ကိုလေအိုး - အမြဲမရှိတဲ့ အန်စီအေ အစ”
ကိုလေအိုး - အမြဲမရှိတဲ့ အန်စီအေ အစ
မိုးမခ ၊ မေ ၁၂ ၊ ၂၀၂၆
တကယ်တော့ တိုင်းရင်းသားတပ်ဖွဲ့တွေချည်း သီးသန့်ဆွေးနွေးကြတဲ့ပွဲမှာ စစ်တပ်သူလျှို ဆိုတာ ဘယ်ပါနိုင်ပါ့မလဲ။ ဒီတုန်းက စစ်တပ်နဲ့ နီးစပ်တယ်လို့ သတင်းထွက်နေတဲ့ တပ်ဖွဲ့တစ်ခုကို သူက ရည်ညွှန်းသတိပေး ပြောဆိုလိုက်တာပါ။ ဒါတွေပြောရင် ဦးသိန်းစိန်လက်ထက်က ဘယ်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးပြောဆိုခဲ့တယ်ဆိုတာ ပြောမှရပါမယ်။ ဒီတုန်းက တိုင်းရင်းသားတပ်ဖွဲ့ပေါင်း ၂၁ ဖွဲ့ရှိတဲ့အထဲ ဦးသိန်းစိန်အစိုးရက ၁၆ ဖွဲ့နဲ့ ဆွေးနွေးခဲ့တာပါ။
အဲဒီ ၁၆ ဖွဲ့နဲ့ ဆွေးနွေးပြီး နောင်တော့ အန်စီအေ အပစ်ရပ်စာချုပ်ဆိုတာကို လက်မှတ်ထိုးကြတော့ ၈ ဖွဲ့ပဲ ပါဝင်တော့တာပါ။ အဲဒီ ၈ ဖွဲ့ အန်စီအေမှာ လက်မှတ်ထိုးကြတော့မယ်လို့ နောက်ဆုံးဆွေးနွေးခဲ့ကြတာလည်း ချင်းမိုင်မှာပါပဲ။ မှတ်တမ်းဖြစ်အောင် ပြောပြပါ့မယ်။
၂၀၁၅၊ အောက်တိုဘာ ဆွေးနွေးပွဲပဲဖြစ်တယ်။ ချင်းမိုင်မြို့၊ ချန်းကလန်လမ်းပေါ်က ပတ်ရွိုင်ရယ်ဟိုတယ်ဟာ အပေါ်ဆုံးထပ်က ရေကူးကန်အပါအဝင် အထပ် ၁၁ ထပ်ရှိပြီး ၈ ထပ်က ခန်းမကျယ်ကြီးတစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုး၊ မထိုး တပ်ဖွဲ့ကိုယ်စားလှယ်တွေ နောက်ဆုံးဆွေးနွေးကြတဲ့ပွဲဖြစ်လို့ မီဒီယာကလည်း အင်မတန်စိတ်ဝင်စားခဲ့တယ်။
ဆွေးနွေးပွဲအစောပိုင်းရက်တွေထဲက မီဒီယာသမားတွေ ဟိုတယ်ကို နေ့တိုင်းလာပြီး ရသလောက် သတင်းယူခဲ့တာဖြစ်လို့ ဘယ်အဖွဲ့တွေ လက်မှတ်ထိုးပြီး ဘယ်အဖွဲ့တွေကတော့ တပ်ဖွဲ့အားလုံးမပါလို့ လက်မှတ်မထိုးဘူးဆိုတဲ့ သတင်းတွေ ရထားပြီးလည်းဖြစ်တယ်။ ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ တိုင်းရင်းသားတပ်ဖွဲ့တွေက တရားဝင်ကြေညာချက် ထုတ်ပြန်မှာဖြစ်လို့ သတင်းသာ ကြိုကြားထားတယ်။ သူတို့ တရားဝင်ကြေညာမဲ့အချိန် စောင့်ရတာ အဲဒီနေ့က ည ၁၁ နာရီထိုးတယ်။
နောက်ဆုံးတော့ တပ်ဖွဲ့ ၁၆ ခုအနက် ၇ ဖွဲ့ပဲ အန်စီအေမှာ လက်မှတ်ထိုးမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကျခဲ့တယ်။ နောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ကလည်း လက်မှတ်ထိုးမယ်လို့ ကြေညာခဲ့လို့ အန်စီအေမှာ တိုင်းရင်းသားတပ်ဖွဲ့ ၈ ဖွဲ့ ပါဝင်လက်မှတ်ထိုးခဲ့ကြတယ်။ အဲဒီနေ့က လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ တပ်ဖွဲ့ကိုယ်စားလှယ်တွေက ပြုံးပြုံးပြုံးပြုံးနဲ့ ခန်းမထဲက ထွက်လာကြပြီး လက်မှတ်မထိုးဖို့ ဆုံးဖြတ်ခဲ့ကြသူတွေက မျက်နှာမသာမယာနဲ့ ခန်းမထဲက ထွက်လာကြတာ မြင်ခဲ့ရတယ်။
လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ တိုင်းရင်းသားတပ်ဖွဲ့တစ်ခုက ကိုယ်စားလှယ်တွေဆို ခန်းမအပြင်ဘက်မှာ အလွန်အကျူး အောင်ပွဲခံတာမျိုးတောင် လုပ်သွားတာ တွေ့မြင်ခဲ့ရတယ်။ (စစ်တပ်သူလျှိုလို့ စွပ်စွဲပြောဆိုခံရတဲ့ တပ်ဖွဲ့ပေါ့)။ အစိုးရနဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ လေးနှစ်လောက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အစိုးရနဲ့ ဆွေးနွေးဘက် တိုင်းရင်းသားတပ်ဖွဲ့ ၁၆ ဖွဲ့အနက် ထက်ဝက်ဖြစ်တဲ့ ၈ ဖွဲ့ လက်မှတ်ထိုးခဲ့တယ်။
အဲဒီတပ်ဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်အယ်လ်အေ-ပီစီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) နဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တောင်ပိုင်း စတဲ့ အဖွဲ့တွေ ဖြစ်တယ်။
အမြဲမရှိတဲ့ တရားသဘောနဲ့ကြည့်ရင် လက်မှတ်ထိုး ၈ ဖွဲ့ နောက်ဆုံးဆွေးနွေးခဲ့တဲ့ အဲဒီဟိုတယ်ဟာ အခုပိတ်သိမ်းထားတာတွေ့မြင်ရပါတယ်။ တချိန်က ဟိုတယ်တည်ရှိရာ အနီးတစ်ဝိုက်မှာ တိုင်းရင်း သားတပ်ဖွဲ့ကိုယ်စားလှယ်တွေ သွားလာလှုပ်ရှား စည်ကားခဲ့တဲ့ ချန်းကလန်လမ်းဟာလည်း အခုတော့ ခြောက်ကပ်တိတ်ဆိတ်နေတယ်။ အန်စီအေစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတဲ့တပ်ဖွဲ့တို့ကပဲ အန်စီအေစာချုပ်ဟာ အခုတော့ စက္ကူစုတ်ဖြစ်သွားပြီလို့ မှတ်ချက်ပေး ပြောခဲ့ပြီမဟုတ်ပါလား။
တတိုင်းပြည်လုံး ဗုံးပတ်ကြဲနေတဲ့မင်းအောင်လှိုင်က ရက် ၁၀၀ ငြိမ်းချမ်းရေးခေါ်တော့ တိုင်းပြည်ထဲ လက်နက်ကိုင်တပ်ဖွဲ့တွေ ရာချီရှိနေပါရောလား။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar