Breaking News

သမိန်ပေါသွပ် တွတ်ပီနှင့်ဘကြီးမိုး



သမိန်ပေါသွပ် တွတ်ပီနှင့်ဘကြီးမိုး

(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၉
ကာတွန်းဇာတ်ဆောင်တွေထဲမှာ ခေတ်ဦးဖြစ်တဲ့ ဦးလူပေါ ဦးလူချောတို့ကိုမီခဲ့သလို ကာတွန်း ရေးဆရာ ဦးအောင်ရှိန်နဲ့လည်း ဘကြီးမိုးရင်းနှီးခဲ့ရပါတယ်၊ ရုပ်ပြကာတွန်းတွေ လှိုင်လှိုင်ကြီးထွက်တဲ့ အချိန်ကဆို ဦးဘရီ နှင့်သမီးများ တိုက်နှင့် ကိုတင်အောင် မစန်းတိုက်တို့က အပြိုင်အဆိုင်ထုတ်ခဲ့ကြ တာပေါ့၊ အဲဒီခေတ်မှာ ဘကြီးမိုးကိုယ်တိုင်လည်း စာပေလောကကိုရောက်နေပြီဖြစ်ပါတယ်၊ သူတို့ရဲ့ ကာတွန်းဇာတ်လမ်းစာအုပ်တွေ ကို ရခဲ့ပါတယ်၊ 

ကာတွန်းဇာတ်ဆောင်တွေထဲမှာ ကာတွန်းအောင် အောင်ရဲ့ ရွှေခေါင်းပြောင်ဇာတ်လမ်းတွေက နာမည်ကြီးပေါ့၊ ကာတွန်းအောင်အောင်နဲ့ ဘကြီးမိုးဟာ ရင်းနှီးသူများဖြစ်ပါတယ်၊ ရွှေခေါင်းပြောင်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ရိုက်ကူးတော့လည်း တိုးညွှန့်နဲ့ ညီအကိုများပါဝင်သရုပ်ဆောင်ကြတဲ့ ရွှေခေါင်းပြောင်ဇာတ်လမ်းကို ကြည့်လိုက်ရဖူးပါတယ်၊ ကိုတင် အောင် မစန်းတိုက်ကထုတ်တဲ့ မောင်ကမ္ဘာကာတွန်းရေးဆွဲသူက ဦးမြတ်ထွန်း အောင်ဖြစ်ပါတယ်၊ စာအုပ်တွေကိုမြင်လိုက်ရပေမယ် ့ ဦးမြတ်ထွန်းအောင်ကို တွေ့ဖူးရုံပဲတွေ့ဖူးပြီး တရင်းတနှီး မရှိခဲ့ပါဘူး၊ ကာတွန်းဇာတ်ဆောင်တွေထဲမှာ ကြံ့ဘဟုန်းစာအုပ်တွေလည်း နာမည်ကြီးပေါ့၊ ထိုနည်းတူ ကာတွန်း ဝင်းမောင်နဲ့ မိ မော် မေ မ ရုပ်ပြတွေလည်း သူ့ခေတ်သူ့အခါက လှိုင်လှိုင်ကြီးထွက်ဖူးတာပေါ့၊

 ပြီးခဲ့တဲ့ အပါတ်က ကွယ်လွန်သူမိတ်ဆွေကြီး လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းကိုထုတ်ခဲ့တဲ့ ဖိုးခင်ဦးနဲ့လည်း ရင်းနှီးခဲ့ရ သူဖြစ်ပါတယ်၊ ရင်းနှီးတဲ့အပြင် ဘကြီးမိုးကိုယ်တိုင်လည်း လျှို့ဝှက်သည်းဖိုမှာ တစ်ပုဒ်စနှစ်ပုဒ်စ ပါဝင် ရေးသားခဲ့ဖူးပါတယ်၊ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းဟာ ဘလောက်တိုက်ပိုင်ရှင် ဖိုးခင်ဦးက ထုတ်ဝေတာ ဖြစ်နေတော့ ဖိုးခင်ဦးထံမှ စာမူခတောင်းရပုံတွေက ဇာတ်လမ်းတစ်ခုခင်ဗျ၊ ဖိုးခင်ဦးဟာ ရေကျော်တ ဝိုက်မှာ ဆိုက်ကားတစင်းနဲ့လျှောက်သွားနေသူဖြစ်သည်။ သူနဲ့တွေ့မှ စာမူခရတာဖြစ်ပါတယ်၊ လျှို့ဝှက် သည်းဖို မဂ္ဂဇင်းဟာ နောင်တခေတ်မှာ ထင်ရှားတဲ့ ကာတွန်းဆရာ ပန်းချီဆရာ အများဆုံးမွေးထုတ်ခဲ့ တဲ့ တိုက်ဖြစ်ပါ တယ်၊ 

