Breaking News

နွေဦးတော်လှန်ရေး၏ ရေဆန်ကို ဆက်လှော်ခတ်နေသူများ

မြန်မာနွေဦးခရိုနီကယ် - မေ ၁၁ မြင်ကွင်း

(မိုးမခ) မေ ၁၂ ၊ ၂၀၂၆

နွေဦးတော်လှန်ရေး၏ ရေဆန်ကို ဆက်လှော်ခတ်နေသူများ

ဆိုရှယ်မီဒီယာပေါ်က သတင်းတွေမှာ မြန်မာပြည်မြို့ပြက ငွေကြေးနဲ့ အခြေအနေရှိသူ လူတန်းစားတွေက ပျော်ပွဲ ရွှင်ပွဲတွေ တက်ရောက်ကြတာ၊ သုံးကြ ဖြုန်းကြတာတွေ သူတို့ကိုယ်တိုင်ဖြစ်စေ၊ ပွဲကြည့်ပရိသတ်ကဖြစ်စေ ရေးသားတင်ဆက်နေကြတာကို တွေ့မိရင် မြန်မာပြည်၏ မြို့ပြဒေသတွေဟာ အဆင်ပြေစည်ကားနေပြီလို့ ကောက်ချက်ဆွဲရမလို ဖြစ်နေပါတယ်။

သို့သော် မြန်မာပြည်၏တောင်ပေါ် မြေပြန့် တော်လှန်နယ်မြေတွေဟာ မြောက်ကနေ တောင်၊အနောက်ကနေ အရှေ့ ကျေးလက်ဒေသတွေမှာ ဆက်လက်တည်ရှိနေပြီး စစ်ဘေးသင့်ပြည်သူတွေ နေရပ်စွန့်ခွာတွေ၊ လက်နက်ကိုင်ပြီး ခုခံတော်လှန်စစ်ဆင်နွှဲနေတဲ့ ပီဒီအက်ဖ်တွေ၊ ဒေသခံတော်လှန်ရေးအဖွဲ့တွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။ တိုင်းပြည်၏ ၆၀% က ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နယ်မြေဖြစ်နေပြီးတော့ အဲသည်ဒေသတွေမှာ စီဒီအမ်တွေထဲက ကျောင်းဆရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အတတ်ပညာရှင် အသိပညာရှင်တွေက ကျရာရောက်ရာ တာဝန်တွေ ထမ်းဆောင်နေကြပါတယ်။ သူတို့တွေ၏ ရုန်းကန်မှုသတင်းတွေကိုတော့ မြို့ပြက သတင်းတွေလိုမျိုး များများစားစားတွေ့ရမှာ မဟုတ်ပါဘူး။ သို့သော် တော်လှန်ရေးနယ်မြေတွေက သတင်းအဖွဲ့၊ ထောက်ကူအဖွဲ့၊ ပီဒီအက်ဖ်အဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေကနေ တင်ဆက်နေတဲ့ ပို့စ်တွေကနေ မြင်တွေ့ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။

မြို့ပြအခြေစိုက် သတင်းဌာနတွေ လူမှုရေး၊ သာရေးနာရေးလုပ်ငန်းတွေက သတင်းတွေကတော့ အာဏာသိမ်းစစ်အုပ်စု၏ အတင်းအကျပ် ဆောင်ရွက်တဲ့ ရွေကောက်ပွဲအပြီးနောက်မှာ အွန်လိုင်း ပလက်ဖောင်းမျိုးစုံမှာ မြို့ပြရဲ့ စည်ကားနေပုံတွေကို ရွေးချယ်ရေးသားတာတွေ ဝေဝေဆာဆာ တက်လာကြပါတယ်။ ယခင်က အုပ်စုဖွဲ့ပျော်ရွှင်တာ၊ စစ်အုပ်စုဘက် ပင်းတာတွေကို တက်ကြွတဲ့ပြည်သူလူထု၏ သပိတ်မှောက်မှုတွေ ကြဉ်ဖယ်မှုတွေဖြစ်တဲ့ BC & SP တွေနဲ့ရင်ဆိုင်ရာမှာ ကြောက်စရာမလိုတော့ဘူးလို့ သဘောထားလာကြပုံရပါတယ်။ 

