Breaking News

ဇင်လင်း - တိုက်ပွဲများ မရပ်နိုင်သမျှ လူ့အခွင့်အရေး ချိုးဖေါက်မှု ပြဿနာများကြောင့် ရွှေပြည်တော်နှင့် ဝေးနေဦးမည်

State Counsellor meets with Shan State officials, celebrates birthday of Bogyoke Aung San with children


ဇင်လင်း - တိုက်ပွဲများ မရပ်နိုင်သမျှ လူ့အခွင့်အရေး ချိုးဖေါက်မှု ပြဿနာများကြောင့် ရွှေပြည်တော်နှင့် ဝေးနေဦးမည်

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် ရှမ်းပြည်နယ် ပင်လုံမြို့၌ တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ ပင်လုံဆွေးနွေးပွဲ ရလဒ်အရ မြန်မာတစ်နိုင်ငံလုံး ပြည်နယ်ပြည်မ မခွဲခြားဘဲ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော ကဏ္ဍ အသီးသီး၌ တန်းတူညီမျှခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် ဒီမိုကရေစီ ပိုင်ခွင့်များကို အပြည့်အဝ အာမခံမည့် ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်ရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။ ထိုသဘောတူညီမှုအရ သမိုင်းဝင်ပင်လုံစာချုပ်ကို ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်မှာ ယခုနှစ်ဆိုလျှင် (၇၃) နှစ်ရှိခဲ့ပြီ ဖြစ်သည်။

၁၉၄၇ ဖေဖေါ်ဝါရီ (၁၂)တွင် ပြုလုပ်ခဲ့သော ̏ ပင်လုံညီလာခံ˝ နှင့် “ပင်လုံသဘောတူညီချက်” ကို အခြေပြု၍ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးကို ရယူခဲ့ကြသည်။ ပင်လုံစာချုပ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူခပ်သိမ်း လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ စည်းဝေးခွင့်၊ တရားမဲ့ဖမ်းဆီး ချုပ်နှောင်မှုများမှ ကင်းလွတ်ခွင့်၊ တန်းတူအခွင့်အရေး ရပိုင်ခွင့်၊ တန်းတူ အလုပ် လုပ်ပိုင်ခွင့်၊ တရားဥပဒေ ၏ အကာအကွယ်ပေးမှုကို တပြေးညီ ရပိုင်ခွင့် အစရှိသော ဒီမိုကရေစီအခွင့်အရေးများကို တန်းတူညီမျှ ခံစားနိုင်ကြစေရန် ဖြစ်သည်။

သို့ရာတွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံ ခဲ့ရသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပင်လုံစိတ်ဓါတ်သည်လည်း ပြိုကွဲခဲ့ရသည်။ ယခုတိုင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းနေရဆဲ ဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၄-နှစ်မြောက် အခမ်းအနားကို နေပြည်တော် MICC 2   ခမ်းမ၌ အောက်တိုဘာ  ၂၈ ရက်က ပြုလုပ်ခဲ့စဉ်  အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာစကား ပြောကြားခဲ့သည်။

“၁၉၄၇ ခုနှစ်၊ (၂၀)ရာစုပင်လုံညီလာခံက အစပြုခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးအိပ်မက်ဟာ ဒီကနေ့ဒီအချိန်အထိ ပြည့်ဝအောင်မြင်နိုင်ခြင်း မရှိသေးပါဘူး။ ကျွန်မတို့ရဲ့ မိဘ၊ ဘိုးဘွားတွေရဲ့မျှော်လင့်ချက်တွေ၊ အိပ်မက်တွေဟာ ဒီကနေ့ ဒီအချိန်မှာ မျိုးဆက်သစ် တိုင်းရင်းသားလူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေဖြစ်လာခဲ့ပါပြီ။ ဒီကနေ့အထိလည်း ပြည်ထောင်စုအိပ်မက်ဟာ အိပ်မက်အဖြစ်ကနေ လက်တွေ့အကောင်အထည် ပေါ်လာဖို့ ကျွန်မတို့ကြိုးပမ်းနေရဆဲ၊ အားထုတ်နေရဆဲပဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး တန်ဖိုးထား၊ အမြတ်တနိုးထားရတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ဆိုတာ ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျွန်မတို့အားလုံးရဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ် ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် အချက်ကို ထောက်ရှုပါက တိုင်းရင်းသားအစုအဖွဲ့အသီးသီး၌ ပြည်ထောင်စုအိပ်မက်ကို ဝိုင်းဝန်းဖေါ်ဆောင်ပေးကြရမည့် သမိုင်း ပေးတာဝန်တစ်ရပ် ရှိနေသည်ကို မမေ့သင့်ပေ။

