Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ ၆



လှကျော်ဇော - ဝူဟန့်မှပုံပြင်များ ၆

(မိုုုုုုးမခ) မတ််၂၇၊ ၂၀၂၀

ယူရမယ့်သင်ခန်းစာများ


ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ်က (WHO) ဖေဖော်ဝါရီ (၁၂) ရက်နေ့က ပြုလုပ်တဲ့ ဖိုရမ်တခုမှ ာသတင်းထောက်တယောက်က 'တရုတ်အစိုးရအနေနဲ့ သူတို့ကိုချီးကျူးပေးဖို့ ခင်ဗျားတို့အဖွဲ့ကို တိုက်တွန်းခဲ့သလား' ... လို့မေးပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတီထရောစ့် D.G.Dr.Tedros Adhanom Ghebreyesus. က အေးအေးဆေးဆေးနဲ့ ဒီလို ပြန်ဖြေခဲ့ပါတယ်။-

အကောင်းတွေအမှန်တွေ လုပ်ဆောင်တဲ့တိုင်းပြည်တွေအပေါ် အသိအမှတ်ပြု ပြောဆိုမှုများဟာ အကျိုး (၂) ခု ရှိပါတယ်။
(၁) သူတို့လုပ်နေတဲ့အလုပ်ကောင်းတွေ ဆက်လုပ်အောင် အားပေးကူညီနိုင်တယ်။
(၂) အဲဒီအကျိုးသက်ရောက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေကို တခြားနိုင်ငံတွေက လေ့လာလုပ်ဆောင်နိုင်တယ် ... တဲ့။

သူကတနေရာမှာလည်း ဒီလိုပြောဘူးပါတယ်။

တရုတ်က အတွေ့အကြုံတွေကို ကျွန်တော်တို့တွေ့ရတာ တကယ်လေးစားဖို့ကောင်းတယ်။ တရုတ်ရဲ့ ဒီဗိုင်းရပ်ပိုး ထိန်းချုပ်နိုင်မှုဟာ အစိုးရရဲ့ ခိုင်မာအားကောင်းတဲ့ ပိုင်းဖြတ်မှုရှိတဲ့ ခေါင်းဆောင်မှုကိုရော၊
လူထုရဲ့ ပြတ်ပြတ်သားသားထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာရော အမှတ်ပေး ရမှာပါ ... တဲ့။

ဒါ့အပြင် တရုတ်တွေဟာ အခုအသစ်တွေ့ရှိတဲံ ကိုရိုနာဗိုင်းရပ်ပိုးကို မြန်မြန်ဆန်ဆန် ဖော်ထုတ်လိုက်နိုင်ရုံမက (identify) အဲဒီဗိုင်းရပ်ရဲ့မျိုးဗီဇအနေအထား (genorm sequence) ကိုပါ ဖော်ထုတ်လိုက်နိုင်ပြီး မိမိတို့ရဲ့ တွေ့ရှိချက်တွေကို ကမ္ဘာကို မျှဝေပေးခဲ့ပါတယ်။ ဒီအတွက် တခြားနိုင်ငံတွေအနေနဲ့ ဒီရောဂါပိုးကို ကာကွယ်ရေး၊ စစ်ဆေး အကဲဖြတ်ရေးနဲ့ ကုသရေးလုပ်ငန်း စတာတွေအတွက် အချိန်မီ ပြင်ဆင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒါတွေဟာ တကမ္ဘာလုံးအတွက် အလွန် အရေးပါတဲ့အချက်ပါ ... တဲ့။