မြန်မာပြည်၏လက်ရှိပကတိအခြေအနေကို ဘယ်သတင်းတွေ စာတွေကနေ အကဲခတ်လို့ရမလဲ။ လက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်ကလည်း ဝါဒဖြန့်အကြောင်းအရာတွေ ဦးစားပေးလေ့ရှိပြီး သူတို့နဲ့ ဆက်နွှယ်သူတွေကလည်း သည်ဘောင်ထဲကနေတင်ဆက်လေ့ရှိတာမို့ အပစ်အခတ်အသေ အပျောက်သတင်းတွေကလွဲရင် အခြားမြန်မာပြည် အခြေပြအချက်အလက်တွေကို စာဖတ်ပရိသတ်က ဟိုတစ သည်တစ ခန့်မှန်းကြရတာလို့ ဆိုနိုင်ပါတယ်။

စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထား ဗုံးကြဲတာတွေ ဆက်တိုက်ဖြစ်နေတဲ့ကြားမှာ ရွာပုန်း ရွာရှောင်တွေမှာ ဆေးဝါးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်၊ သူနာပြုတွေကို ပြည်သူတွေက လက်ခံမထားရဲဘူး ဆိုတာမျိုးကို အချို့သော စာတွေ သတင်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဆေးရုံ ဆေးခန်းရှိတယ်လို့ ကြားရင် သတင်းပေးရင် မြန်မာစစ်တပ်က ပစ်မှတ်ထားပြီး အငြိုးအတေးထား ချေမှုန်းတယ်ဆိုတာမျိုးကို ထောက်ကူအဖွဲ့တွေဆီကနေ သိရလေ့ရှိပါတယ်။ သို့သော် သတင်းအဖြစ် တင်ဆက်မယ်ဆိုရင်လည်း တင်ဖို့ကို ၂ ခါ့ပြန် စဉ်းစားရပြန်ပါတယ်။ အကြောင်းကတော့ ဆေးကြောင့် ပိုလေးတယ်ဆိုတဲ့ စကားလိုမျိုး နဂိုကတည်းက ဗုံးဒဏ်သင့်နေတဲ့ပြည်သူတွေအတွက် ပိုပြီး ဖိစီးကြတာ ဖြစ်မှာစိုးလို့ ဖြစ်ပါတယ်။

နောက်အချက်တခုကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၏နယ်မြေတွေထဲကနေအကြောင်းအမျိုးမျိုးကြောင့် စီဒီအမ်တွေ အရပ်ဘက်အခြေပြု အဖွဲ့အစည်းတွေက အခြားနယ်မြေတွေကိုပြောင်းရွှေ့နေထိုင်ကြရတဲ့ အခြေအနေမျိုးတွေလည်း ရှိလာတာဖြစ်ပါတယ်။ DVB သတင်းတပုဒ်မှာ - စစ်အာဏာရှင် မင်း‌အောင်လှိုင် သမ္မတရာထူးရယူတာကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တာကြောင့် TNLA ကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ CDM ဝန်ထမ်းတွေက ကန့်ကွက်ရှုတ်ချပြီးတဲ့နောက် TNLA အုပ်ချုပ်ခွင့်ရ နယ်မြေတွေမှာ ကျန်းမာရေးနဲ့ ပညာရေး ဝန်ဆောင်မှုတွေ ပေးနေတဲ့ CDM ဝန်ထမ်းတချို့ဟာ ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေကြပါတယ် ဆိုတဲ့သတင်း ဖတ်ရပါတယ်။ တော်လှန်ရေးနဲ့ စစ်ရေးလှုပ်ရှားနေတဲ့ နယ်မြေတွေမှာ တော်လှန်တဲ့ပြည်သူ့ဝန်ထမ်းအပါအဝင် သာမန်ပြည်သူတွေကိုယ်တိုင်ကလည်း အသက်နဲ့ ဘ၀လုံခြုံရေးအတွက် အာမခံချက် အမြဲလိုအပ်နေတယ်ဆိုတာကိုလည်း သိသာနိုင်တဲ့ အချက်ဖြစ်ပါတယ်။

