Breaking News

မောင်စွမ်းရည် - ဝဲ ဂျွတ် ဒက် အနူကွက် - ကပ်ကြီးသုံးပါးအဆက်




မောင်စွမ်းရည် -  ဝဲ ဂျွတ် ဒက် အနူကွက် -  ကပ်ကြီးသုံးပါးအဆက်

(မိုးမခ) မေ ၂၁၊ ၂၀၂၀


အသက်ကပ်၊ အငတ်ကပ် အဆက်ဖြစ်တဲ့ ရောဂါကပ်ထဲက ပလိပ်ရောဂါကပ်ကြီး ဆိုက်ခဲ့ပုံအကြောင်း၊ ကိုယ်တွေ့ဖြစ်ရပ်ကို ကျွန်တော် မကြာခင်က ရေးခဲ့လိုက်တော့ ဂျပန်ခေတ်ကို မဖြတ်သန်းခဲ့ရတဲ့ စာဖတ်သူ များထံက စိတ်ဝင်တစား တုံ့ပြန်ကြပြီး ဂျပန်ခေတ်အကြောင်းကို ဆက်ရေးပါဦး၊ နယူးယောက်မှာ ကိုဗစ် ကပ်ရောဂါကျရောက်နေပုံ သတင်းစုံကိုလည်း ရေးပါဦး… စသဖြင့် တောင်းဆိုလာကြပါတယ်။

ခု ရေးမှာက ဂျပန်ခေတ်အကြောင်း အဆက်လို့ပဲ ဆိုနိုင်ပါတယ်။

ဂျပန်ခေတ် ဆိုတာ ကမ္ဘာကုန်ကျယ်သရွေ့မှာ ကြုံတွေ့ခဲ့ကြရတဲ့ ဒုတိယကမ္ဘာစစ် ဆိုတာကြီး ဖြစ်ပွားစဉ်က ဗမာပြည် ကျရောက်ခဲ့ပါတယ်။ လက်နက်ဆန်းတွေ ပေါ်ပေါက်လာကြာလို့ ပထမကမ္ဘာစစ်ကြီးထက် ပြင်းထန် ရက်စက်ပါတယ်။ နိဂုံးချုပ်မှာ အဏုမြူဗုံးနဲ့ ပုဒ်မချလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ တို့ဗမာတွေက ‘အင်္ဂလိပ် အခက် ဗမာ့အချက်’ ဆိုတဲ့ ကြွေးကြော်သံတင်ပြီး ‘ဘောင်းဘီမနိုင် ဦးထုပ်မနိုင်’ ဖြစ်နေတဲ့ အင်္ဂလိပ်တွေကို ဂျပန်နဲ့ ပေါင်းပြီး တော်လှန်ခဲ့ကြပါတယ်။ ‘နောက်လာတဲ့ မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲ’ နေတော့ ဖက်ဆစ်ဂျပန်တွေကိုလည်း အင်္ဂလိပ်နဲ့ ပြန်ပေါင်းပြီး တောင်လှန်ခဲ့ကြရပြန်ပါတယ်။ ဒါ့ကြောင့် ‘မိဘေး ဘယ်လို နှစ်ခါနာသလဲဆိုတာ သိချင်ရင်တော့ လူထုဦးလှ ပုံပြင်စာအုပ်တွေမှာပဲ ရှာဖတ်ပါတော့။’

မိအေး နှစ်ခါနာရတဲ့အထဲမှာ ‘နူရာ ဝဲစွဲ’ ဆိုတာမျိုး ကြုံတွေ့ခဲ့ရတာပါပဲ။ ဂျပန်ခေတ်မှာ အစားအစာ ရှား၊ ဆေးဝါးလည်း ရှားပါတယ်။ ရေရှား မိုးရှား၊ ဆပ်ပြာလည်း ရှားပါတယ်။ ဒါကြောင့် ‘ကြွက်ကျတဲ့ခေတ်’လို့ ပြောတဲ့ ပလိပ်ရောဂါရဲ့ဒဏ်ကို မရှုမလှ ခံရပါတယ်။ တဆက်တည်းမှာပဲ ပွေး ဝဲ ဂျွတ် ဒက် တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တေ်ာတို့ကိုတော့ ကျွန်တော်တို့ အဖေ၊ အမေက အပြင်မထွက်ရဘဲ အိမ်ခြံဝင်းတံခါးကို သော့ခတ်ပိတ်ထားခဲ့ပါတယ်။ ခေါင်းရွက်ဈေးသည်တွေလည်း မလာရပါဘူး။ ဒီကြားထဲက ကျွန်တော့်ညီ တယောက် ကျောက်ပေါက်လို့ အလူးအလဲ ခံရပါတယ်။ (ကြုံတုန်း မိခင်မေတ္တာ ကို ဖော်ကျူးလိုက်ပါရစေ။ ကျွန်တော်တို့အမေက သူ့သားငယ်ရဲ့ မျက်စိတွေထဲကို ကျောက်မပေါက်အောင်လို့ သားရဲ့ မျက်စိ၊ မျက်လုံးတွေကို လျှာနဲ့လျက်ပြီး သုတ်သင်သန့်ရှင်းပေးခဲ့ပါသတဲ့။)