အဲဒီအချိန်မှာ ဆရာဦးဘဂျမ်းရဲ့ ရှုမဝမှာ အခန်းဆက်ပါတဲ့ လိပ်ကမ္ဘာမကြီး ဇာတ်လမ်းတွေကိုလည်း တရှိုက်မတ်မတ်ဖတ်ခဲ့ရပါတယ်၊ ဆရာဦးဘဂျမ်းကိုတော့ လူချင်းသိပ်ရင်း နှီးမှုမရခဲ့ပါဘူး၊ ကာတွန်းဆရာတွေ ထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဦးဟိန်စွန်းနဲ့တော့ အင်မတန်ရင်း နှီးပါတယ်။ ဦးဟိန်စွန်နဲ့တွေ့တိုင်း သူ့အိတ်ထဲ မှာ အမြဲပါလေ့ပါထရှိတဲ့ ဟာသပုံလေးတွေကို ဘကြီးမိုး တို့လိုလူငယ်တွေအားလုံးကို အမြဲပြလေ့ရှိပါတယ်၊ ကြေးမုံသတင်းစာမှာ ဦးဘထွေး၊ မြေဇာတို့က တစ် ကွက်ကာတွန်းတွေ ရေးလေ့ရှိပါတယ်၊ ဦးဘထွေးနဲ့တော့ တွေ့ဖူးရုံတွေ့ဖူးပြီး သိပ်ရင်းနှီးခွင့်မရခဲ့ပါဘူး၊ မြေဇာကတော့ လူထုတိုက်ထွက် လူနာမည်မောင်ဝင်းဖြစ်လေတော့ ရင်းနှီးပါတယ်၊ ကြေးမုံမှာ ဦး အောင်ရှိန်ရဲ့ ကြေးမုံခင်ပုံကြမ်းကို ဖတ်ရှုရတဲ့နည်းတူ ဦးဖေသိန်းရဲ့ နိုင်ငံရေးကာ တွန်းများကို ဖတ် ခဲ့ရတာပေါ့၊ ဦးဖေသိန်းနှင့်ကတော့ မိသားစုတခုလုံးနဲ့ပါ ဘကြီးမိုးရင်းနှီးခင်မင်ခွင့်ရခဲ့ပါတယ်၊ ဦးဖေသိန်းအိမ်မှာ ပြုလုပ်ကြစမြဲဖြစ်တဲ့ ကာတွန်းဆရာကြီးများရဲ့ သက်ကြီးပူဇော်ပွဲအခမ်းအနားတွေကို ဘကြီးမိုးအမြဲတက်ခဲ့ရပါတယ်၊ ဆိုလိုချင်တာကတော့ အဲဒီခေတ်မှာ ဘကြီးမိုးဟာ စာရေးဆရာကြီး ငယ်တွေနဲ့ ရင်းနှီးခင်မင်ခဲ့ရသလို ပနး်ချီဆရာ ကာတွန်းဆရာများနဲ့လည်း ရင်းနှီးခင်မင်ခဲ့ရပါတယ်၊ 

ကာတွန်းသော်ကနဲ့ ဘကြီးမိုးတို့နှစ်ယောက် ကာတွန်းရုပ်ရှင် ဖန်တီးရိုက်ကူးကြဖို့ ကြိုးစားခဲ့ကြဖူး ပါတယ်၊ သို့သော် မအောင်မြင်ခဲ့ကြပါဘူး၊ ကာတွန်းသော်ကရဲ့ အရိုင်းဇာတ်လမ်းစာအုပ်များကို ကိုမင်းဆွေရဲ့ တိုက်ကထုတ် ဝေတာဖြစ်လေတော့ ဘကြီးမိုး မီလည်းမီ ထုတ်လုပ်ဖြန့်ချိရာမှာလည်း ပါဝင်ကူညီခဲ့ရဖူးပါတယ်၊
အဲဒီလို ရုပ်ပြကာတွန်းတွေကလည်း အပြိုင်းပြိုင်း မဂ္ဂဇင်းတွေကလည်း အဖုံဖုံ အများကြီးထွက် လာလေ တော့ ဘကြီးမိုးကိုယ်တိုင်လည်း မဂ္ဂဇင်းတော်တော်များများမှာ ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရပ်တည်ခဲ့ရ ရေးခဲ့ရဖူးပါတယ်၊
အဲဒီခေတ်ကြီးတွေမှာ စာအုပ်အငှားဆိုင်ဆိုတာ ရန်ကုန်မြို့လမ်းတိုင် ရပ်ကွက်တိုင်းမှာ အငှား ဆိုင်ရှိသလို နယ်တွေမှာလည်း စာအုပ်အငှားဆိုင်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲကြီးမားကျယ်ပြန့် လှပါတယ်၊ စာအုပ်အငှားဆိုင် လုပ်ကိုင်တည်ထောင်ကြသူများဟာ သူတို့ရဲ့ စာပေပရိသတ်များ ကာ တွန်းဖတ်ပရိသတ်များနှင့်ရင်းနှီးခင်မင်ကြသူများဖြစ်လေတော့ ဘယ်အငှားစာဖတ်ပရိသတ်က ဘယ် မဂ္ဂဇင်း ဘယ်ဝတ္ထုကိုဖတ်ကြတယ် ဘယ်ရုပ်ပြကာတွန်းကြိုက်သူများအတွက်တော့ ဘယ်ရုပ်ပြကာ တွန်းကိုပေးရမယ်ဆိုတာ သိကြသူများဖြစ်ပါတယ်၊ 

