Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၃




လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၃

(မိုုုုုးမခ) ဧပြီီ ၆၊ ၂၀၂၀


ဧပြီီ (၄) ရက် - အာဇာနည်နေ့


တရုတ်လူမျိုးတွေရဲ့ ရှေးရိုးအယူအဆဖြစ်တဲ့ ကွယ်လွန်သူများကို သတိရအောက်မေ့တဲ့နေ့ ကို ချင်မင််ပွဲတော်နေ့လို့ သတ်မှတ်ပြီးအဲသလိုနေ့တွေမှာ ကျန်ရစ်သူမိသားစုဝင်တွေက သင်္ချိုင်းဂူတွေမှာ သန့်ရှင်းရေးတွေလုပ်ကြပြီး (ဗမာအယူအဆအရဆိုရင်တော့) ပြုသမျှကုသိုလ်ကို ရေစက်ချအမျှပေးဝေကြပါတယ်။

ဒီနှစ် ဧပြီ (၄၊ ၅) ရက်နေ့မှာ ချင်မင်ပွဲတော်ရက်ပါ။ ဒီတော့ ဒီနေ့မှာ တရုတ်တပြည်လုံးက ပြည်သူတွေ ကီုဗစ်ရောဂါကပ်ဘေးကြီးအတွင်း သေဆုံးသွားရသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကြီးကို ကျင်းပကြပါတယ်။ ထင်အန်မင်ရင်ပြင်မှာ နံနက်တိုင်းတင်နေကျ နိုင်ငံတော်အလံတင်စဉ်မှ ာအလံတိုင် တဝက်ပဲတင်ပြီး တနိုင်ငံလုံးကအလံတင်နေရာတိုင်းမှာ အလံတဝက်ပဲတင်ရပါတယ်။(တကမ္ဘာလုံးရှိတရုတ်သံရုံးများလည်း အလံတဝက်ပဲတင်ပါတယ်။)

နံနက် ၁၀.၀၀ မှာတော့ သမ္မတရှီကျင်ဖျင် ဦးစီးပြီး အမြင့်ဆုံးခေါင်းဆောင်များအပါ တနိုင်ငံလုံး (၃) မိနစ်ငြိမ်သက်စွာရပ်ပြီး သေဆုံးသွားသူများကို ရည်စူးပြီး ဦးညွှတ်အလေးပြုရပါတယ်။ လုပ်ငန်းအားလုံး ရပ်ဆိုင်းရပြီး ဥသြသံဆွဲနိုင်တဲ့ ကား၊ ရထား သင်္ဘော အားလုံး ဥသြဆွဲရပါတယ်။ လေကြောင်းကာကွယ်ရေးအတွက် သုံးတဲ့ဥသြလည်း ဆွဲရပါတယ်။ တနေ့လုံးလည်း တနိုင်ငံလုံးက ပျော်ပွဲရွှင်ပွဲအားလုံး ရပ်ဆိုင်းပေးရပါတယ်။