အဲသလို ဂျပန်ခေတ်မှာ ရောဂါတွေဖြစ်ကြတဲ့အခါမှာ ဆပ်ပြာရှားပါးတာကြောင့် ပွေး၊ ဝဲ စတဲ့ အရေပြားရောဂါ တွေလည်း မျိုးစုံဖြစ်ပေါ်ခဲ့ပါတယ်။ ခုခေတ်လူငယ်တွေက ပွေး၊ ဝဲ ဆိုတာ ဘာမှန်း သိမယ် မထင်ပါ။ ကိုယ်ရေပြားပေါ်မှာ ဖြစ်ပေါ်တဲ့ ယားနာအမျိုးမျိုးပါပဲ။ ပွေးဆိုတာက ဝလုံးလို ဝိုင်းနေတဲ့ အနာကွက်တွေ အရေပြားပေါ်မှာ ပေါက်ပွားလာတာပါ။ တခါဖြစ်ရင် ပျောက်ခဲပါတယ်။ ယားလေ၊ ကုတ်လေ၊ ပွားများလေပါပဲ။ ဝဲ ဆိုတာက အနာစိုတွေပါ။ ယင်တလှောင်းလှောင်းနဲ့ ရွံစရာလည်း ကောင်းပါတယ်။ တကိုယ်လုံးမှာ ပြွတ်ခဲ နေအောင် ပေါက်တာပါ။ မကုတ်ဘဲ မနေနိုင်အောင်လည်း ယားပါသတဲ့။ ပွေး၊ ဝဲနဲ့အတူ မျက်ခမ်းစပ်ရောဂါ တွေလည်း တပြိုင်တည်း ဖြစ်ကြလို့ တချို့မှာ မျက်စိထဲ ‘တိမ်ကျ’တယ် ဆိုတာမျိုး အဖြူကွက် အနာရွတ်တွေ ကျန်ရစ်ပြီး တချို့ မျက်လုံးကန်းတဲ့အဆင့်အထိ ကြုံကြရရှာပါတယ်။

ဝဲ ခေါ်တဲ့ ယားနာနဲ့ မျက်ခမ်းစပ်ယားနာ ဝေဒနာရှင် ပုံပြင်တောင် ပေါ်ခဲ့ဖူးပါတယ်။ လူထုဦးလှ ပုံပြင်တွေထဲ မှာ မပါသေးဘူး ထင်ပါတယ်။ ပုံပြင်လေးကတော့ ဒီလိုပါတဲ့။

တနေ့သောအခါ ဝဲပေါက်သူတဦးနဲ့ မျက်ခမ်းစပ်သူတဦးတို့ ဥပုသ်ဇရပ်မှာ ဆုံမိကြသတဲ့။ သူတို့နှစ်ဦးဟာ ဘေးလူတွေ မျက်စိနောက်လောက်အောင် ယင်ခြောက်နေကြပါသတဲ့။ သူတို့အနာတွေက ‘အညှီရှိတော့ ယင်အုံ’ ဆိုသလို ယင်ကောင်တွေ လာရောက်ကြတော့ ယင်မခြောက်ဘဲ မနေနိုင်ကြဘဲကိုး။ ဒီလိုနဲ့ ဘေးက လူတွေက မင်းတို့ ယင်မခြောက်ဘဲ နေနိုင်ရင် ငါတို့က ဖျော်ရည်တိုက်မယ်လို့ ပြောတာနဲ့ သူတို့နှစ်ဦးလည်း ဖျော်ရည်သောက်ချင်လို့ ယင်ကောင် မခြောက်ဘဲ အောင့်အည်းသည်းခံနေကြသတဲ့။ ဒါပေမဲ့ ယားတာရယ်၊ နှာချေ၊ ချောင်းဆိုးချင်တာရယ်၊ အချစ်ရောဂါရယ် ဆိုလား။ အဲဒါတွေက ချုပ်တည်းလို့ မရတတ်ဘူးဆို မဟုတ်လား။

ဒီလိုနဲ့ ဝဲသမားနဲ့ မျက်ခမ်းစပ်သမားတို့ဟာ သူတို့ထွက်ပေါက် သူတို့ ရှာကြသတဲ့။ မျက်ခမ်းစပ်က မေးသတဲ့။ ‘သူငယ်ချင်း၊ မင်း ဘာဝါသနာပါသတုံး’ တဲ့။ ဒီတော့ ကိုဝဲထူက ‘သူငယ်ချင်းရာ၊ ငါတို့ တောသူတောင်သားပဲ ဆိုတော့ စိုက်ပျိုးရေးပဲ ဝါသနာပါတာပေါ့။ ဒါပေမဲ့ ကိုယ်ပိုင်လယ်ယာမရှိတော့လည်း ကိုယ့်အိမ် ကိုယ့်ခြံအတွင်း ဖျာတချပ်စာ ရှိလည်း စိုက်လို့ရတဲ့ ဘူး၊ ခဝဲတို့၊ ပဲလင်းမြွေတို့ စိုက်တာပေါ့ကွယ်’ လို့ ပြန်ဖြေသတဲ့။ ‘မြေဩဇာကတော့ နွားချေးနဲ့ သစ်ဆွေးပေါ့။ အပင်အများကြီး မရှိတော့ ရေလောင်းပေါင်းသင် လုပ်ရတာလည်း အပန်းမကြီးပါဘူးပေါ့’လို့လည်း တဆက်တည်း ရှင်းပြလိုက်သတဲ့။ ဒီတော့ မျက်ခမ်းစပ်က ‘ဟုတ်လား၊ မင်း ပဲလင်းမြွေသီးက ဘယ်လောက်များတောင် ကြီးသတုံး’လို့ မေးလိုက်တော့ ဝဲစိုရှင် သူငယ်ချင်းက သူ့ရဲ့ဝဲဘက်လက်ကောက်ဝတ်ကို ယာဘက်လက်နဲ့ ဆုပ်ပြီး ‘ဟောသလောက်ကြီး ရှည်သဗျား’ လို့ တံတောင်ဆစ်အထိ ဆွဲပွတ်ပြီး သူ့လက်မောင်းကို မြှောက်ပြလိုက်ပါသတဲ့။ ဒီတော့ ကိုဝဲစိုကလည်း သူ့မျက်နှာရှေ့မှာ လက်ခုပ်လက်ဝါးတီးပြီး ‘ဟား ဟား ဟား၊ ယုံရမှာလား၊ ဟား ဟား ဟား’ လို့ တအား ဟစ်ရယ်ပါသတဲ့။ ဟိုတယောက်က လက်ဝါးနဲ့ သူ့လက်မောင်းတလျှောက် ဆွဲပွတ်လိုက်ရတော့ အယားပြေသွားသလို ကျန်တယောက်ကလည်း သူ့မျက်နှာရှေ့ လက်ခုပ်လက်ဝါးတီးလိုက်ရတော့ ယင်ခြောက်လိုက်သလို ဖြစ်သွားတော့တာပေါ့။

