Breaking News

ဆောင်းယွန်းလ - "ကယ်တင်ခြင်းအကြောင်း စာလုံးပေါင်းကြည့်မိခြင်း"



ဆောင်းယွန်းလ - "ကယ်တင်ခြင်းအကြောင်း စာလုံးပေါင်းကြည့်မိခြင်း"

(မိိုးမခ) ဧပြီ ၁၀၊ ၂၀၂၀

ကမ္ဘာကြီး
ပြာရိပြာယာဖြစ်နေပုံကို
အိမ်ထဲက ထိုင်ကြည့်နေကြရတယ်

လမ်းမတွေပေါ်က
အသက်မဝင်တော့တဲ့ ကမ္ဘာကြီးနဲ့
အိမ်တွေထဲမှာ
အသက်ငင်နေကြတဲ့ လူတွေရဲ့အကြောင်းက
သက္ကရာဇ်၂၀၂၀ရဲ့ဇာတ်ဝင်ခန်းပြကွက်တစ်ခုဘဲ

အရှုံးထဲက အမြတ်ကိုရှာကြည့်တော့
ကမ္ဘာကြီးပူနွေးလာမှု နဲနဲလျော့သွားတာကို တွေ့လိုက်ရသလို
အိမ်ယာမဲ့တချို့
လုံခြုံနွေးထွေးတဲ့ အိမ်တွေဆီ ရောက်သွားတာကို တွေ့လိုက်ရတယ်

တပါးသူကို ကယ်တင်မယ့် ကယ်တင်ရှင်ဟာ
ကိုယ်ကိုယ်တိုင်ဖြစ်ကြောင်း သက်သေပြဖို့အတွက်
အိမ်ထဲမှာ ဆက်နေလိုက်ကြရုံမှတပါး
လောလောဆယ်မှာ
တခြား ဘာဖြေဆေးမှမရှိသေးဘူး။

ဆောင်းယွန်းလ