Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၄)

News Watch Journal


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၄)

နာဠာဂီရိအား မျက်ရည်ခံထိုးခဲ့ရသော

(မိုးမခ) မတ် ၁၁၊ ၂၀၂၀

(၁၄)

မောင်ကုနဲ့က ရေစက်ဆုံနိုင်လွန်းတယ်လို့ ဆိုရမယ်။ သူ ကျောင်းစရောက်ရောက်ခြင်း သိပ် မခင်သေးဘူး။ ၈၈ အရေးတော်ပုံအပြီး အရေးအခင်းမှာ ပါဝင်တဲ့ သံဃာတွေကို "သင်္ကန်းဝတ်" ဆိုပြီး သတင်းစာ၊ ရေဒီယို၊ တီဗီတို့ကနေ ခေါ် ဝေါ် သုံးနှုံးတာကို မကျေနပ်လို့ မန္တလေးသံဃာတွေစုပြီး တိုက်ဟောင်းထဲမှာ ကန့်ကွက်တဲ့ အခမ်းအနားက စပြီး အတူ တွဲဖြစ်သွားတာ။ တကယ်တန်းက အရေးအခင်းတုန်းက သံဃာက မပါလို့ကို မရဘူး။ အုပ်ချုပ်ရေးက လုံးဝ ပျက်သွားပြီ၊ ကုန်ကုန်ပြောရင် ရဲတပ်ဖွဲ့ပါ သပိတ် စစ်ကြောင်း ထွက်နေပြီ။ ပါတီ ကောင်စီက အကုန် ပြေးပြီ။ ကိုယ့်ရပ်ရွာကို သပိတ်စခန်းနဲ့ ဘုန်းကြီးပေါင်း အုပ်ချုပ်ခဲ့ကြရတာ။ ဒါကို သင်္ကန်းဝတ်လို့ သုံးတယ်။ 

သင်္ကန်းဝတ်ဆိုတာ လူက သင်္ကန်းပတ်ထားတာဆိုတဲ့သဘော၊ တကယ့် အကျင့်သိက္ခာရှိတဲ့ဘုန်းကြီး ရဟန်း မဟုတ်ဘူးပေါ့၊ ဒါက ဖမ်းခိုင်း ထောင်ချခိုင်း ရိုက်ခိုင်း သတ်ခိုင်းရ လွယ်အောင် ဘရိမ်းဝါ့ရှ်လုပ်တာလေ။ အာဏာရှင်သရုပ်တခုပါ့။ အဲဒီ “သင်္ကန်းဝတ်” အသုံး ကန့်ကွက်ဖို့ကို အကြောင်းပြုပြီး လေးပြင်လေးရပ် သံဃာတွေ စုဝေးမိရာကတဆင့် မန္တလေး လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်ပါ ပေါ်လာတာ။ အဲဒီနောက် မစိုးရိမ်နှစ်တိုက်ပေါင်း ဥတ္တမဂျာနယ် ထုတ်ဖို့ပါ ဖြစ်လာတာ။
တကယ်တော့...ရှစ်လေးလုံးအရေးတော်ပုံကြီးထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သံဃာအားလုံးဟာ မဖြစ်သင့်တာ မဖြစ်အောင်၊ မလုပ်သင့်တာတွေ မလုပ်ကြအောင်ဆိုတဲ့သဘောနဲ့ ဝင်ထိန်းကြတာ။ ဒါကို ၈၈ အရေးတော်ပုံကြီးအပြီးမှာ ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ သံဃာအားလုံးကို "သင်္ကန်းဝတ်တွေ" လို့ ရုပ်သံ၊ ရေဒီယို၊ သတင်းစာတွေကနေ ပြောင်ပြောင် တင်းတင်းကြီး စော်ကားလာတယ်။ အဲတော့ ငြိမ်မခံတတ်တဲ့ မန္တလေးသံဃာတွေက တုန့်ပြန်ဘို့ လုပ်ရော။ မစိုးရိမ်တိုက်ဟောင်းမှာ စင်ထိုးပြီး ဟောကြ၊ ပြောကြ၊ ဆွေးနွေးကြတယ်။ ကြွလာလိုက်တဲ့ သံဃာတွေဆိုတာ(၄၀၀၀) ကျော်တယ်။ အဲဒီအချိန်တုန်းက မစိုးရိမ်နှစ်တိုက်ပေါင်းမှ တိုက်ဟောင်းက (၅၀၀)နဲ့ တိုက်သစ်က(၈၀၀)ကျော်ပဲ ရှိသေးတာဆိုတော့ (၁၃၀၀)ကျော်ပဲ ရှိတယ်။ ကျန်တာ တခြားတိုက်တွေကချည်းပဲ။ တက်ရောက်လာတဲ့စာရင်းကို ကြည့်မိတော့ စစ်ကိုင်းတွေ၊ အမရပူရတွေ၊ မတ္တရာမြို့တွေက သံဃာတွေတောင်ပါတာ တွေ့ရတယ်။ 

