Breaking News

ညိုထက်ညို - အသိစိတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု

burmese.voanews.com
အသိစိတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု
ညိုထက်ညို
(မိုးမခ) မတ် ၂၅၊ ၂၀၂၀
ခုနလေးကပဲ ရင်တော်တော်မောစရာ ရုပ်သံ အပိုင်းအစလေးတစ်ခု ကြည့်လိုက်ရတယ်....
သိကြတဲ့အတိုင်း ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းမှာအလုပ်လုပ်နေတဲ့ ကျွန်တော်တို့ မြန်မာအလုပ် သမားတွေ လူဦးရေသောင်းချီပြီး နယ်စပ်ကနေ ပြည်တော်ပြန်ဝင်လာတယ်... တကယ်နည်းမှန်လမ်းမှန်ဆိုရင်တော့ ဒီလူတွေ အားလုံးကို အခု လေဆိပ်ကပြန်လာတဲ့လူတွေလို သီးသန့်ခွဲထားပြီးပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုဗစ်ကို စစ်တာပဲ ဖြစ်ဖြစ်လုပ်ဖို့ပဲရှိတော့တာကိုး... ဒါပေမဲ့ ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းမှ မရှိတာကပဲ... ဒီတော့ ဘာဖြစ်လဲ... ကိုယ်လုပ်နိုင်တဲ့ ကိုယ်ပူချိန်လေးပဲတိုင်းပြီး ကိုယ့်အိမ်ကိုယ့်ရာပြန်ရောက်ရင် မိသားစုနဲ့ခွဲပြီး ၁၄ ရက်နေပြီး ကိုယ့်ကိုယ်ကိုယ် သတိပြုစောင့်ကြည့်ဖို့မှာပြီး ပြန်လွှတ်ရတော့တာပါပဲ။
အဲဒီမှာ ကျွန်တော်ကြည့်ရတဲ့ ရုပ်သံအပိုင်းကလေးမှာ သတင်းထောက်က နယ်စပ်ကပြန်လာတဲ့သူ တစ်ယောက်ရဲ့ အမေကို မေးတယ်... အိမ်ကို အဲဒီနယ်စပ်ကပြန်လာတဲ့သူပြန်ရောက်ရင် ဘယ်လိုနေမလဲပေါ့... မိသားစုနဲ့ တူတူနေမှာလား၊ ခွဲပြီး ၁၄ ရက် နေမှာလားပေါ့... အဲဒီမှာ အမျိုးသမီးကြီး ပြန်ဖြေပုံက ပြန်လာတဲ့သူက ရောဂါဖြစ်လို့ ပြန်လာတာမှမဟုတ်ဘဲတဲ့၊ ထိုင်းမှာရောဂါတွေဖြစ်နေလို့ ကိုယ့်အိမ်ကိုယ်ပြန်လာတာပဲတဲ့... မိသားစုနဲ့ပဲ နေမှာပေါ့တဲ့... ဘာလို့ ခွဲနေရမလဲတဲ့။
ကျွန်တော်ဖြင့် တစ်ခါတည်း ပက်လက်ကိုလန်တာပါပဲ။ ပြဿနာက သတင်းထောက်ရဲ့အမေးကိုပြန်ဖြေတဲ့ အမျိုးသမီးကြီးမှာ ဒီရောဂါနဲ့ပတ်သက်တဲ့ ဗဟုသုတရှိမနေဘူး ဖြစ်နေတာ။ ရောဂါလက္ခဏာ မပြသေးပေမယ့် ရောဂါရှိနေနိုင်တာ၊ ကိုယ်နဲ့ အတူနေတဲ့ သူတွေကို ကူးစက်နိုင်တာ ဒါတွေ ဘာတစ်ခုမှသူမသိဘဲ ဖြစ်နေတာပဲ။ နောက်တစ်ဖက်က ပြန်ပြောရရင် သူသိအောင်လည်း သက်ဆိုင်ရာတွေဘက်က ဘာမှလုပ်မပေးနိုင်သေးတာကို ပြနေတာပဲ။
ဒါက မသိတဲ့ဘက်ကို ရေးတာ။ သိနေပါလျက်နဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ခွဲမနေဘဲခွဲနေတဲ့ ဒုက္ခကို မခံဘဲမဖြစ်ပါဘူးကွာရပါတယ်ဆိုပြီး ခွဲမနေတဲ့သူတွေလည်း ဒီလူသောင်းချိထဲမှာ ဒုနဲ့ဒေးရှိလိမ့်မယ်ဆိုတာ ယုံ မှားသံသယရှိစရာမလိုဘူးလို့ ကျွန်တော် ထင်တယ်။