သာမန်အားဖြင့် စစ်ဘေးရှောင် ကျေးရွာတွေမှာ၊ စခန်းတွေမှာ၊ စာသင်ကျောင်းတွေ ကိုယ်ထူကိုယ်ထ ရှိနေကြပြီး ရပ်ရွာကလည်း အားပေးကြတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ကြားရပါတယ်။ စစ်ဘေးသင့်ပြည်သူတွေတွေ၏ လူမမယ် ရင်သွေး ကလေးသူငယ်များ၏ ပညာရေးကို စစ်ဘေးရှောင်ရင် စာသင်ပေးတဲ့ ကျောင်းဆရာများ၊ ဝါသနာရှင်များကြောင့် တဖက်တလမ်း ဖြေရှင်းပေးနိုင်ရာ ရောက်ပါတယ်။ ရွာပုန်း ရွာရှောင် စခန်းတွေက အုပ်စုလိုက် ရွေ့လျားနေကြလေ့ရှိပြီး ရပ်ရွာအစုအဝေးထဲက ၃ စုမှ ၁စုက စာသင်ကျောင်းတခု ပါအောင် ကျောင်းဆရာမိသားစုတွေ ပါအောင် စီစဉ်ကြပြီး မိမိရွာတွေကနေ မနီးမဝေး မလှမ်းမကမ်းမှာ စာသင်ကျောင်းလေး ထောင်ပြီး ကလေးတွေအတွက် အချိန်အကျိုးရှိအောင် ဆောင်ရွက်ကြတာမျိုးတွေ ဖြစ်ပါတယ်။ သည်လို ရပ်ရွာထုံးတမ်းမျိုးကိုလည်း ပြည်သူတွေ သိရှိလက်ခံလာဖို့ အကျယ်တဝင့် လုပ်ပြန်တော့လည်း စစ်တပ်၏ လိုက်လံချေမှုန်းမှုကို စိုးရိမ်ရပြန်တာ ဖြစ်ပါတယ်။

ဆိုလိုချင်တာက နွေဦးတော်လှန်ရေး၏ ရေဆန်လှော်ခတ်နေရမှုတွေကို ပြည်သူတွေအတွင်း ကိုယ် ချင်းစာနာ သိရှိဖို့ သတင်းအချက်အလက်များ ပေးအပ်နေတာဟာ အကန့်အသတ်ရှိနေတာရယ်၊ စိတ်ဝင်စားမှု နည်းပါးတာရယ်ကြောင့် သာမန်လူစိတ်ဝင်စားမှုများတဲ့ အပျော်အပါးသတင်းတွေ အသေ အပျောက် သတင်းတွေက ပိုပြီး ဖုံးလွှမ်းနေတာကိုလည်း လက်ခံပေးရတာ ဖြစ်ပါတယ်။ လူထု၏ သရုပ်မှန်ဘ၀တွေကို နားလည်နိုင်ဖို့က ရသနဲ့ ရေးတဲ့ စာတွေကနေ အနုပညာနဲ့ အသိပေးဖို့ ကြိုးပမ်းနေရတဲ့ အနေအထားလည်း ဖြစ်လာပါတယ်။

သာဓကတခုအနေနဲ့ ထုတ်ပြရရင် မြန်မာပြည်မြောက်ပိုင်း တော်လှန်နယ်မြေမှာ ပြည်သူတွေ တော်လှန်ရဲဘော်တွေနဲ့အတူ တသားတည်း ရုန်းကန်နေတဲ့ ဒေါက်တာစိုးမင်း၏ ဇာမနီချန်ဂင်အက်ဆေးတွေကို ညွှန်းရမှာ ဖြစ်ပါတယ်။  သူ့စာကနေ သတင်းတပုဒ်ရေးရမယ် ဆိုရင် သည်လိုမျိုး ရေးရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်သည် မပြီးဆုံးသေးတဲ့အကြောင်း၊ အဆိုပါဒေသက ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေဟာ ဗုံးတွေ ကြဲနေတဲ့ကြားထဲက နောက်ဆုတ်သွားတာ မတွေ့ရသေးကြောင်း၊ ဆေးရုံတွေနောက် လိုက်လံပစ်ခတ်ပေမယ့် ဆရာဝန်တွေက ဆေးထိုအပ်ချ ထွက်ပြေးတာမျိုး မလုပ်ကြောင်း၊ အချို့လက်နက်ကိုင်တွေက အပစ်ရပ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုတာ မရပ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်လို့ ရေးရမှာ ဖြစ်ပါတယ်။ 