ဆက်ပြီးတော့ ကိုမျက်ခမ်းစပ်က မေးပြန်သတဲ့။ ‘မင်း ပဲလင်းမြွေသီးကတော့ ဟုတ်ပါပြီ။ ခဝဲသီးကရော ဘယ်လောက်ရှည်သတုံး’လို့ မေးပြန်သတဲ့။ ‘သူငယ်ချင်း၊ ငါ့ခဝဲသီးကလည်း အောက်ဘက်က ကြိုးနဲ့ချည်ပြီး ကျောက်ခဲလေးတွေ ဆွဲပေးလို့ ရှည်ပါသဗျာ၊ ဟောသလောက်ကြီး ရှည်သဗျား’ ဆိုပြီး သူ့ယာလက်မောင်းကို ဘယ်လက်ဝါးနဲ့ ပွတ်ဆွဲ မြှောက်ပြပြန်သတဲ့။ ကိုမျက်ခမ်းစပ်ကလည်း ‘ဟား ဟား ဟား၊ အဲသလောက်တောင် ရှည်သလား၊ ယုံနိုင်ပေါင်ဗျား၊ ဟား ဟား’ လို့ ကိုယ့်မျက်နှာရှေ့မှာ ကိုယ် လက်ခုပ်လက်ဝါး တဖြန်းဖြန်း တီးခတ်ပြီး ရယ်ပြန်သတဲ့။ ဒီလိုနဲ့ ခဏနေပြန်တော့ ကိုမျက်ခမ်းစပ်ကပဲ ထပ်ပြီး မေးပြန်သတဲ့။ ‘မင့် ဘူးသီး ရှည်ကကော’လို့။ ဒီတော့လည်း ကိုဝဲကျော်က အလားတူပဲဖြေ။ ကိုမျက်ခမ်းစပ်ကလည်း အလားတူပဲ တဝါးဝါးနဲ့ ဦးခေါင်းတယမ်းယမ်းနဲ့ လက်ခုပ်လက်ဝါးတီးကာ တီးကာ ရယ်မောပါသတဲ့။ ဒါတောင် ပဲတောင့်ရှည် မပါသေးဘူး။ ဒါဟာ ဂျပန်ခေတ်က ကြားဖူလိုက်တဲ့ ပုံပြင်တခုပါပဲ။

အညာဒေသ ကျေးရွာတွေမှာက မြစ်နား၊ ချောင်းနား မနီးရင် ရေတွင်းတူးရတာကအစ ခက်ပါတယ်။ ခုခေတ်လို အဝီစိတွင်းတူးစက်များကလည်း မပေါ်သေးဘူး မဟုတ်လား။ တချို့ရွာတွေမှာဆိုရင် အဝီစိတွင်း တူးတာတောင် တော်ရုံနဲ့ ရေမတွေ့လို့ နေရာတွေ အများကြီး ပြောင်းရွှေ့စမ်းသပ်ပြီး တူးရသတဲ့။ ကဗျာဆရာ တင်မိုးတို့ရွာဆိုရင် အဝီစိတူးတဲ့အဖွဲ့တွေဟာ သူတို့ရွာမှာ ရက်ရှည်လများ အကြာကြီး ရှာဖွေစမ်းသပ် တူးဖော်ရလို့ ရွာမှာပဲ အိမ်ထောင်ရက်သားကျကုန်ကြသတဲ့။ ဦးလေး လူထုဦးလှက စာပေဟောပြောပွဲ သွားရင်း ဒီသတင်းကို ကြားခဲ့ရလို့ တင်မိုးတို့ရွာကို ‘အဝီစိနဲ့ဝေးတဲ့ရွာ’လို့ ဂုဏ်ပြုဆောင်းပါးတစောင် ရေးလိုက်ခဲ့ဖူးပါတယ်။

ရေရှားခြင်းဟာ ပွေး၊ ဝဲ၊ ဂျွတ်၊ ဒက်၊ နူနာနဲ့ မျက်ခမ်းစပ်ရောဂါတွေ ဖြစ်စေပါတယ်လို့ ကျွန်တော် ပြောတော့ တချို့က ပွေး၊ ဝဲ၊ နူနာတွေတော့ ကြားဖူးပါရဲ့။ ဂျွတ်၊ ဒက် ဆိုတာတွေ မကြားဖူးဘူးတဲ့။ ဂျွတ် ဆိုတာကတော့ အများအားဖြင့် ကိုရင်တို့၊ ဘုန်းကြီးကျောင်းသားတို့ရဲ့ ပေါင်ကြားတွေမှာ ရေမချိုး၊ ရေမဆေးကြလို့ ကြေးတွေ၊ အကြေးတွေ ဂျပ်ခဲအဖြစ် တည်နေတာမျိုးနဲ့ တူပါတယ်။ ဒက် ဆိုတာကလည်း ကိုရင်တို့၊ ဘုန်းကြီး ကျောင်းသားတို့ရဲ့ ဦးခေါင်းမှာ ပေါက်တဲ့ ပွေးရောဂါတမျိုးပဲလို့ ထင်ပါတယ်။ သဲဆပ်ပြာနဲ့ နာနာပွတ်ပြီး ဦးခေါင်းလျှော်မှ ရောဂေါသက်သာတတ်ပါတယ်။ ဒက်စွဲနေတဲ့ ဘုန်းကြီးကျောင်းသားကို ‘ဒက်ချီး’လို့ နာမည်ပေးတတ်ပါတယ္။