ကျွန်တော်တို့ ရန်ကုန်မှာဆို နှစ်ပေါင်းများစွာရှိပြီပဲ။ နှစ်သစ်ကူးပြီဆို အင်းလျားကန်စောင်းမှာ မနက်သုံးလေးနာရီလောက် လူတွေပြန်သွားပြီးတဲ့အချိန်မှာ ရိုက်ထားတဲ့ပုံတွေတက်လာပါလိမ့်မယ်။ စည်းကမ်းမဲ့ လမ်းမှာပစ်သွားခဲ့တဲ့အမှိုက်တွေမှ ကားနဲ့ပါတိုက်ရမယ့်အဆင့် ရှိတယ်။ တစ်နှစ်လာလည်း ဒီဓာတ်ပုံ နောက်တစ်နှစ်လာလည်း ဒီဓာတ်ပုံ၊ တစ်ခါတလေ တူလွန်းလို့ မနှစ်ကဓာတ်ပုံလားတောင် ထင်ရတယ်။ အမှိုက်ကောက်တဲ့အဖွဲ့တွေလည်း ကောက်ပါတယ်။ ကောက်ကြလေ ကြိုက်သလောက်ကောက်ကြ၊ အီဖေကိုယ် တို့က အပစ်ချည်းပဲတစ်လိုင်း။ တကယ်ဆို ကျွန်တော်တို့လမ်းပေါ် အမှိုက်မပစ်ဖို့ ဆော်သြနေတာ နှစ်မနည်းတော့တဲ့အဆင့် ရှိနေပါပြီ။ ဒါပေမဲ့ စိတ်ဖြေလို့ရရုံလောက်တောင် ခုထိမအောင်မြင်သေးတာကိုတွေ့ရတယ်။
ဆိုလိုတာက ကျွန်တော်တို့ရဲ့ရောဂါဟာ အရိုးစွဲနေပါပြီ။ ရန်ကုန်လိုမြို့ကြီးမှာ ခုထိ စားသောက်ဆိုင်မှာ စတိုးဆိုင်မှာ တန်းစီရကောင်းမှန်းမသိသေးတဲ့သူတွေ ဒုနဲ့ဒေး။ ဗိုလ်အောင်ကျော်လမ်းက ဂျေဒိုးနပ်ဖြစ်စေ အခြား အလားတူ ဆိုင်မျိုးတွေရောက်တိုင်း ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောတာကို ကျွန်တော် အမြဲသတိရတယ်။ တန်းစီမလို့ ကျူတန်းကိုရှာလိုက်ရင် ကျူတန်းဘယ်တော့မှမရှိ၊ ကိုယ့်ရှေ့က လူမှန်သမျှ ကောင်တာရှေ့မှာ အလျားလိုက်ကြီးတွေ မတ်တပ်ရပ်ပြီး မှာနေကြတယ်။ ကောင်တာနောက်က ကောင်မလေးတွေခမျာ ဘယ်သူ့အရင် ဆောင်ရွက်ပေးလို့ ဆောင်ရွက်ပေးရမှန်းမသိ၊ အဲဒါနဲ့ သူတို့ နောက်မှာရပ်ရင်း ကျွန် တော်ကြည့်နေတုန်း ကျွန်တော့် နောက်မှရောက်လာသူ တန်းစီရကောင်းမှန်းမသိသူ ချာတိတ် ချာတိတ်မ တစ်ယောက်ယောက်ဟာ ကျွန်တော့်ကိုကျော်ပြီး ကောင်တာရှေ့က လွတ်နေတဲ့နေရာတစ်နေရာရာကိုသွားပြီး မှာဖို့လုပ်တာ ကြုံရတာမှ ဘယ်အခါရောက်ရောက် ပြောရမယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ရောဂါဟာ 'ကျွမ်း' တဲ့ အဆင့်ကိုရောက်နေပြီ လို့ ပြောရမယ်။
ဒီလို အခြေအနေ မျိုးမှာ ခုနက နယ်စပ်က ပြန်ဝင်လာသူ လူသောင်းချီထဲက အခြေခံ ဗဟုသုတမရှိလို့ လုပ်ရကောင်းမှန်း မသိလို့ ဖြစ်စေ၊ သိပါလျက်နဲ့ အလုပ်ရှုပ်မခံလို ဒုက္ခမခံလိုလို့ဖြစ်စေ ၁၄ ရက်လုပ်ရမယ့်ဟာ မလုပ်ဘဲ ဒီတိုင်းနေလိုက်မယ့်သူဟာ ဒုနဲ့ဒေးအဆင့်ရှိလိမ့်မယ်လို့ ကောက်ချက်ဆွဲလို့ရမယ်ထင်ပါတယ်။
ဒီတိုင်း မေတ္တာရပ်ခံရုံ လောက်နဲ့တော့ အလုပ်မဖြစ်တော့တာ နှစ်တိုင်း အင်းလျားကန်ဘောင်ပေါ်က အမှိုက်တွေက သက်သေပြခဲ့ပြီးပြီပဲ။ အခုဒီကိစ္စမှာလည်း ရပ်ရွာအာဏာပိုင်တွေနဲ့ပါ ကြပ်မတ်ပြီးလုပ်မှပဲ စိတ် ကျေနပ်လောက်စရာမရှိနိုင်ပေမယ့် ထိရောက်တန်သလောက် ထိရောက်နိုင်မယ်ဆိုတာ ရှင်းနေပါတယ်။ 

ဒါပေမဲ့ အဲဒီလိုကြပ်မတ်ပြီးလုပ်ဖို့ ကျွန်တော်တို့မှာ အင်အားရှိမရှိက ရှိသေးတယ်။ အာဏာ ရှိမရှိက ရှိသေးတယ်၊ ကာယကံရှင်ရဲ့ လိုလိုလားလား ကိုယ့်အသိစိတ်ဓာတ် နဲ့ ကိုယ် ပူးပေါင်းဆောင်ရွက်မှု ရှိမရှိက ရှိသေးတယ်။ ဗမာ့ထုံးစံ ဦးနင်းပဲ့ထောင်မယ် ပဲ့နင်းဦးထောင်မယ်။ 
နောက်ဆုံးတော့လည်း သဗ္ဗေသတ္တာ ကမ္မသကာပါပဲ။ ။