ပွဲအပြီးမှာ ခိုင်လုံတဲ့စာပေ အထောက်အထားတွေနဲ့ ရေးဘို့ ဘုရားကြီးတိုက် ဓမ္မာဂါရဆရာတော်ရဲ့တပည့် ဦးဝါသဝကို တာဝန်ပေးလိုက်တယ်။ သူက အမှုတွဲတွေ ရေးနေကျလဲဖြစ်၊ ဝိနိစ္ဆယတွေ ရေးပေးနေကျလဲဖြစ်တော့ သူ့ကို တာဝန်ပေးတဲ့သဘော။ 

အချောရိုက်ဘို့ စာကြမ်းလာပြချိန်ကျမှ ဦးဉာဏိက(အခု အမေရိကန်၊ မုဒိတာရွှေကျောင်းဆရာတော်)က အောက်ဆုံးမှာ အထူးမှတ်ချက်အနေနဲ့ ..."ယခု ရေးသားတင်ပြမှုများသည်.. သာမန်အဆင့်မှသည်..သာမန်အဆင့်မျှထက် မပိုသော သာမညပုဂ္ဂိုလ်တို့၏ သြဝါဒအရ ဖြေရှင်းထားသည်မဟုတ်ပဲ (၄၅)ဝါ ကာလပတ်လုံး သံသရာ ရေယဉ်ကြော နစ်မျောနေသော သတ္တဝါအနန္တတို့အား သံသရာမှ လွတ်မြောက်အောင် ပို့ဆောင်ပေးတော်မူခဲ့သော မြတ်ဗုဒ္ဓ၏ ဒေသနာတော် လာသည့်အတိုင်း ဖြေရှင်းတင်ပြထားခြင်းများသာ ဖြစ်ပါသည်ဘုရား" လို့ ရေးလိုက်တယ်။ 

မန္တလေးသံဃာတွေရဲ့တင်ပြစာဟာ အဲဒီအထူးမှတ်ချက်ကြောင့် နိုင်ငံရေး အသက်ဝင်သွားတယ်လို့ ပြောရမယ်။ ဘာပြုလို့တုန်းဆိုတော့ အဲဒီအချိန်က ဒေါ်စုရဲ့ ဟောပြောချက်တခုမှာ "ဘယ်ကိစ္စမဆို စိတ်အားထက်ထက် သန်သန်နဲ့ လုပ်ရင် ရနိုင်တယ်။ ဘုရားရှင်တောင်မှ သာမန်အဆင့်ကနေ ကျိုးစားလို့ ဘုရားဖြစ်သေးတာပဲ" လို့ ပြောလိုက်တာကို အပြည့်အစုံမဖော်ပြပဲ အစိုးရနဲ့ အစိုးရမီဒီယာတွေက "ကြည့်စမ်း..ဘုရားကိုတောင် သာမန်လူလို့ ပြောတယ်။ မိစ္ဆာဒိဋ္ဌိတစ်ယောက်ပဲ၊ ဘာသာမဲ့ပဲ” စသဖြင့် အမနာပ ပြောနေ ရေးနေကြချိန်မှာ ဦးဉာဏိကက ခါတော်မီ အသုံးချ ပစ်လိုက်တာကိုး။

စာအချောလဲ ရိုက်ပြီးရော ဘုန်းကြီးကောနဲ့ ဘုန်းကြီးဦးရာဇနှစ်ပါးကို အရင်ပြတယ်။ ဖတ်ကြည့်ပြီး ဆရာတော်ဦးရာဇက "မင်းတို့စာကို မြို့ပေါ်က ဆရာတော်တွေကို လိုက်ကပ်၊ ဖတ်ခိုင်းပြီး လက်မှတ်ထိုးပေးဘို့ လျှောက်။ အဲဒီ လက်မှတ်ထိုးတွေပါ စာနဲ့ တွဲပြီး တင်လိုက်" လို့ မိန့်တယ်။ စာတင်ပြီး မကြာဘူး၊ အရှေ့ပြင် ဝိဇိတာရုံကျောင်းက ဝိဇိတာရုံဆရာတော်ရဲ့ရှေ့မှာ သာသနာရေးညွှန်ချုပ် ဦးအံ့မောင်က တိုးတိုးတိတ်တိတ် တောင်းပန်တယ်။

မောင်ကုနဲ့အကြောင်း ပြန်ဆက်ရရင် သူနဲ့က အငြိမ့်ပွဲ ဇာတ်ပွဲတွေ၊ စာပေဟောပြောပွဲတွေ သွားတော့လဲ အတူတူ၊ ကျောင်းသားအခမ်းအနားတွေ လိုက်စောင့်ရှောက်တော့လဲ အတူတူ၊ ဂျာနယ်တွေ ထုတ်ပြီး ပွဲစားတန်းတို့ ကျောက်ဝိုင်းတို့မှာ လိုက်ရောင်းကြတော့လဲ အတူတူ၊ သံဃာ့ကိုယ်စားလှယ်ကို အရင်လို ဘုန်းကြီးများကသာ ကျောင်းနေ ရဟန်းတော်အားလုံးအတွက် ရွေးပေးလိုက်တာမျိုးမဟုတ်ဘဲ တပါးချင်းဆီက ကိုယ့်မဲနဲ့ကိုယ် ကိုယ်ကြိုက်တဲ့ကိုယ်စားလှယ်ကို ရွေးချယ်ဖို့ မဲပေးမယ့်သံဃာတွေ အိမ်တော်ရာကို ချီတက် မဲပေးကြတဲ့ပွဲလဲ အတူတူ၊(အဲဒီပွဲမှာ အရွေးချယ်ခံမယ့်ဆရာတော်များ ထွက်ပြေးသွားကြပြီး တခြားမြို့နယ်တွေမှာလဲ အစိုးရနဲ့ ပလဲနံပသင့်တဲ့ဆရာတော်များ ပြုတ်တော့မယ့် အခြေအနေဆိုက်လာတဲ့အတွက် နောင် အော်တိုမစ်တစ် အရွေးခံတဲ့ စနစ်ပေါ်လာ) အဲဒီနောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ တကယ်သံဃာများက မရွေးချယ်ရဘဲ သမ္မုတိဖြစ်နေကြတာနဲ့ပတ်သက်လို့ ဘုရားကြီးအနောက် ၄၅တာကွင်းထဲမှာ အဲဒီတုန်းက ခေတ်စားနေတဲ့ သောင်းကျန်းသူ ဆန့်ကျင်ရှုတ်ချပွဲ စကားလုံးကို ယူပြီး သမ္မုတိဆန့်ကျင်ရှုတ်ချပွဲ လုပ်ခဲ့တာလဲ အတူတူ၊ ကိစ္စတိုင်း သူဘယ်ဆို ကိုယ်ညာ၊ ကိုယ်ညာဆို သူဘယ်။ အင်း ခု ကံဆောင်သပိတ်မှောက်ပွဲအပြီး ထွက်ပြေးကြတော့လဲ အတူတူ။

ပြေးရင်း မင်းကွန်းဆရာတော်ကြီးကျောင်းကို ရောက်သွားကြတယ်။ ရောက်တဲ့နေ့ ညပိုင်း တီဗီအစီအစဉ်မှာ "ဦးကုသလ၊ ဦးလာဘတို့နဲ့ဆက်နွယ်ပြီး မစိုးရိမ်တိုက်သစ်ကို ဝင်ရောက်ရှင်းလင်း" ဆိုတဲ့ သတင်း ကြေငြာတယ်။ သတင်းကြေငြာအပြီး နောက်၂ရက်အကြာမှာတော့ ဆရာတော်ကြီးဆီကို ဦးစောမောင်ကိုယ်တိုင် ရောက်လာပြီး “မလွှဲမရှောင်သာလို့ မြို့ပေါ်က ကျောင်းတိုက်ကြီးတွေကို ဝင်ရကြောင်း” စသဖြင့် လေပြေထိုးပါလေရော။

ဒီအချိန်မှာ ဒေါသတွေ တအားထွက်ပြီး မုန်ယိုနေတဲ့မောင်ကုက ဦးစောမောင်ကို သူသေ ကိုယ်သေ ဓားနဲ့ ဝင်ထိုးပါမယ်တကဲကဲနဲ့ ခါးကြားက ဓားကို ဆွဲထုတ်ပါလေရော။ တကယ်တမ်း လုပ်ကြံမယ်ဆို သူသေကိုယ်သေ လုပ်ကြံလို့ ရတဲ့အနေအထား၊ သံဃာတွေနဲ့ သူတို့ပဲ ရှိကြတာ၊ နောက်ပြီး သူတို့က သပိတ်ကို မြို့ပေါ်သံဃာတွေပဲ မှောက်ကြပြီး မိုးမိတ်မှာ နေတဲ့ သံဃာတွေက သဘောမတူဘူးလို့ ထင်နေကြတာ၊ လုံခြုံရေးကလဲ ခပ်ရော့ရော့။

မစိုးရိမ်နှစ်တိုက်ကနေ နိကာယ်ကျက်နေတဲ့ နောင်တော်ကြီးတွေရော၊ တောင်ငူ မြစည်းခုံစာသင်တိုက်ကနေ လာပြီး နိကာယ်ကျက်နေကြတဲ့ နောင်တော်ကြီးတွေကပါ မောင်ကုကို ဝိုင်းချုပ် မျက်ရည်ခံထိုးပြီး "ဒီမှာ ညီလေး၊ ညီလေးတို့တတွေ ညီညီညွတ်ညွတ်နဲ့ လုပ်ကြတဲ့ပွဲကို အကိုကြီးတို့ကိုယ်တိုင် မတက်ရောက် မပါဝင်ရလို့ သဘော မတူဘူး၊ ဒီလိုစိတ် မရှိဘူး ထင်နေလား၊ တကယ်တော့ ငါ့ညီတို့ လုပ်တဲ့ သတင်းတွေကို မပြတ်နားထောင်ပြီး ငါတို့ကိုယ်စား အားလုံးအတွက် ငါ့ ညီလေးတွေ တက်တက်ကြွကြွ လုပ်နေကြပါလားဆိုပြီး ဝမ်းသာပီတိ ဖြစ်နေရတာပါညီလေးရာ။ နောက်တခုက "ဒီဆရာတော်ကြီးဆိုတာ ဗမာပြည်တင်မက ကမ္ဘာကပါ လေးစားကြည်ညို တန်ဘိုးထားရတဲ့ဆရာတော်ကြီး၊ ဒီလို ဆရာတော်ကြီး သီတင်းသုံးတဲ့နေရာမှာ သွေးမြေကျအောင် လုပ်လိုက်ရင် ငါ့ညီရဲ့သမိုင်းဟာ ဘယ်လိုမှ လှပနိုင်တော့မှာ မဟုတ်ဘူး" ဆိုပြီး နားချ မျက်ရည်ခံထိုးတော့မှ ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ ဖြစ်ပြီး လက်ထဲကဓားကို နောင်တော်ကြီးတွေဆီ အပ်လိုက်ပါတော့တယ်။

နောက်တနေ့ကျ ဦးသောင်းထွန်း(ရုံးသာရပ်ထဲက မောင်ကု ဆွမ်းခံအိမ်၊ ပြေးဖို့နေရာ၊ ပြေးတဲ့ ခရီးစဉ်တလျှောက် ငွေကြေးနဲ့ သတင်းအချက်အလက်ကစ မပြတ်တမ်းပေးပို့စောင့်ရှောက်သူ) ရောက်လာပြီး ဦးဇင်းတို့ နေရာ ပြောင်းကြတော့၊ သတင်းပေါက်သွားပြီလို့လဲ ပြောရော နာဠာဂီရိကြီး မိုးမွန်အောင် ဆဲတော့တာပဲ။ ဘယ်သူ့ကို ဆဲရမှာလဲ၊ ရုပ်ဆိုးသလောက် သဘောကောင်း စိတ်ထားကောင်းမိတဲ့ ကိုယ့်ကိုပေါ့။ ဖြစ်ပုံက ဦးစောမောင် လာမယ်ဆိုလို့ မနက်လေးနာရီလောက်ထဲက ကင်းစောင့်နေတဲ့ စစ်သားလေးတွေကို ဗိုက်ဆာနေရှာမှာပဲဆိုပြီး ငှက်ပျောဖီးတွေ သွားပေးမိတဲ့အဖြစ်ရယ်၊ ထောက်လှမ်းရေးက အသွင်ပြောင်းပြီး သူတောင်းစားယောင်ဆောင်ထားတဲ့သူကို ငှက်ပျောသီးတွေ သွားပေးမိတဲ့ကိစ္စရယ်ကြောင့်ပါ။ အဲဒါ ပြီးတော့ ဣန္ဒစာရက သူ့နာမည် မပေါက်ဘူး၊ ဒီမှာလဲ မလုံခြုံဘူးဆိုပြီး ပြန်သွားတယ်။