သူပြောတာ လက်တွေ့နဲ့ ကိုက်ညီပါတယ်။ သိပွံပညာရှင်တွေဟာ လက်တွေ့ဝါဒီတွေကိုး။

တရုတ်ဗဟိုရုပ်မြင်သံကြားဌာနက (www.cgtn.com) မတ်လဆန်းလောက်ကစပြီး (တရုတ်ပြည်အနေနဲ့ ဒီဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေးမှာ အပေါ်စီးရလာချိန်မှာ) အစီအစဉ်တခု လုပ်ဆောင်ပါတယ်။ အဲဒါကတော့ ဝူဟန့်က ရှေ့တန်းမှာ တာဝန်ယူခဲ့ကြတဲ့တရုတ်ဆေးပညာရှင်များနဲ့ တခြားနိုင်ငံကဆေးပညာရှင်များအကြား အင်တာနက်အဆက်အသွယ်များကနေ မိမိတို့ရဲ့အတွေ့အကြုံတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်တဲ့အစီအစဉ်ပါ။ တရုတ်ဆေးဝန်ထမ်းတွေရဲ့ ပြောဆိုချက်တွေကို တခြားနိုင်ငံကဆရာဝန်များက သိပ်အလေးထားတာတွေ့ရပြီး တောင်ကိုးရီးယား ဂျပန်နဲ့ စင်ကာပူပညာရှင်များ ပြောဆိုသွားရာမှာ တသံတည်းထွက်ခဲ့တဲ့ အကြောင်းအရာကတော့ ...

တရုတ်တွေရဲ့ ဗိုင်းရပ်ပိုးမျိုးဗီဇကို မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးလိုက်လို့ သူတို့အနေနဲ့ ရောဂါစစ်ဆေးတဲ့ (diagnostic kits) ဆေးတွေ အများအပြား အချိန်မီထုတ်ထားနိုင်ခဲ့တာပါတဲ့။ ဒီရောဂါတွေ သူတို့နိုင်ငံမှာဖြစ်ပေါ်လာတဲ့အချိန် သံသယလူနာအများအပြားကို တပြိုင်နက်စစ်ဆေးနိုင်ခဲ့ပြီး ပိုးတွေ့လူနာများကို စောစောစီးစီ ခွဲခြားထားလိုက်နိုင်တာကြောင့် သူတို့နိုင်ငံက ဒီရောဂါကို အချိန်မီကန့်သတ်နိုင်ခဲ့တယ် ... ဆိုတာပါပဲ။

တရုတ်အစိုးရရဲ့လုပ်ဆောင်ချက်တွေကို အစောပိုင်း နိုင်ငံအချို့က မထောက်ခံရုံမက  အာဏာရှင်နိုင်ငံက အာဏာရှင်လုပ်ဟန်တို့၊ လူ့အခွင့်အရေးချိုးဖောက်မှု စသဖြင့် အမနာပပြောခဲ့ကြတာပါ။

နိုင်ငံရေးစနစ်တွေ မတူတဲ့အတွက် တခြားနိုင်ငံတွေက လိုက်မလုပ်နိုင်ဘူးလို့လည်း ဆိုခဲ့ကြပါတယ်။

တကယ်တော့ ဘယ်အစိုးရပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်တမ်း ဦးတည်လုပ်ဆောင်လာခဲ့ရင် ပြည်သူတွေကလည်း မိမိအတွက်အကျိုးရှိမယ်လို့ ယုံကြည်ရင် အစိုးရရဲ့တောင်းဆိုချက်တွေကိုလိုက်နာပါတယ်။

အခုကြုံတွေနေရတာက ကမ္ဘာကြီးတခုလုံးရဲ့ရန်သူသစ် ကပ်ရောဂါဗိုင်းရပ်ပိုးပါ။ လူသားတရပ်လုံး စည်းလုံးညီည့တ်စွာ ပူးပေါင်းတိုက်ခိုက်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်ဒီစစ်ပွဲကို နိုင်အောင်တိုက်နိုင်တဲ့ တရုတ်ကိုတခြားနိုင်ငံတွေက မော်ကြည့်လာရရတာပါ။ ကမ္ဘာရွာဖြစ်လာနေတဲ့ခေတ်ကြီးမှာ ကမ္ဘာ့ကပ်ရောဂါကြီးက လူတိုင်းကို ခြိမ်းခြောက်နေပါတယ်။

အရေးကြီးပြီသွေးစည်းကြပါစို့၊။

လှကျော်ဇော။
၂၅-၃-၂၀၂၀။