အဆပေါင်းများစွာ များပြားတဲ့ အနေအထားမျိုး ခေတ်ကာလမျိုးကို ရောက်ရှိနေတယ်လို့ ဆိုရင် မမှားပါဘူး။ ကမ္ဘာရဲ့ ဘယ်ဒေသမှာ ဖြစ်ပွားတဲ့ စစ်ပွဲလဲ၊ ဘယ်ဒေသမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေလဲ ဆိုတဲ့အချက်ပေါ်မူတည်ပြီးလည်း ကွာခြားမှုရှိနိုင်သလို သဘာဝဘေးအန္တရာယ်၊ ပြည်တွင်းစစ်တွေကြောင့် ဒုက္ခရောက်နေကြရသူတွေ သိန်းနဲ့ သန်းနဲ့ချီရှိနေပေမယ့် အဲဒီလို ဒုက္ခရောက်နေသူ အဟာရ ပြည့်ဝအောင် မစားနိုင်သူတွေကို ဒေါ်လာ တသန်းကူညီဖို့ ထက် စစ်ပွဲတွေအတွက်၊ နိုင်ငံကာကွယ်ရေး အသုံးစရိတ်တွေအတွက် ဒေါ်လာ သန်းရာချီသုံးဖို့ ဘီလျံနဲ့ချီ သုံးဖို့ ဝန်မလေးကြတဲ့ ခေတ်ပြိုင်ကမ္ဘာဖြစ်နေတယ်လို့ဆိုရင် လွန်မယ် မထင်ပါဘူး။
ကမ္ဘာကြီးမှာ ရွေးကောက်ပွဲနဲ့ ဖြစ်စေ၊ တခြားနည်းနဲ့ဖြစ်စေ အာဏာရနေကြတဲ့ အစိုးရတွေ ခေါင်းဆောင်တွေအနက် အစဥ်အလာ ရှေးရိုးစွဲ ဝါဒကိုင်စွဲသူတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ ဘီလျံနာကြီးတွေ၊ ကမ္ဘာအနှံ့ကုမ္ပဏီခွဲတွေရှိတဲ့ မာလ်တီဘီလျံ လုပ်ငန်းကြီးတွေ၊ စစ်လက်နက်နဲ့ စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးစဥ်းစားပြီး မူဝါဒချမှတ်ကြတဲ့ အစိုးရတွေက ထက်ဝက်မက များပြားတဲ့ အနေအထားဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီမှာ တကျပ်ဖို့ မကူညီချင်ပေမယ့် စစ်ပွဲတွေ အတွက် စစ်အသုံးစရိတ်တွေတွက် ငွေရာထောင်ချီ ကူညီဖို့ သုံးစွဲဖို့ ဝန်မလေးကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
မဲမထည့်မီမှာ မဲဆန္ဒရှင်တွေကိုပေးတဲ့ ကတိကဝတ်တွေက အာဏာရလာပြီးနောက်မှာ ကတိအတိုင်း မလုပ်ဆောင်ကြတာမျိုး၊ စစ်ပွဲတွေဖြစ်ပွားတာ စစ်ပွဲဖြစ်ပွားမှာကို စိုးရိမ်ကာ စစ်စရိတ်တွေ အများအပြားသုံးစွဲကြတဲ့အခါ အကျိုး အမြတ်ရတဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေက အာဏာရတဲ့ ပါတီကို ပံ့ပိုးကြတာမျိုးတွေ နဲ့ ကမ္ဘာ့ နိုင်ငံရေးတွေက လူလူချင်း စာနာကူညီတဲ့ လားရာမျိုးထက် စစ်ပွဲတွေနဲ့ ချမ်းသာကြွယ်ဝ အကျိုးအမြတ်ရှိလာကြတဲ့ ကုမ္ပဏီတွေ လုပ်ငန်းတွေ အတွက် ပံ့ပိုးလုပ်ဆောင်ပေးနေကြတဲ့ အနေအထားဖြစ်နေတာကို ဝမ်းနည်းဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar