Breaking News

မောင်လူပေ - လူမျိုးမရွေး ဘာသာမရွေး နယ်စည်းမခြား ကိုရိုနာ (၀၉/၁၄/၂၀)



မောင်လူပေ - လူမျိုးမရွေး ဘာသာမရွေး နယ်စည်းမခြား ကိုရိုနာ (၀၉/၁၄/၂၀)

(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၀

အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ICU မှ ထွက်လာပြီ။ ဆေးရုံမှတော့ မဆင်းရသေး။ တစ်ရက်အတွင်း(၈၈၀)ကျော်သေဆုံးခဲ့သဖြင့် သေဆုံးသူ ရှစ်ထောင်နီးပါးရှိလာခဲ့ပြီ။ အမြင့်ဆုံးသို့မရောက်သေးဟု နိုင်ငံခြားရေးဝန်ကြီးက သတိပေးထားသည်။

အမေရိကန်ပြည်တွင် နှစ်ရက်ဆက်တိုက်အဖြစ် တစ်ရက်အတွင်း လူနှစ်ထောင်နီးပါး သေဆုံးခဲ့သည်။ သေဆုံးသူ တစ်သောင်းခြောက်ထောင်ကျော်သွားပါပြီ။ ကူးစက်ခံ လေးသိန်းခွဲကျော် ရှိနေပြီ။ အမြင့်ဆုံးသို့ ရောက်ပြီဟု ယူဆကြသည်။ နယူးယောက်ပြည်နယ်တွင်လည်း တစ်ရက်အတွင်း ရှစ်ရာနီးပါးသေဆုံးခဲ့သဖြင့် သေဆုံးသူ ခုနှစ်ထောင်ကျော် ရှိသည်။

နယ်သာလန်နိုင်ငံရှိ အသက်(၁၀၇)နှစ်အရွယ်ရှိ အဖွားတစ်ဦးသည် ကိုဗစ်ဖြစ်ပွားမှုမှ ပြန်လည်ပျောက်ကင်းခဲ့သဖြင့် ရောဂါပျောက်ကင်းသူများထဲတွင် ကမ္ဘာ့အသက်အကြီးဆုံးဖြစ်လာခဲ့သည်။

ဘရာဇီးနိုင်ငံရှိ အမေဇုံတောနက်ကြီးထဲမှ ရာနိုမာနီအမည်ရှိ မျိုးနွယ်စုတွင်နေထိုင်သည့် (၁၅)နှစ်အရွယ် လူငယ်တစ်ဦးမှာလည်း ရောဂါကိုတွေ့ရှိခဲ့သဖြင့် တောနက်ထဲမှာနေထိုင်သူလည်း ရောဂါမှ မလွတ်မြောက်နိုင်ဟု တွေ့ခဲ့ကြသည်။

ရုရှားနိုင်ငံတွင်လည်း ကူးစက်သူ တစ်သောင်းကျော် တွေ့ရှိထားသည်။

ဆော်ဒီအာရေဗျနိုင်ငံမှ ဘုရင့်အမျိုးတွေထဲက တစ်ရာ့ငါးဆယ်ကျော်လောက်မှာ ကူးစက်ခံထားရကြောင်း တွေ့ရသဖြင့် ဘုရင်နှင့် အိမ်ရှေ့မင်းသားတို့မှာ နန်းတော်နှင့် ဝေးရာတွင် စတေးရှောင်နေရသည်ဆို၏။ ဆွေတော်မျိုးတော် မင်းသားပေါင်း ထောင်ချီပြီးရှိသည်။ ဥရောပသို့ ခရီးထွက်လေ့ရှိသည်။ ထို့ကြောင့် ဥရောပမှ ကူးစက်ခံရပြီး နိုင်ငံအတွင်းသို့ ဗိုင်းရပ်တွေရောက်လာသည်။ အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်နေရာများဖြစ်သည့် မက္ကာနှင့် မဒီနာတို့ကိုလည်း အဝင်အထွက် ပိတ်ထားရသည်။ ယခုနှစ်မှာ ဟာဂျီ၊ ဟာဂျီမ ဖြစ်ရေး အားခဲထားသူတို့အားလုံး မဖြစ်နိုင်တော့ပြီ။ ဆော်ဒီတွင် ကူးစက်ခံ သုံးထောင်နီးပါးရှိ၍ လေးဆယ်ကျော်သေဆုံးခဲ့သည်။

ဧပြီလနှောင်းတွင် စတင်မည့် မွတ်စလင်ဥပုဒ်လ ရာမာဒန် Ramadan ကို မိမိတို့အိမ်မှာသာ ကျင်းပပြုလုပ်ရန် အီရန်ဘာသာရေးခေါင်းဆောင်ကြီး ခါမေနီက တိုက်တွန်းထားသည်။ အီရန်မှာလည်း သေဆုံးသူ လေးထောင့်တစ်ရာကျော်ရှိ၏။

စင်္ကာပူနိုင်ငံငယ်လေးမှာလည်း တစ်ရက်အတွင်း ကူးစက်သူ (၂၈၇)ဦးဖြင့် စံချိန်တင်ခဲ့ပြန်သည်။ ထက်ဝက်ကျော်ခန့်မှာ စုပေါင်းနေထိုင်ကြသည့် နိုင်ငံခြားသား အလုပ်သမားတို့ကူးစက်ကြခြင်းဖြစ်ကြ၏။

မြန်မာပြည်တွင် ကူးစက်ခံနောက်တစ်ဦးထပ်တွေ့ခဲ့သည်။ ပထမဆုံးတွေ့ခဲ့သည့် ကူးစက်ခံလူနာ၏ မိခင်ဖြစ်သည်။ အမေရိကားမှ အတူပြန်လာကြခဲ့သော်လည်း သားဆီမှာသာ ကူးစက်မှုတွေ့ခဲ့၏။ နှစ်ပတ်ခန့် သီးခြားခွဲကာ ကန့်သတ်နေထိုင်ရင်း ယခုမှ မိခင်ထံမှာ ရောဂါပိုးကို တွေ့ရ၏။ နေမကောင်းလည်း မဖြစ်။ ဆေးစစ်၍သာ သိကြရ၏။ သူတို့ရောက်လာတာ ရက်နှစ်ဆယ်ကျော်ခန့် ရှိပြီဖြစ်သောကြောင့် silence case ခေါ် လူမသိသူမသိ ရောဂါသယ်ဆောင်သူဟု ယူဆရသည်။
(နောက်ထပ်လေးဦးထပ်တိုးပြန်၍ ၂၇ ဦးရှိပြီ။ ဘယ်ကကူးမှန်းမသိသူ နှစ်ဦးလည်းပါလာသည်။)

ကမ္ဘာပေါ်ရှိလူသားတို့၏ ၁.၆သန်းနီးပါး ကူးစက်ခံရပြီး ကိုးသောင်းခွဲကျော် သေဆုံးခဲ့ပြီ။ မကြာမှီသေဆုံးသူ တစ်သိန်းပြည့်တော့မည်။ သုံးသိန်းခွဲခန့်လည်း သက်သာပျောက်ကင်းသွားပါပြီ။

ဂရုစိုက်ကြပါ။