နိုင်ငံတော်အဆင့် အမြင့်ဆုံး ဂုဏ်ပြုခြင်းပါ။
ဧပြီလ (၂) ရက်နေ့က တရုတ်ဟူပေပြည်နယ် ဝူဟန့်မှာဖြစ်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေး တိုက်ဖျက်မှုအတွင်််း တိုင်းပြည်နဲ့ ပြည်သူများအတွက် ရဲဝံ့စွာ အသက်စွန့်လွှတ်သွားကြရတဲ့ ပုဂွိုလ် (၁၄) ဦး ကို  (ပထမအသုတ်) အာဇာနည်များအဖြစ် ကြေညာပေးခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အမြင့်ဆုံးဂုဏ်ထူးပါ။
အဲဒီ (၁၄) ဦး ထဲမှာ ရောဂါသည်များကို ကုသပေးရင်း ကူးစက်ခံရလို့ သေဆုံးသွားရတဲ့ ဆေးဝန်ထမ်း (၁၂) ဦး ပါဝင်ပါတယ်။ အဲဒီကာလ တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက်သေဆုံးရတဲ့ ရဲဝန်ထမ်းတဦးနဲ့ ရပ်ကွက်ကော်မတီဝင်တဦးတို့လည်း ပါဝင်ပါတယ်။ ဒါဟာ ပထမအသုတ်လို့ ကြေညာထားတဲ့အတွက် နောက်အသုတ်များလည်း ပေါ်ထွက်လာဦးမှာပါ။
ရုပ်မြင်သံကြားအစီအစဉ်ကနေ သူတို့တဦးချင်းရဲ့ လုပ်ဆောင်ချက်များကိုလည်း ဖော်ပြထားပါတယ်။
ဒီအထဲမှာ တာဝန်ချိန်ကုန်ဆုံးနေပေမယ့် ဆက်လက်တာဝန်ထမ်းဆောင်ရင်း ကူးစက်ခံလိုက်ရတဲ့သူနာပြုလေးတဦး၊ လက်ထပ်ဖို့ ရက်သတ်မှတ်ထားပြီးဖြစ်ပေမယ့် ဆရာဝန်နည်းလို့ လက်ထပ်မယ့်ရက်ရွှေ့ပြီးတာဝန်ထမ်းဆောင်ရာမှာ ရောဂါကူးစက်ခံရပြီး သေဆုံးသွားတဲ့ဆရာဝန်လေးတဦး စတာတွေ ပါပါတယ်။
တရုတ်ပြည်သူတွေ အကြင်နာပိုနေတဲ့ ဆရာဝန် လီဝင်လျှံလည်း ဒီအထဲမှာ ပါပါတယ်။ (ဝူဟန့်မှ ပုံပြင်များ အမှတ် ၁ မှာ သူ့အကြောင်း ရေးပြီးပါပြီ။) 

သူက မျက်စိဆရာဝန်ပါ။ ဝူဟန့်မှာ၂၀၁၉ အကုန်ပိုင်းမှာ ဆားစ်ရောဂါနဲ့ပုံစံတူတဲ့ အဆုပ်ရောင်ရောဂါတမျိုး စဖြစ်နေပြီလို့ ပထမဆုံး သတိပေးပြောခဲ့သူပါ။ နောက်ပိုင်း အဲဒီရောဂါသည်တယောက်ကို မျက်စိခွဲပေးလိုက်ရာက ကူးစက်ခံရပြီးသေဆုံးသွားရှာပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ သားလေးတယောက်ကျန်ခဲ့ပါတယ်။ သူကွယ်လွန်ပြီး အင်တာနက်အဝန်းအဝိုင်းမှာ သူအတွက် ရန်ပုံငွေစုတယ် ဆိုတဲ့ လှုပ်ရှားမှုတခုပေါ်လာပါသေးတယ်။ သူ့ဇနီးက ဒီကိစ္စ သိသိချင်း ဒီလိုကြေညာပါတယ်။ ဆရာဝန်လီအတွက် ရန်ပုံငွေ စုတယ် ဆိုတာ ကျွန်မနဲ့ဘာမှမဆိုင်ပါဘူး။ ကျွန်မ ဘာမှလည်း မလိုအပ်ပါဘူ။ ဆရာဝန်လီရဲ့ ဌာနကရော၊ကျွန်မရဲ့ဌာနကရော ကျွန်မကို လိုလေသေးမရှိ ကူညီစောင့်ရှောက်နေပါတယ် ... တဲ့။

ဟုတ်မှာပါ။ အဲသလို နိုင်ငံတော်အဆင့် သတ်မှတ်ခံရတဲ့ အာဇာနည်တယောက်အဖို့ ဘယ်လိုအစိုးရကစောင့်ရှောက်တယ် ဆိုတာမသိရပေမယ့် သာမန်အဆင့် အာဇာနည်တယောက်ကိုတောင် ဘယ်လိုစောင့်ရှောက်ခဲ့တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရလို့ ပြောပြပါဦးမယ်။
ကျွန်မနေနေတဲ့ ရပ်ကွက်က အငြိမ်းစားဝန်ထမ်းများနေတဲ့ ရပ်ကွက်ပါ။ အသက်ကြီးသူတွေ များပါတယ်။ရပ်ကွက်က ပန်းခြံလေးထဲမှာဆိုရင် မိုးလင်းတာနဲ့ လေ့ကျင့်ခန်းလုပ်သူတွေ၊ လမ်းလျှောက်သူတွေ နဲ့ ပြည့်နေတတ်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရင်း နားနားနေနေ စကားစမြည်ပြောကြရင်းကအသိမိတ်ဆွေတွေ ဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ အမျိုးသမီးတဦး (သက်တူရွယ်တူလောက်ပါပဲ) နဲ့ ကျွန်မ မိတ်ဆွေဖြစ်သွားပြီး တနေ့ ဘယ်အကြောင်းကနေ ရောက်သွားမှန်း မသိပါဘူး။ သူ့ဘဝဇာတ်ကြောင်းကိုပြောပြပါတယ်။