ဒေါက်တာစိုးမင်း၏ အမြင်များကို ကောက်နုတ်ရမယ်ဆိုရင် မြို့ပြမှာ လူတွေကို အတင်းဖမ်း၊ စစ်မှုထမ်းခိုင်တာတွေ၊ ပိုက်ဆံပေး ပြန်ရွေးတာတွေ၊ စစ်သား ရောင်းစားခံရတာတွေ ဖြစ်နေကြောင်း၊ အဆိုပါ အဓမ္မစုဆောင်းခံ စစ်သားများ ထောင်ချီပြီး အပတ်စဉ် စုဆောင်း၊ တိုက်ပွဲထဲကို တွန်းပို့တဲ့ စနစ်တခု ဖြစ်နေပြီဟု သူက သုံးသပ်ထားပါတယ်။ သို့သော် တော်လှန်ရေးဒေသတွေမှာ မည်သူကိုမှ လူသားဒိုင်းကာ လုပ်တာတွေ မြင်းဆေးကျွေးပြီး မသေခိုင်းဘူးလို့ မှတ်ချက်ပေးထားပါတယ်။ 

သူ၏ သုံးသပ်ချက်မှာ ကချင်ပြည်နယ်ဘက်မှာ တော်လှန်ရေးအင်အားစုတွေ၏ ပူးပေါင်းမှုက အချိန်ကြာလာသည်နဲ့အမျှ ပိုတည်ငြိမ်လာပါတယ်။ စစ်တပ်ဘက်က နယ်မြေတွေကို အလုံးစုံ ပြန်မသိမ်းနိုင်သေးပါဘူး။ လိုင်ဇာလိုနေရာတွေမှာ— အခက်အခဲတွေကြားကနေ ဆေးရုံတွေ လည်ပတ်နေပါတယ်။ တိုင်းရင်းသားအားလုံးနဲ့ ပူးပေါင်းပြီး လုပ်ရတယ်။ စိတ်ရှည်ရတယ်၊ ဆက်လုပ်နေရမယ်၊ ရပ်နေလို့ မရဘူးလို့ သူက ပြောပါတယ်။

ကချင်နဲ့ တရုတ်ဆက်ဆံရေးကိုလည်း သူ့၏ စာအသွားအလာထဲကနေ သည်လိုမျိုး သုံးသပ်နိုင်တယ်လို့ သတင်းရေးနိုင်ပါသေးတယ်။ 

တရုတ်နယ်နိမိတ်မျဉ်း တဝက်လောက်က ကချင်နဲ့ ထိစပ်နေပေမယ့် လိုင်ဆာဟာ တရုတ်ပြည် ဖြစ်မနေဘူး။ လောက်ကိုင်လောက် သန့်ပြန့်သားနားမနေပေမဲ့ ကချင်တွေ ကိုယ်တိုင်အုပ်ချုပ်တယ်။ တရုတ်ဖိအားနဲ့ မကင်းနိုင်​သော်ငြား သူ စိတ်မပါရင် ဟင့်အင်း ခေါင်းခါလို့ ရသေးတယ်။ လိုင်ဆာက ဆေးရုံတွေဟာ လောက်ကိုင်က၊ နမ့်ခမ်းက ဆေးရုံတွေလို Specialties တွေ မပြည့်စုံပေမဲ့ လူနာအပြည့်နဲ့ အလုပ်ဖြစ်အောင် ဆေးကုနေဆဲ အခမဲ့ဆေးရုံတွေ ဖြစ်ပါတယ်။ တရုတ်ကြီးက “သေဆိုသေ၊ ရှင်ဆိုရှင်” နေရတဲ့အထဲမှာ ကချင်မပါသေးဘူး။ လိုင်ဆာမှာ လောင်းကစားရုံ မရှိတဲ့အတွက် ကချင်တွေထဲမှာ စောချစ်သူလည်း မရှိနိုင်သေးဘူး။ တရုတ်ကိုတောင် အာခံထားတဲ့ ကချင်တွေက မအလလောက်ကို စကားထဲ ထည့်ပြောစရာလားလို့ ရေးထားတာ ဖတ်ရတယ်လို့ ရေးသားနိုင်ပါတယ်။

ဒါကတော့ နွေဦးတော်လှန်ရေး၏ ရေဆန်လှော်ခတ်နေရပုံတွေကို သတင်းခေါင်းစီးတွေ အောက်ကနေ ဖော်ထုတ်ရေးသားကြည့်မှုပဲ ဖြစ်ပါတော့တယ်။

-


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar