Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၉)



တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၉)

(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၀

(၁)

၂၀ဝ၅ ခုနှစ်ဆန်းစ။ ကျွန်တော်က ဘယ်လ်ဂျီယန်နိုင်ငံ အန့်တဝပ်ရောက်နေခိုက်။ ဆောင်းရဲ့အရိပ်နိမိတ် ပြနေပြီ။ သစ်ကိုင်းတွေက မွဲခြောက်ခြောက်၊ မှိုင်းမှုန်မှုန်။ ဥရောပဆောင်းက အအေးကဲတော့မယ့်အနေအထား။

ဒါပေမယ့် နေခြည်မျှင်မျှင် ရွှေရည်မစင့်တစင် ရှုခင်းကလေး လက်ကျန်ရှိသေးရဲ့။

“နေခြည်မျှင် အထွေးထွေး
နေရီမဝင့်တဝင် တနွေးနွေး
သစ်ပင်အကိုင်းအခက်တွေက
မှုန်မှေးမှေး
အအေးကဲတဲ့ ဆောင်းညနေ
ပြောင်းရတော့မယ် ခင်ရေ” လို့ ကဗျာစာလုံးကလေးတွေ မခို့တရို့ စီထားမိတယ်။

(၂)

ဇန်နဝါရီလဆန်း (၁၂) ရက်။ အဲဒီနေ့မှာ ကိုစိုးလင်းနဲ့ Carrefour ဆိုင်ကို ရထားစီးသွားခဲ့တယ်။ စိတ်အာရုံမှာ ရုပ်ပုံတွေ အမျိုးမျိုးမြင်။ ဖျတ်ခနဲ ဖျတ်ခနဲ။

“စိတ်ဂယောင်ချောက်ချား
ဆောင်းလား နွေလား မသိပါကလား။
သူတပါးနိုင်ငံမှာ
ပြန်ချိန်တန်လို့လဲ မပြန်နိုင်
ခြေမသန် တပေါင်ကျိုးသလို
ရိုးတိုးရွတ ခုန်ဆွဆွ”

အဲဒီအချိန်မှာ စိတ်အာရုံက သနပ်ခါးတင်ထားတဲ့ ချစ်သူ့ပါးပြင်ကလေးကို သတိရမိတယ်။အလှမ်းဝေးဝေးက အနမ်းနွေးနွေးကလေးကို လွမ်းမိတယ်။

“ပြန်ချင်ပြီ ဌာနေဆီသို့” ဆိုစကားလို ကိုယ့်ရပ်ဌာနီကို အလွမ်းပိုမိတယ်။ နှလုံးသားက မချိတရိခံစားရတယ်။ သင်တုန်းဓားထက် အမွှန်းခံရတဲ့အလား။ အဲဒီခံစားမှုပြင်းပြတဲ့အချိန်မှာ နှလုံးသားက တအား သံကုန်မြှင့်ပြီး တောင်းဆိုနေတယ်။

“တံခါးဖွင့်ပါ သင့်အိမ်တံခါး
နားခွင့်ခိုလှုံခွင့် ပေးပါလား” တဲ့။

(၃)

တို့နိုင်ငံဟာ သံဆူးကြိုးအထပ်ထပ် ရစ်ပတ်ဝန်းရံနေတဲ့ နိုင်ငံပါ။ ဒါကိုလဲ တကမ္ဘာလုံးကအသိ။ မြန်မာပြည်သူတွေအခွင့်အရေးတွေ ဆုံးရှုံး၊ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေကြရရှာတယ်။ ဒါကို နှလုံးရည်နဲ့ တိုုက်ပွဲဝင်နေကြရဆဲပါ။ ၁၉၈၈ ခုရဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးက စခဲ့တယ်။ လူထုခေါင်းဆောင်ကတော့ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်။ သူ့ရဲ့ အကြမ်းမဖက်နည်းနဲ့ ဆင်နွှဲနေတဲ့ တော်လှန်ရေးကို မြန်မာလူထုကရော၊ ကမ္ဘာ့လူထုကပါ တခဲနက် ထောက်ခံခဲ့ကြတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီး အပ်နှင်းပြီး ဂုဏ်ပြုခဲ့ကြတယ်။

ဒါပေမယ့် စစ်ဝါဒီ စစ်အုပ်စုကတော့ အာဏာကို လွှဲပြောင်းမပေးခဲ့။ လူထုကတခဲနက် မဲပေးရွေးကောက်ခဲ့ပေမယ့် မျက်နှာပြောင်တိုက်ပြီး အာဏာကို အဓမ္မသိမ်းပိုက်ထားဆဲ။ လူထုခေါင်းဆောင်တွေမှန်သမျှ ထောင်သွင်း အကျဉ်းချထားမြဲ။

ကုလသမဂ္ဂက ကြားဝင်ဖျန်ဖြေစေ့စပ်ပေးပေမယ့် လက်မခံ။ ဉာဏ်နီဉာဏ်နက် စစ်မက်ဗျူဟာတွေထုတ်ပြီး ပုတ်ချမြဲပုတ်ချခဲ့တယ်။

လူထုချစ်တဲ့ ဒေါ်စုကို အကျဉ်းချထားခဲ့တယ်။ ကြေကွဲစရာ့ဖြစ်ရပ်ပါ။

ရှစ်လေးလုံးအရေးတော်ပုံ စတင်တုန်းက အသက် (၄၀) ကျော်သာရှိသေးတဲ့ လူထုခေါင်းဆောင် ဒေါ်စုဟာ အခု ဇွန်(၁၉) ရက်နေ့မှာဆိုရင် အသက် (၆၀) ပြည့်သွားခဲ့ပြီ။ နုပျိုတဲ့ခွန်အားတွေကို ကာလက တိုက်စားခဲ့ပြီ။ တိုင်းပြည်ကို အားကြိုးမာန်တက်တည်ဆောက်ရမယ့် ခွန်အားတွေကို အချည်းနှီးဖြစ်အောင် ဖြုန်းတီးပစ်ခဲ့ကြတယ်။ ယူကျုံးမရစရာ ရက်စက်မှုတွေပါ။ မြန်မာစစ်တပ်ဟာ လူထုရဲ့ချဉ်ပတ်ဖြစ်ရတာဟာ စစ်တပ်က လူထုအကျိုးကို ကာဆီးကာဆီးနဲ့ ဟန့်တားနေလို့ပဲ။

အာဏာကို သူတို့လက်ထဲမှာပဲ စွဲမြဲထားချင်တယ်။ လူထုခေါင်းဆောင်တွေကို လက်လွှဲမပေးနိုင်ခဲ့ဘူး။ တနေ့နေ့ လူထုက နာကျည်းပေါက်ကွဲခဲ့ရင် နှစ်ဖက်စလုံးနာမယ်။ သမိုင်းလဲနာမယ်။

ဒေါ်စုကတော့ “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုတဲ့ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်။

“အိုမင်းရွယ် တံခါးဝမှာ
လှတုန်း ပတုန်း တက်ကြွတုန်း
စိတ်ဓာတ်မကျ ဝိပ္ပတ္တိကာလကို
အလှဆုံးခေတ်သို့ ပြောင်းမယ်လို့
စိတ်မောင်းတင်ထားတုန်းပါ။
ဆန်းရဲ့သမီး
နန်းနဲ့ နီးပါစေလို့
ချစ်မငြီးတဲ့ ဒေါ်စုအတွက်
ပြည်သူတွေက ဆုတောင်းကြတယ်။
ရွှေလိုဥတဲ့ မေမေစုရေ
အောင်ဇေယျတု ဇေယျတုလို့
အောင်ဆုတောင်းကြတယ်။”

ဒေါ်စုဟာ သတ္တိခဲ။ ဒေါ်စုဟာ အာဇာနည်။ ဒေါ်စုဟာ ဘယ်တော့မှ ကိုယ်ကျိုးမရှာ။ နိုင်ငံရဲ့ရတနာ။

ချစ်မြတ်နိုးတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မုချအောင်ရမည်လို့ ယုံယုံကြည်ကြည် ဆုတောင်းလိုက်ပါတယ်။ တသက်မကြောက်ဖွယ် အသက် (၆၀) ရှိပေမယ့် သတ္တိကတော့ အာဇာနည်သတ္တိ။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၅)၊ ဇွန် ၂၀ဝ၅