ဂျပန်ခေတ်မှာ ဆေးဝါး၊ ဆပ်ပြာတွေက ရှားတော့ ဝဲနာတွေကို ရေနံကြီး(ရေနံချေး)နဲ့ လိမ်းပြီး ကုသကြတာ တွေ့ခဲ့ရဖူးပါတယ်။ တချို့က သဲဆပ်ပြာနဲ့ ရေနံကြီး ရောပြီး လိမ်းကြသတဲ့။ တချို့ကလည်း ပလိပ်ရောဂါ၊ တုပ်ကွေးရောဂါ၊ မက်ကလောင်ရောဂါတွေ ဖြစ်ရင် ရေနံချေးကို လက်ညှိုးနဲ့ တကော် ကော်ယူပြီး ပါးစပ်ထဲ သွင်း၊ မျိုချလိုက်ကြတာပါပဲ။ ရွာမှာ ရေနံချေး ဝယ်နိုင်၊ သုံးနိုင်တဲ့ အိမ်ကလည်း အရှားသား။ တချို့က ထန်းလက်တဲနဲ့ နေကြရှာတာ မဟုတ်လား။ ဒီတော့ ဖျားရင်၊ နာရင် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးထံက ငန်းဆေးကို တောင်းခံ လျှောက်ထားဝံ့ရင် တောင်းခံပေါ့။ မတောင်းရဲ၊ မလျှောက်ထားဝံ့ရင် သူကြီးအိမ် သွားတောင်းရတာပေါ့။ ဒါလည်း သူကြီးအိမ်ဝင်ရဖို့က မလွယ်ဘူး။ သူကြီးဆီကိုလည်း တိုက်ရိုက်တွေ့ပြီး မတောင်းရဲကြရှာဘူး။ သူကြီးအိမ်က သူရင်းငှားနဲ့ သူကြီးအိမ်ကို ဝင်ခွင့်ရတဲ့ ခေါင်းရွက်ဈေးသည်နဲ့ ကပ်ရပ်ပြီး လိုက်ရတာ။ ဒါတွေ ပြန်တွေးမိတိုင်း ကျေးလက်တောရွာသားတွေရဲ့ဘဝကို ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။

ရွာမှာ မူလတန်းကျောင်းလေး ရှိရင် ကလေးတွေရဲ့ တကိုယ်ရေသန့်ရှင်းမှုကို ဆရာတွေက သွန်သင်ပေးနိုင်လို့ ကျေးရွာတွေက သားသမီးတွေ သန့်ရှင်း ကျန်းမာရေး အတော်အတန် တိုးတက်ပါတယ်။ ဦးနု လက်ထက်က ကျေးလက်ကျန်းမာရေးမှူးတွေ၊ ကျေးလက်ဆေးပေးခန်းတွေ တီထွင်ခဲ့တာလည်း အလွန်သင့်မြတ်ပါတယ်။ ဒါတွေ ဆက်မလုပ်ရင် ပွေး၊ ဝဲ၊ ဂျွတ်၊ ဒက်တွေ ပြန်ထလာပြီး အရေပြားနူနာအထိ တိုးပွားလာတတ်ပါတယ်။ ဂျပန်တွေ အကြောက်ဆုံးက ‘နူနာ’၊ ကုဋ္ဌနူနာ- အနာကြီးရောဂါပါပဲ။ အဲဒီရွာတွေမှာ လှည်းဆွဲ၊ နွားဆွဲတာနဲ့ လူပေါ်တာဆွဲတာ(ချွေးတပ်ဆွဲတာ) သက်သာခဲ့ပါတယ်။ နူနာအတွက်က ဂျပန်ခေတ်မှာ ဆေးလည်း မရှိသေးဘူး။ နူနာနဲ့ မျက်ခမ်းစပ်က အညာမှာ စာဖွဲ့လောက်ပါတယ်။

အထိတ်တလန့်အဖြစ်ဆုံးကတော့ ရွာမှာ ပရိတ်ရွတ်ပြီး သံပုံးတီး၊ မောင်းတီး၊ စည်တီး၊ တုံးခေါက်၊ ဝါးခေါက် ‘တောထုတ်’ကြတော့ နနွင်းမှိုင်းတွေလည်း ရှို့ကြတာ ပြေးလို့မရ၊ နားပိတ် မျက်စိမှိတ်နေလိုက်လို့လည်း မရနဲ့ စားမဝင် အိပ်မပျော် ဖြစ်ခဲ့ကြရပါတယ်။ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်ကြပါစေ။


မောင်စွမ်းရည်

၂၀၂၀ ဧပြီ ၂၉