ယခု ဖေဖေါ်ဝါရီလဆန်းတွင် ကျင်းပခဲ့သော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀”  ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့စဉ်က လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်ပါအတိုင်း နှိုးဆော်ခဲ့သေးသည်။

“ကျွန်မတို့သွေးချင်းလို့ဆိုတဲ့အခါမှာ တူညီတဲ့သွေး၊ တူညီတဲ့သွေးဆိုတာ တကယ်တော့ ကျွန်မတို့သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ သွေးတွေကိုပြောတာ မဟုတ်ပါဘူး။ ကျွန်မတို့စိတ်ထဲကနေ စီးဆင်းနေတဲ့ သွေးကို ပြောတာပါ။ ဆိုလိုချင် တာဟာ စိတ်ထဲက သဘောချင်းဟာတူညီမှ၊ ကျွန်မတို့ဟာ တစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်မှ တကယ့်သွေးရင်းတွေဖြစ် နိုင်မှာပါ။ အကြောထဲမှာ စီးဆင်းနေတဲ့သွေးက ဘယ်လိုပဲတူတူ တစ်စိတ်တည်း တစ်ဝမ်းတည်းမဟုတ်ဘူးဆိုရင် ကျွန်မတို့ ကိုကျွန်မတို့ သွေးချင်းလို့ခေါ်နိုင်မှာ မဟုတ်ပါဘူး။ ဒီပြည်ထောင်စုကြီးကို ကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့ ပြည်ထောင်စု ကြီး ကျွန်မတို့နိုင်ငံဟာ ဘယ်လောက် လှပသလဲ၊ ဘယ်လောက်ကိုတန်ဖိုးထားစရာကောင်းသလဲဆိုတာ မြင်ကြမှာပါ။ စောစောက ‘မငြိမ်းချမ်းလို့မဖြစ်ဘူး’ ဆိုတဲ့ သီချင်းဆိုတဲ့အခါမှာ နောက်ခံပြ သွားတဲ့အကွက်တွေမှာဆိုရင် ကျွန်မတို့နိုင်ငံ ဟာ ဘယ်လိုရှိသလဲဆိုတာ အားလုံးသတိပြုမိမှာဖြစ်ပါတယ်။ သဘာဝတရားဟာ အင်မတန်မှလှပပါတယ်။ ဒါပေမယ့် လည်း ကျွန်မတို့လူတွေဖန်တီးတဲ့ ဒုက္ခတွေကြောင့်မို့လို့ အကျည်းတန်တဲ့အရာတွေလည်း အများကြီးရှိနေပါတယ်။ ဒါတွေဖယ်ရှားဖို့ဆိုတာ ကျွန်မတို့အားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်းနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့လုပ်မှ ဖယ်ရှား နိုင်မှာဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။ 

