Breaking News

နေသွင်ညိဏ်း - ကိုဗစ် ၁၉ သချင်္ာ

ကိုဗစ် ၁၉ သချင်္ာ
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၀

မြန်မာပြည်မှာ လူနာ ၄၀ နီးပါးမှာ ၄ ယောက်သေလို့ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်း ရှိတယ်။ ဒါဟာ တခြား နိုင်ငံတွေထက် သေနှုန်းမြင့်တယ်လို့တွက်ချက်ပြီး ပြောနေတာတွေကို တွေ့ရပါတယ်။ ဒီလို ဟုတ်သလားဆိုတော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမယ့် ဒီလို အတိအကျ မဟုတ်ပါဘူး။

ဒါဟာ ကိုဗစ် ၁၉ ရဲ့ ထူးခြားချက်များစွာထဲက တစ်ခုသာ ဖြစ်ပါတယ်။

ဒီလို တွက်ချက်ရင် မြန်မာပြည်မှာ ၃၉ ယောက်ပဲ ကူးစက်ခံထားရတယ်လို့ အမှန်တကယ် ယူဆပါသလား။ ဖြေပေးပါ။ ဒါဆိုရင် လူဘယ်လောက်ကို ကူးစက်ထားလဲ။ ဘယ်သူမှ မသိပါဘူး။ ဆိုကြပါစို့၊ လူ ၁၀၀ ကို ကူးစက်ထားပြီး လူ ၄၀ နီးပါးပဲ စမ်းသပ် တွေ့ရှိ။ လူ ၄၀ ကို ဆေးရုံတင်၊ ဒီထဲက ၄ ယောက် သေတယ်ဆိုရင် ရာခိုင်နှုန်းက ဘယ်လို ဖြစ်မလဲ။ ဆိိုလိုတာက ကူးစက်ခံထားရတဲ့ လူပေါင်း ၉၆ ယောက်ဟာ အသက်ရှင်နေသေးတယ်။ ဒါဆိုရင် ၁၀ ရာခိုင်နှုန်းလို့ ပြောမလား၊ ၄ ရာခိုင်နှုန်းလို့ ပြောမလား။ ဒီရောဂါက ကူးစက်ခံထားရရင်တောင် လက္ခဏာမပြတဲ့အတွက် လူဘယ်လောက်ကူးထားလဲ သိဖို့ သိပ်ခက်ပါတယ်။ မြန်မာပြည်အနေနဲ့ အရင်က နေ့စဉ် ဆယ်ဂဏန်းလောက် စမ်းသပ်နေရာကနေ အခု ၃၀၀ နီးပါး လောက် ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင် နေ့စဉ် တွေ့တာတွေ ပိုများလာ ဖြစ်ပါတယ်။ ဒါဟာ ကြောက်စရာ မဟုတ်ပါဘူး။ အရှိတရားကို ရင်ဆိုင်ဖို့ လိုပါတယ်။ လူနာများများတွေ့လေလေ သေနှုန်းရာခိုင်နှုန်းက ကျသွားလေလေပါပဲ။ ဒါကြောင့် များများ စစ်ဆေးနိုင်တဲ့ နိုင်ငံတွေဟာ နည်းနည်းစစ်နိုင်တဲ့ နိုင်ငံတွေထက် သေနှုန်းနည်းနေတာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးပညာရှင်ဖြစ်တဲ့ ဒေါက်တာဂျက်ဖရီဆာ့ရဲ့တွက်နည်းက ဒီလိုပါ။
အရေးအကြီးဆုံး နှိုင်းယှဉ်စရာအချက်က လူဦးရေတစ်သန်းအပေါ်မှာ တွက်ချက်တဲ့ရောဂါကူးစက်မှု အရေအတွက်နဲ့ သေ ဆုံးမှု ရာခိုင်နှုန်းဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့အထိစာရင်းတွေကိုကြည့်ရင် ဒေသနှစ်ခုဟာ ကမ္ဘာနှစ်ခုလိုပဲခြားနားပါတယ်။ 

ဥရောပနဲ့ ယူအက်ဟာ ကူးစက်ကပ်ရောဂါထဲမှာ ခေါင်းမဖော်နိုင်အောင် နစ်မြုပ်နေပါတယ်။ လူဦးရေ တစ်သန်းအပေါ်မှာ ရောဂါကူးစက်တဲ့ အတည်ပြုလူနာ ဦးရေ ယူကေမှာ ၈၁၄ ယောက်၊ စပိန်မှာ ၃၀၃၆ ယောက် ရှိပါတယ်။ လူဦးရေ တသန်းအပေါ်မှာ သေဆုံးမှုက ယူကေမှာ ၂၄ ယောက်၊ စပိန်မှာ ၃၀၀ ရှိပါတယ်။ အရှေ့ အာရှ နိုင်ငံတွေမှာ ရောဂါ ကူးစက်မှုကို ကြည့်တဲ့အခါ လူဦးရေ တစ်သန်းအပေါ်မှာပဲ တွက် ချက်ရင် ဗီယက်နမ်မှာ အတည်ပြုလူနာ ၃ ယောက်၊ စင်ကာပူမှာ ၂၅၃ ယောက် ရှိပါတယ်။ သေဆုံးမှုက သုညကနေ လေးယောက်အထိ ရှိပါတယ်။
မြန်မာပြည်မှာ အခု ရှိနေတဲ့ ကိန်းဂဏန်းတွေကို ကြည့်ပြီး၊ ရောချနေတဲ့ တချို့ကြောင့် အထိတ်တလန့် ဖြစ်မနေပါနဲ့။ ဒီအချိန်မှာ အရေးကြီးတာက လူများများကိုမကူးဖို့၊ လူများများ မသေဖို့ကိုပဲ ဂရုစိုက်ရပါမယ်။ 

လူသေတာကိုတော့ ဘယ်သူမှ ဖုံးကွယ်ထားလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ အခုလည်း ဆေးရုံမှာ ရောဂါသံသယနဲ့ စောင့်ကြည့်နေသူတွေ သေတဲ့သတင်းတွေကို ကျနော်တို့ ဖတ်နေရတာပါပဲ။ အရေးအကြီးဆုံးက ကိုယ့်ကိုရောဂါ မကူးအောင်နေ၊သူများကိုရောဂါ မကူးအောင်နေ၊ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာစည်းကမ်းတွေကို အတိအကျလိုက်နာဖို့ပဲအရေးကြီးပါတယ်။