Breaking News

မေငြိမ်း - တွေ့ကြဦးစို့နော်

Than Htay Maung


မေငြိမ်း - တွေ့ကြဦးစို့နော်

(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၀

ပထမတော့ အကြောက်ဟာ ကိုယ်နဲ့ခပ်လှမ်းလှမ်းမှာလိုပဲ… ဒါပေမဲ့ ခုတော့ ကိုယ့်နားနားကို သိပ် ကပ် ကပ်လာသလိုပဲ… တနေ့က အစ်မ မအိ (ဆရာမောင်သာရဇနီး) ဒီကပ်ရောဂါမှာ ပါသွားရှာပြီလို့ သိရ တော့ ပိုဆိုးတော့တာပေါ့။

+++++

တကယ်တမ်း ပေါ့ပေါ့ပါးပါးပုံတွေ တင်ပြီး ပေါ့ပေါ့ပါးပါးနေနေပေမဲ့ ကျမ ဘယ်လောက် စိတ်ဖိစီးနေ တယ်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပါ။ ရာကျော်က ခုထိအလုပ်သွားနေရတုန်း… သူတို့အလုပ်က Essential work လို့ သတ်မှတ်ခံရတဲ့အလုပ်… သူ့အလုပ်က တနေ့တနေ့ နေရာအနှံ့ သွားနေရတာ… ဘယ်လောက် သူတို့ ကိုယ့်ဘာသာ ဂရုစိုက်ပါစေ.. တနေကုန်အလုပ်မှာ .. အပြင်မှာ တချက်တလေ တော့ လစ်ဟာသွားတတ်တာပဲ မဟုတ်လား.. အဲဒီအခါ…. နောက်ဆက်တွဲတွေက ဘာလဲ…..

++++

သားကြီးက ခု ကျမတို့နဲ့ အတူတူမနေဘူး.. ဒါပေမဲ့ သူက သူ့ကိုယ်သူ သိပ် ဂရုစိုက်တာမို့ သူ့အတွက်က စားရေးသောက်ရေးခက်မှာပဲ စိတ်မကောင်းဖြစ်စရာရှိတယ်။ ဒါကလည်း ကိုယ်က သူ့ဆီသွားပို့လို့ ရသေး တယ်။ ပြီးတော့ အငယ်နှစ်ယောက်က အိမ်မှာမို့ ကျမ ဂရုစိုက်လို့ရတယ်။ ကျမအလုပ်ကလည်း တချိန်လုံး အိမ်ကနေ လုပ်ရုံမို့ ကိုယ့်ကိုယ်ကိုသာ ကျန်းမာရေး ဂရုစိုက်ရုံ…
ဒါပေမဲ့ အပြင်က ပြန်လာမယ့် ရာကျော် နဲ့ အိမ်သေးသေးလေးထဲ မိသားစုတွေ….
ဘယ်လောက်ခြောက်ချားစရာကောင်းလဲ…

အဲလို အခြေအနေက ဘယ်လောက်ကြာမလဲ … ဆေးမတွေ့မချင်း အနည်းဆုံး တစ်နှစ်လို့ ကျွမ်းကျင် သူတွေက ပြောပြီး သားပါ။ ဆေးတွေ့တော့ရော တကမ္ဘာလုံးစာ အလုံအလောက် ဝုန်းကနဲ ဖြန့်နိုင်ဖို့ ဖြစ်နိုင်ပါ့မလား။ ကဲ ဒါဆို အဲဒီ စောင့်ဆိုင်းရမယ့် ကာလကို တကယ်ပဲ မိသားစုအားလုံး ဘေးမသီ ရန်မခ ဖြတ်သွား နိုင်မလား။