ဆိုလိုသည်မှာ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရေး (သို့မဟုတ်) အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ် မနေတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  နှိုးဆော်ထားခြင်း ဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် ပြည်ထောင်စုမပြိုကွဲရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို တည်ဆောက်ရာ၌ အပြောမျှဖြင့် မရရှိနိုင်။ လက်တွေ့မြေပြင်တွင် အတူလက်တွဲကြိုးပမ်း တည်ဆောက်ဖို့လိုသည်။ တိုင်းရင်းသား အချင်းချင်းထိတွေ့ဆက်ဆံရာ၌ အပြန်အလှန် ယုံကြည် လေးစာမှုရှိရန် အလွန်အရေးကြီးသည်။ တစ်ဦးနှင့်တစ်ဦး စာနာထောက်ထားမှု ရှိရန်လည်း လိုသည်။ တစ်ဦး၏ အခက်အခဲကို တစ်ဦးကနားလည်ပြီး ကူညီဖြေရှင်းပေးနိုင်ရမည်။ ထို့ပြင် တစ်ဦး၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို တစ်ဦးက လေလေးစားစား လက်ခံပေးနိုင်မှု ရှိမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အရှည်သဖြင့် ခိုင်မြဲ မည်ဆိုသည့် အချက်ကိုလည်း နှလုံးသွင်းတတ်ကြဖို့လိုပေသည်။

 ‘မငြိမ်းချမ်းလို့မဖြစ်ဘူး’ ဆိုသည့် သီချင်းစာသားများတွင် ဖေါ်ပြထားသည့် တိုင်းရင်းသားများ တွေ့ကြုံခံစား နေရသော စစ်ဘေးဒုက္ခများကို ချုပ်ငြိမ်းစေပြီး၊ ငြိမ်းချမ်းသာယာဝပျောသည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် အရေးအကြီးဆုံး ကိစ္စမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA) စာချုပ်အကောင်အထည်ဖော်ရေးဖြစ်သည်။ NCA အကောင်အထည် ပေါ်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း ဆက်လက်ရုပ်လုံးပေါ်လာနိုင်မည်ဖြစ်သည်။

ရှေ့မတိုး နောက်မဆုတ် တစ်ဆို့နေသော NCA လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင် ၁၀ ဖွဲ့ တို့ရန်ကုန်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ဖေဖေါ်ဝါရီ ၂ နှင့် ၃ ရက် နေ့က ဆွေးနွေးပွဲ ကျင်းပခဲ့ရာ သဘောတူညီချက် ၃ ချက်ရရှိခဲ့ကြောင်း မွန်သတင်းအေဂျင်စီသတင်းအရ သိရသည်။ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့(NCA-S EAO) ၏ NCA စာချုပ်အကောင်အထည်ဖော်မှု ညှိနှိုင်းအစည်းအဝေး JICM ဆုံးဖြတ်ချက်များ ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရေး ၂ ရက်တာတရားဝင် အစည်းအဝေးကျင်းပအပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့တစ်ခု ရောက်လာကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းစာရှင်းလင်းပွဲ၌ NCA-S EAO အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောကြားခဲ့သည်။

 “JICM ရဲ့ ဆုံးဖြတ်ချက် ၈ ချက်ကို အကောင်အထည်ဖော်ဖို့အတွက် လမ်းညွှန်ချက်အရ ကျနော်တို့လုပ်ပါတယ်၊ ပြန်ပြီး ကြည့်လိုက်မယ်ဆိုရင် အရွေ့တစ်ခုကို တက်လာတယ်၊ ဒါဆိုလာမယ့် ၁၆ ရက်နေ့မှာ ကျနော်တို့နှစ်ဖက် ပစ်ခတ်တိုက် ခိုက်မှု ဆိုင်ရာအလုပ်အဖွဲ့ နဲ့ ပြန်တွေ့မယ်၊ ၁၇-၁၈ မှာလည်း မူလ ဒီအလုပ်အဖွဲ့နဲ့ပြန်တွေ့မယ်ဆိုရင် ဘုံသဘောတူ ချက် တစ်ခုတော့ရမယ်။ ကျနော်တို့လာမယ့် စတုတ္တအကြိမ်-၂၁ ရာစုပင်လုံ- (UPC) မှာ ပြည်ထောင်စု သဘောတူညီ ချက်စာချုပ်အဆင့် ၃ မှာဆိုရင် အဖြေရလဒ်ကောင်းတစ်ခုထွက်မယ်လို့ မျှော်လင့်ပါတယ်။”ဟု နိုင်အောင်မငေးက ပြောသည်။

