Breaking News

နယ်သာလန်မှာ မြန်မာပြည်သားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ




နယ်သာလန်မှာ မြန်မာပြည်သားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

(မြန်မာအစိုးရ သတင်းစဉ်မှ ကူးယူဖော်ပြပါသည်)
(မိုးမခ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၉



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံနှင့်ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ  (၁၃-၁၂-၂၀၁၉ ရက်၊ သည်ဟိတ်ဂ်မြို့)


နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ခေတ္တတည်းခိုသည့်နေရာ၌ နယ်သာလန်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ နယ်သာလန်နိုင်ငံသို့ လာရောက်ထောက်ခံဝန်းရံကြသည့် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။


တွေ့ဆုံပွဲများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ ညီညွတ်သည့်စိတ်ဓာတ်မှာ အလွန်အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ အင်အားတောင့်တင်းသည့် နိုင်ငံတစ်နိုင်ငံ မဟုတ်ပါကြောင်း၊ သို့ဖြစ်၍ စိတ်ဓာတ်အင်အား၊ ဝီရိယ၊ ဇွဲလုံ့လ အင်အားတို့ဖြင့် ရပ်တည်ရမည်ဖြစ်ပါကြောင်း၊ အခက်အခဲများနှင့်ရင်ဆိုင်ရာတွင် ပြည်သူများ၏ ဝိုင်းဝန်းပေးမှုများသည် ခွန်အားဖြစ်စေပါကြောင်း၊ မိမိတို့ နိုင်ငံသားများအနေဖြင့် မည့်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံသားဖြစ်စေ မြန်မာမိသားစုဝင်များသာ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသားများအနေဖြင့် အမှန်တကယ်လိုအပ်ချိန်တွင် ဝိုင်းဝန်းရပ်တည်ပေးသည့်အတွက် မိမိအနေဖြင့် အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်လာကြသူများတင်ပြသည့် နိုင်ငံသားပြန်လည် ရရှိရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လာပြီး တတ်မြောက်ထားသည့် ပညာ အတွေ့အကြုံတို့ဖြင့် လုပ်အားပေးဝန်ထမ်း ဆောင်ရွက်နိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

(ဓါတ်ပုံ- သတင်းစဉ်)