အဲလိုတွေ ပူနေရ.. စိတ်ဖိစီးနေရတာ ကျမတစ်ယောက်တည်းလား… ဘယ်ဟုတ်ပါ့မလဲ… လူတိုင်း အယောက်တိုင်းလိုလို…။ ဆေးရုံမှာ ရှေ့တန်းထွက် အလုပ်လုပ်နေရတဲ့သူတွေရဲ့ မိသားစုတွေဆို ကျမထက် ၃ ဆ လောက် ပို ပူကြမှာပေါ့။ ဒါ့ထက်ပိုဆိုးတာက ကျမတို့ကမှ ဒီရောဂါအတွက်ပဲ ပူရတာ.. တနေ့လုပ်မှ တနေ့စားရတဲ့ လက်လုပ်လက်စားတွေခမျာ… စား သောက် နေထိုင်ရေးပါ ပူကြရတာ။ ပြီးတော့ စစ်ဖြစ်နေတဲ့ အရပ်တွေဆီက ဒုက္ခသည်တွေ…။ ဘယ်လောက် ဒုက္ခကြီး လိုက်ကြမလဲ။ ဖိုးသူတော်နဲ့ တောင်ဝှေး အတူတူ လဲကြချိန်….

အဲဒါကလည်း စိတ်ဝေဒနာကပ်ပေပဲ။ ဘယ်သူမှ သိပ်မကြောက်ကြခင်ကတည်းက ကျမက ကြောက်နှင့်နေတာ… ကြောက်လွန်းတော့ သြဇီ က မောင်မောင်ဇော်လတ် နဲ့ နီလာ့ဆီတောင် ဖုန်းခေါ်ပြီးပြောတဲ့အထိ။ ဘယ်သူ့ကို အပူမျှရမလဲ စဉ်းစားပြီး အနောက်ဘက်ခြမ်းဆီက မိုးမခ မောင်ရစ်ဆီ ဖုန်းခေါ်လိုခေါ်.. ရန်ကုန်က ခင်မင်းဇော်ဆီ ဖုန်းတွေခေါ်.. အဲလိုတွေဖြစ်တာ။

တကယ်တော့ ကျမတို့ ဘယ်လောက် ဂရုစိုက်ပါစေ.. အလစ်ချောင်းနေတဲ့ ဒီကောင်က ဖျတ်ကနဲ ဝင်လာနိုင်တာ.. အားနည်းတဲ့သူက သူ့အတိုက်အခိုက်မှာ ထိ မှာ။ ထိပြီဆိုရင်လည်း တိုက်ပွဲကျ မသွားအောင် အလူးအလဲ ခုခံရဦးမှာ။ အနိုင်အရှုံးလည်း ဘယ်သူမှ မမြင်နိုင်တဲ့ တိုက်ပွဲ။

+++++

ကျမရဲ့ Messenger Box ထဲမှာ သတင်းမေးကြ… ဆုတောင်းပေးကြ.. သတင်းပေးကြတဲ့ သူငယ်ချင်းတွေနဲ့ အပြည့်။ တစ်ယောက်ချင်းစီ သတင်းမပြန်နိုင်လေတော့ ကျမရဲ့ လက်ရှိ အခြေအနေလေးကို ခုလို ပြောပြဖြစ်တာပါပဲ။

ခုထိတော့ မနက်တိုင်း ရာကျော်အလုပ်သွားပြီဆိုရင် အိမ်မှာ ပရိတ်ကြီး ၁၁ သုတ်ကို နာယူရင်း ၇ရက်သားသမီး အတွက် ရည်စူးမေတ္တာပို့… ရတဲ့အချိန်လေးတွေမှာ စာဖတ်.. အလုပ်ချိန်တွေထဲမှာ အတန်းအတွက် ပြင်ဆင်.. ကျောင်းသူ ကျောင်းသားတွေနဲ့ သင်ကြားရေးထဲ အာရုံစိုက်.. ညနေ အတန်းပြီးချိန်တွေမှာ မီးဖိုချောင်ဝင်.. ခြံထဲဆင်း.. လမ်းလျှောက်ထွက်ရင်း… ကြုံခွင့်ရနေသေးတဲ့ နေ့ရက်တွေထဲ အတတ်နိုင်ဆုံး အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေကြောင်း။

++++
တွေ့ ကြ ဦး စို့ နော်….