“ကျင်းပခဲ့တဲ့  ရှစ်ကြိမ်မြောက် JICM အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ညှိနှိုင်းတဲ့ အစည်း အဝေး ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေ အားလုံး ဘယ်လို အကောင်အထည်ဖော် မလဲဆိုတာ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ သဘောတူညီချက် (၃) ချက်ရပါတယ်။ သဘောတူညီချက် သုံးချက် က တော့ NCA အခန်း (၃) ၊ အခန်း (၄) ၊ အခန်း (၆) နဲ့ ပတ်သက်လို့ နှစ်ဖက် အလုပ်အဖွဲ့တွေ တွေ့ဆုံဖို့ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တွေ့ဖို့သဘောတူပါတယ်။ ပြီးရင် ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ယခုတွေ့ဆုံတဲ့ အလုပ်အဖွဲ့ပဲ ပြန်ပြီးတွေ့မယ်။”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

NCA တွင်ပါဝင်သော ဝေါဟာရများ နှင့် ပတ်သက်၍ ဘုံအဓိပ္ပာယ်ဖွင့်ဆိုချက်များအား JICM အစည်းအဝေး မတိုင်မီ အလုပ်အဖွဲ့များ ဆက်လက်တွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) မကျင်းပမီ အမျိုးသားအဆင့် နိုင်ငံရေး တွေ့ဆုံဆွေနွေးပွဲ National Dialogue မကျင်းပရသေးသည့် NCA-S EAO များ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်နှင့် လူထုတွေ့ဆုံ ပွဲ Public Consultation များ ကျင်းပနိုင်ရန် NCA-S EAO ၏ အဆိုပြုချက်များကို မှတ်တမ်းအဖြစ် ထားရှိခဲ့ကြောင်းလည်း သိရသည်။ အစိုးရငြိမ်းချမ်းရေးအကြံပေး ဦးလှမောင်ရွှေက ယခင် ၂ နှစ်ကြာမျှ Informal နိုင်ငံရေးုဆွေးနွေးပွဲများ ပြုလုပ် ညှိနှိုင်းထားခဲ့သည်။ ယခု ဖေဖေါ်ဝါရီ ၂ နှင့် ၃ ရက် JICM ဆွေးနွေးပွဲသည် တရားဝင် ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။ တရားဝင်ဆွေးနွေးပွဲ အခြေအနေသည် မျှော်လင့်သည်ထက် ပို၍ ချောချောမွေ့မွေ့ရှိသည်ဟုလည်း ဆိုသည်။  နှစ်ဖက်လုံး က အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးခဲ့ကြသဖြင့် ရလဒ်ကောင်းသည်ဟု ဦးလှမောင်ရွှေက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် (၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အရ လာမည့် ဧပြီလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (စတုတ္ထအစည်းအဝေး)တွင် နှစ်ဖက်လက်ခံနိုင်သော ရလဒ်ကောင်းများ ပေါ်ထွက် လာစေရန် လာမည့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာအလုပ်အဖွဲ့ အစည်းအဝေး၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု  ဆိုသည်။