အဲဒီခေတ်ကြီးဟာ စာပေလောကမှာ အလွန်ပျော် စရာကောင်းခဲ့ကြပါတယ်၊ စာအုပ်အငှားဆိုင်ခေတ်မှာ အချစ်ဝတ္ထုရေး ဆရာ ဆရာမများ အများကြီး ပေါ်ထွက်ပြီး စာဖတ်သူအင်အားလည်း များခဲ့ပါတယ်၊ အငှားဆိုင်ခေတ်မှာ နောက်ထပ်နာမည်ကြီးတဲ့ သိုင်းဝတ္ထုတွေလည်းအပြိုင်အဆိုင်ထွက်ခဲ့ကြပါတယ်၊ ထိုနည်းတူပဲ အငှားဆိုင်ခေတ်တွေမှာ ဘကြီးမိုး (မောင်မိုးသူ)တို့ရဲ့ ဘာသာပြန်ဝတ္ထုတွေလည်း တခန်းတနား စာအုပ်အငှားဆိုင်မှာ ကိုယ့်နာမည်နဲ့ ကိုယ် အတွဲလိုက်တင်ပြီး ငှားရမ်းကြရတဲ့အထိ အောင်မြင်ခဲ့ကြပါတယ်၊ သိုင်းဝတ္ထုခေတ်မှာလည်း တရုတ်သိုင်းဝတ္ထုရေးသားသူတွေဟာ တခေတ်တခါက အောင်မြင်ကျော်ကြားတဲ့ သိုင်းဝတ္ထုရေးဆရာ များဖြစ်ခဲ့ပါတယ်၊ သူတို့ဘာသာပြန်ရေးသားထုတ်ဝေတဲ့ တရုတ်သိုင်းဝတ္ထုတွေဟာဆိုရင်လည်း အတွဲလိုက် မပြီးနိုင်မဆုံးနိုင် အများကြီး အများကြီးထွက်ခဲ့ကြဖူးပါတယ်၊ ဒါပေမယ့်လည်း ဒါပေ မယ့်ပေါ့လေ။
စာအုပ်အငှားဆိုင်ဆိုတာ နေရာကျယ်ကျယ်ပြန့်ပြန့်ယူရတာ ငှားရတာဖြစ်လေတော့ တဖြည်းဖြည်းခေတ်ပြောင်းလာတဲ့အချိန်မှာ အငှားဆိုင်တွေဟာ လမ်းတိုင်း ရပ်ကွက်တိ်ုင်းမှာ ဆိုင်ခန်းခကိုအကြောင်းပြုပြီး ယုတ်လျော့နည်းပါးလာကြပါတယ်၊ စာအုပ်အငှားဆိုင်တွေ ယုတ်လျော့ နည်းပါးလာတဲ့နဲ့အတူ အဲဒီစာအုပ်အငှားဆိုင်တွေရဲ့ ဈေးကွက်ကို အဓိကအမှီပြုရပ်တည်ခဲ့ကြတဲ့ မဂ္ဂဇင်းတွေ အချစ်ဝတ္ထုတွေ သိုင်းဝတ္ထုတွေ ဘာသာပြန်ဝတ္ထုတွေလည်း တဖြညး်ဖြည်းဈေးကွက်ကျဉ်း မြောင်းလာပါတော့တယ်၊ အကျိုးဆက်က စာအုပ်အငှားဆိုင်များ ကွယ်ပျောက်သွားဖြစ်သလို စာအုပ် အငှားဆိ်ုင်ကို အမှီသဟဲပြုနေကြရတဲ့ မဂဇင်းတွေလည်း တဖြည်းဖြည်းလျော့နည်းခဲ့ရပါတယ်၊ တချိန် ထဲမှာ အချစ်ဝတ္ထုများ သိုင်းဝတ္ထုများ ဘာသာပြန်ဝတ္ထုများလည်း နည်းပါးလာပါတော့တယ်၊ စာအုပ် အငှားဆိုင်ခေတ်ကြီး ပျောက်ဆုံးသွားချိန်မှာ လုံးချင်းစာအုပ်တွေဟာ ကိုယ်ပိုင်ဝယ်ယူဖတ်ရှုသူများ အတွက်သာ ထုတ်ဝေကြရတာဖြစ်လေတော့ တဖြည်းဖြည်းလျော့ပါးပျောက်ဆုံးစပြုလာပါတယ်၊
တချိန်ထဲမှာ လမ်းတိုင်း ရပ်ကွက်ထဲမှာ ရှိခဲ့ကြ ပေါ်ခဲ့ကြတဲ့ စာအုပ်အငှားဆိုင်များ ကွယ် ပျောက်သွားသလို စာအုပ်ဆိုင်ကြီးများလည်း တဖြည်းဖြည်း လျော့ပါးပျောက်ဆုံးသွားကြပါတော့တယ်၊ ဘကြီးမိုးနေထိုင်တဲ့ ၃၁လမ်းအထက်လမ်းဆိုတာ တချိန်တခါသောခေတ်က စာအုပ်ဆိုင်တန်းကြီးတွေ ရှိတဲ့ လမ်းပေါ့၊ ထိုနည်းတူ ၃၂လမ်း ၃၃လမ်းဆိုတာလည်း စာအုပ်ဆိုင်တွေ အပြိုင်အဆိုင် ဖွင့်ခဲ့ကြ ရောင်းခဲ့ကြရပါတယ်၊ ထိုနည်းတူ ပန်းဆိုးတန်းအောက်လမ်းဆိုတာလည်း စာအုပ်ဆိုင်ကြီးတွေ အပြိုင် အဆိုင်ရှိခဲ့ကြတာပေါ့၊ ဒါပေမယ့် ဆိုင်ခန်းခကြီးမြင့်လာတဲ့ စာအုပ်ဆိ်ုင်ကြီးများလည်း တဖြည်းဖြည်း လျော့ပါးလာပြီး ခေတ်ပေါ်ရုပ်မြင်သံကြားဆိုင်တွေ ဗီဒီယိုဆိုင်တွေ ဖြစ်ပေါ်လာပါတယ်၊
ဘကြီးမိုးပြောချင်တာကတော့ အငှားဆိုင်စာအုပ်ဆိုင်တွေ နည်းပါးပျောက်ဆုံးသွားတာနဲ့အမျှ မဂဇင်းတွေလည်း လျော့ပါးနည်းပါးကုန်ကြပါတော့တယ်၊ ထိုနည်းတူ အချစ်ဝတ္ထုတွေ သိုင်းဝတ္ထုတွေ ဘာသာပြန်ဝတ္ထုတွေ လည်း လျော့ပါးနည်းပါးလာပါတော့တယ်၊ နောက်ဆုံးတော့ အချစ်ဝတ္ထု သိုင်း ဝတ္ထုတွေဆိုတာ လုံးဝပျောက်ဆုံးသလောက်ဖြစ်သွားပါတော့တယ်၊ 

ကာတွန်းရုပ်ပြ ဇာတ်လမ်းတွေ နာမည်ကြီးကာတွန်းဆရာတွေရဲ့ ရုပ်ပြကာတွန်းတွေအလွန်ပဲလူကြိုက်များခဲ့ပါတယ်၊ ဒါပေမယ့် ဒါပေ မယ့်ပေါ့လေ သမိန်ပေါသွပ်ကိုရေးတဲ့ ကာတွန်းမောင်ဝဏ ၊ မြိုင်ရာဇာတွတ်ပီကိုရေးတဲ့ ဓနုဖြူဆွေ မင်းတို့ဟာ မရှေးမနှောင်းကွယ်လွန်သွားကြရှာပါတယ်၊ သူတို့နှစ်ဦးကွယ်လွန်သွားပြီးချိန်မှာ နောက် ထပ်ရုပ်ပြကာတွန်းဇာတ်လမ်းတွေ ရှားပါးရာကနေ ကွယ်ပျောက်သွားသလိုဖြစ်ခဲ့ရပါတယ်၊
သမိန်ပေါသွတ် တွတ်ပီနှင့်ဘကြီးမိုး ပါ။