သူ့ခင်ပွန်းက ရဲအရာရှိတဦး တဲ့။ လွန်ခဲ့တဲ့ အနှစ်(၂၀) (၁၉၈၀ - ၉၀ ခုနှစ် အတွင်းလောက်ကပေါ့) က နယ်စပ်မူးယစ်ဆေးဝါးအဖွဲ့ နှိမ်နှင်းရေးမှာ ကျဆုံးသွားတာ၊။ သူက အသေခံပြီး သူတို့အဖွဲ့ကို ကယ်တင်လိုက်တာဖြစ်လို့ ယူနန်ပြည်နယ်အဆင့် သူရဲကောင်းအဖြစ် သတ်မှတ်ခံရသတဲ့။ ဌာနကခေါင်းဆောင်တွေအခေါ်ခိုင်းလို့ ဆိုပြီး သူနဲ့ ကလေး (၄) ယောက်ကို ရွာကနေ ကူမင်းကို ခေါ်လာကြတယ်။ သူကတော့ သူ့စာပေရေချိန်လည်း မမြင့်တာကြောင့် သူယောကျ်ားအလုပ်လုပ်တဲ့ ရဲဌာနမှာပဲ သန့်ရှင်းရေးအလုပ်သမား ဝင်လုပ်ရသတဲ့။ ကလေးတွေလည်း ကျောင်းထားပေးတာ။ ဌာနကပဲ အကုန် တာဝန်ယူတာတဲ့။ သားအကြီးလေး အလယ်တန်းအောင်တော့ ရဲသင်တန်းကျောင်းတက်ခွင့်ရပြီး ရဲအရာရှိဖြစ်နေပြီး အခုတော့ နယ်မှာတာဝန်ကျနေတယ် ... တဲ့။ အလယ်က သမီး (၂) ယောက်ကလည်း တက္ကသိုလ်က ဘွဲ့ရပြီး အခုတော့ အလုပ်အကိုင် (အလုပ်အကိုင်ကလည်း အဲဒီရဲဌာနကပဲ စီစဉ်ပေးတာတဲ့) တွေနဲ့ အိမ်ထောင်တွေကျပြီး သူတို့ဘာသာ သီးခြားနေကြတယ် တဲ့။ သူကတော့ အခုအသက်ကြီးလာလို့ ပင်စင်ယူပြီး ဒီရပ်ကွက်မှာတိုက်ခန်းလေးတခန်း ဌာနက ဝယ်ပေးထားတယ် တဲ့။ သားအငယ်ဆုံးလေးပဲ အတူနေတာ။ ကျောင်းဆရာလေးတဲ့။ သူလည်း မကြာခင် လက်ထပ်တော့မှာ တဲ့။
အဲဒါ သူရဲကောင်းရဲ့ ကျန်ရစ်သူမုဆိုးမတဦးက ပြောပြတဲ့ ပုံပြင်ပါ။

ဒီပြည်နယ်အဆင့် သူရဲကောင်းမိသားစုတစုကို ဒီလောက်စောင့်ရှောက်တဲ့ အစိုးရမျိုးဟာ နိုင်ငံတော်အဆင့်သတ်မှတ်ခံရတဲ့ အမြင့်ဆုံးသူရဲကောင်းများကို ဘယ်လိုစောင့်ရှောက်မယ် ဆိုတာ စဉ်းစားသာကြည့်ကြပါတော့။
လှကျော်ဇော
၅-၄-၂၀၂၀