တစ်ချိန်တည်းမှာပင် ကရင်အမျိုးသားများ တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ရရှိ သည်အထိ ပန်းတိုင်သို့ချီတက်သွားကြရန် ၂၀၂၀ ဖေဖော်ဝါရီ ၅ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU ဒူးပလာယာခရိုင်ရုံး ခန်းမဆောင်၌ ကျင်းပသည့် ၇၃ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ အခမ်းအနားတွင် KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက တိုက်တွန်းပြောဆိုကြောင်း KIC သတင်းအရ သိရသည်။ ကရင်တစ်မျိုး သားလုံး စုစည်းညီညွတ်ရေးအတွက် KNU ကိုဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အခြေအနေများက တွန်းပို့ခဲ့သောကြောင့်  ကရင့် တော်လှန်ရေး ဖြစ်ပေါ်လာခဲ့ရကြောင်း၊ ကရင်အမျိုးသားများ တိုးတက်ဖွံ့ဖြိုးရေးနှင့် စည်းလုံးညီညွတ်ရေးကို ဆက် လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ရရှိသည် အထိ ပန်းတိုင်သို့ချီတက်သွားကြရန် တိုက်တွန်းကြောင်း ပဒို စောသမိန်ထွန်းက တိုက်တွန်းပြောကြားခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် -NCA စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ဤအတောအတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေအတွင်း ပြည်သူများ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များသိရှိနိုင်ရေးအတွက် လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်သည်ကို တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး အပါအဝင် တပ်မတော်သား ၅ ဦးက လာရောက်တားမြစ်ခဲ့သည့်အပေါ် ရှုတ်ချကြောင်း ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု မဇ္ဈိမသတင်း၌ ဖေါ်ပြသည်။ 

ဆောထိမြို့နယ်၊ ဘောကထောစခန်းတွင် KNU တပ်ရင်း (၇) မှ ဖေဖော်ဝါရီလ (၄) ရက်နေ့က  လူထုတွေ့ဆုံပွဲ တစ်ရပ် ပြုလုပ်နေစဉ် ခမရ(၁၂၄) တပ်မှ လာရောက်တားမြစ်ခဲ့သည်ဟု ဆိုသည်။ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ JMC အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လူထု နှင့် တွေ့ဆုံမှုကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိသည်ဟု ဆိုသည်။ KNU ၏ သဘောထား ထုတ်ပြန်ကြေညာချက်တွင် တပ်မတော်အနေဖြင့် ယခုကဲ့သို့လုပ်ရပ်သည်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် တားမြစ်ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း နှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု ရလဒ်များနှင့် NCA စာချုပ်ပါ အချက်အလက်များကို တပ်မတော်ဘက်က လိုက်နာမှုမရှိဟု KNU အနေဖြင့် မှတ်ယူကြောင်းလည်း ဖော်ပြထားသည်ဟု  မဇ္ဈိမ သတင်းက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)သည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုး ထားသော NCA-S EAO အဖွဲ့ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်အရ တပ်မတော် အောက်ခြေ အဆင့်ဆင့် အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၏ လုပ်ငန်းစဉ်ကို သိရှိနားလည်မှု အားနည်း၍ လားဟု မေးခွန်းထုတ် စရာဖြစ်သည်။ အထူးသဖြင့် အစိုးရနှင့်သာမက၊ တပ်မတော်နှင့်ပါ နားလည်မှုအရှိဆုံး အဖွဲ့မှာ KNU ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အချင်းချင်းနာလည်မှုလွဲမှားစေမည့် ကိစ္စမျိုး မပေါ်ပေါက်စေရန် ဝိုင်းဝန်း ထိန်းသိမ်းသင့်သည်။

“ဒီနေ့အချိန်အခါဟာ ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်မှု၊ ချစ်ကြည်လေးစားမှု၊ ရိုင်းပင်း ကူညီမှုများ ပိုမို လိုအပ်လာတဲ့ အချိန်အခါ လည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုသားချင်းများ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ လုံ့လဝီရိယ၊ ရိုးသားဖြောင့်မတ်မှု စတဲ့ အရည်အချင်းများ ပိုမိုမြင့်မား၊ ခိုင်မာလာအောင် တည်ဆောက် ရမယ့်အချိန် ဖြစ်ပါတယ်။ ဒါ့အပြင် အချင်းချင်း ရိုင်းပင်းကူညီမှု၊ ချစ်ခင်လေးစားမှုများကို အခြေခံပြီး ငြိမ်းချမ်းရေးကို အရယူ နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေချင်ပါတယ်။”  ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀”  ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည့် နှိုးဆော်စကားကို တပ်မတော်ခေါင်းဆောင်များလည်း သတိပြုသင့်သည်။ 

လက်ရှိအခြေအနေတွင် NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယ အကြိမ်အထိ ကျင်းပ နိုင်ခဲ့သည်။ မူဝါဒ သဘောတူညီချက် ၅၁ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်း (၁) နှင့် (၂) အဖြစ် အစုအဖွဲ့အသီးသီး၏ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ NCA သဘောတူစာချုပ်အရ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲသဘောတူပြီးနောက်၊ “အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ”၊ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း”၊ “ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း” “ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း”၊ “ပြည်ထောင်စု သဘောတူစာချုပ် (Union Accord)” ပါ သဘောတူညီချက်များကို အကောင်အထည်ဖေါ်ခြင်း” အစရှိသော နိုင်ငံရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပေသည်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်ကျင်းပဖြစ် ပါက “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုနိုင်ဖွယ်ရှိ/မရှိ ဟူသော မေးခွန်းတစ်ရပ်လည်းပေါ်ပေါက်နေသည်။ လက်ရှိ စစ်ရေး နိုင်ငံရေးအခြေအနေများအရ ထိုမေးခွန်းအတွက် အဖြေပေးရန်မှ ခက်ခဲနေဆဲဖြစ်သည်ဟု သုံးသပ်မိသည်။

အကြောင်းမှာ  ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ အရှိန်ကျမသွားဘဲ၊ မြင့်တက်လာသဖြင့် ဖြစ်သည်။ စာသင်ကျောင်းပေါ်သို့  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကျောင်းသားကလေးငယ် ၁၉ ဦးဒဏ်ရာရရှိခဲ့သည့် ဘူးသီးတောင် ဖြစ်စဉ် အပေါ်  အလေးအနက် ဆန့်ကျင်ရှုတ်ချကြောင်း Save the Children နှင့်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အပါအဝင် သံရုံးအချို့က  ဖေဖေါ်ဝါရီ ၁၄ တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း 7Day News ၌ ဖေါ်ပြသည်။ ဖေဖော်ဝါရီ ၁၃ ရက် “မြန်မာနိုင်ငံ ကလေးများနေ” တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမွိချောင်း ကျေးရွာရှိ စာသင်ကျောင်း ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၅) နှစ်မှ (၉) နှစ် အရွယ် ကလေးငယ် ၁၉ ဦး  ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ Save the Children အပါအဝင်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံးရုံး၊ ကနေဒါသံရုံးနှင့် ဗြိတိသျှသံရုံးတို့က အသီးသီးသဘော ထားထုတ်ပြန်ခဲ့သည်။ ပဋိပက္ခ ဖြစ်နေသည့် အခြေအနေများထဲ တွင် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မည်သို့သော အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို ရှုတ်ချကြောင်း Save the Children ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး ဒန်ကန်ဟာဗေး က ပြောကြားသည်။

ယင်းသို့သော လူ့အခွင့်အရေးနှင့် ကလေးသူငယ်များဆိုင်ရာအခွင့်အရေးတို့ကို ချိုးဖေါက်မှုများဖြစ်ပေါ်နေခြင်းအတွက် စစ်ပြိုင် ဘက်အသီးသီးတွင် တာဝန်ရှိနေသည်။ ယခုကဲ့သို့  အရပ်သူအရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် စစ်ဆင်ရေးများကြောင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ရုံမျှမက နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချ မှုကိုပါခံနေရပေသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူလူထု၏ ငြိမ်းချမ်းသာယာမှုကို အမှန်တကယ် လိုလားပါက NCA သဘောတူစာချုပ်တွင် အားလုံးပါဝင်နိုင်ရေး အပေးအယူလုပ်ကြရမည်။ ဤနည်းဖြင့်သာ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ အချိန်မှီ ကျင်းပနိုင်မည်။ ညီလာခံ၌ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာ ခြင်းအားဖြင့် နိုင်ငံနှင့် ပြည်သူတို့၏ ငြိမ်းချမ်းရေးဆန္ဒကို ဖြည့်ဆည်းကြဖို့သင့်သည်ဟု သုံးသပ်တိုက်တွန်းအပ်ပေသည်။