Breaking News

ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၅)


ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၅)

ပါရမီတော်ခန်း - ပါရမီပဝစယဉာဏ်တော်

(မိုးမခ) မေ ၃၀၊ ၂၀၂၀

⚜ “ဗောဓိသမ္ဘာ၊ ကျင့်ခန်းဝါ၌၊ အရာကျကျ၊ ဆိုဆုံးမသည်၊ ကုံငဤသို့ကျယ်ဝန်းတည်း။”
(ရှင်မဟာသီလဝံသ - ပါရမီတော်ခန်းပျို့)


မြင့်မြတ်သူတို့၏ ကရုဏာပညာတို့ကို အခြေခံကာ ဆောင်ရွက်ခြင်းသည် ပါရမီ ဟုခေါ်ကြောင်း ဆိုခဲ့သည်။ သန္ဓေတည်လာသည့် မြင့်မြတ်မှုကို ရင့်ကျက် ခိုင်မာလာအောင် လုပ်ရသည်။ သုမေဓာ ရှင်ရသေ့သည် “ဤကမ္ဘာမှသည် မရေတွက်နိုင်သော ကာလတွင် လောက၌ ဘုရားစင်စစ် ဖြစ်လိမ့်မည်” ဟူသည့် ဒီပင်္ကရာ မြတ်စွာဘုရားထံမှ ဗျာဒိတ်စကားကို ကြားရသောအခါ၊ နတ်လူအပေါင်းတို့က “ဤရသေ့သည်ကား ဗုဒ္ဓမျိုးစေ့ကို စိုက်ပျိုးသူတည်း” ဟု ဝမ်းမြောက် ရွှင်လန်းစွာ ကောင်းချီးပေးကြသည်။ ရည်မှန်းချက်ရှိလျှင် ထိုရည်မှန်းချက်ကို ပြည့်မြောက်စေမည့် အလုပ်ကို လုပ်ရသည်။ ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေတော်ရင်းတွင် ပျိုးခဲ့သော ဗုဒ္ဓမျိုးစေ့ ရင့်ကျက် ရှင်သန် သီးပွင့်စေရန်အတွက် အလုပ်လုပ်ရမည် ဖြစ်သည်။ သုမေဓာ ရှင်ရသေ့က “မည်သည့် တရားတို့က ဘုရားအဖြစ်ကို ပြုတတ်သည်ကို စူးစမ်းဆင်ခြင်လေသည်။ ထိုသို့ စုံစမ်းဆင်ခြင်သောအခါ ဘုရားဖြစ်ရန် ပြုရမည့် တရားများသည် ဒါန, သီလ စသည့် ပါရမီဆယ်ပါး တရားများ ဖြစ်ကြောင်း သိမြင်လေသည်။ ဤကဲ့သို့ ပါရမီတော်တို့ကို ဆရာ့အကူအညီမပါဘဲ မိမိကိုယ်တိုင် “သယမ္ဘူဉာဉ် ပညာယှဉ်လျက်” စုံစမ်းဆင်ခြင်နိုင်သည့် အလောင်းတော်၏ ဉာဏ်တော်ကို “ပါရမီပဝစယဉာဏ်တော်” ဟု ကျမ်းဂန်တို့တွင် ခေါ်သည်။

ဗုဒ္ဓဝင်ပါဠိတော်တွင်လာသည့် သုမေဓာရှင်ရသေ့၏ ပါရမီတော်တို့ကို စုံစမ်းရှာဖွေကာ မိမိကိုယ် မိမိဆုံးမသည့် “ပါရမီတော် ဆင်ခြင်ခန်း” ကို အကျဉ်းခြုံး၍ ပြပါမည်။

(၁) ရေပြည့်အိုးကို သွန်မှောက်သကဲ့သို့၊ သင်သည်လည်း အလှူခံပုဂ္ဂိုလ်တို့အား အယုတ်အလတ်အမြတ် မရွေးဘဲ ပေးလှူကာ ဒါနပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၂) စာမရီသားကောင်သည် မိမိ၏ မြီးဆံ မပျက်စီးစေရန် အသေခံ၍ စောင့်ရှောက်သကဲ့သို့၊ သင်သည်လည်း အခါခပ်သိမ်း လေးပါးသော သီလတို့ကို စောင့်ရှောက်ကာ သီလ ပါရမီကို ဖြည့်ကျင့်ပါလော့။

(မှတ်ချက်။ “လေးပါးသော သီလ” ဟူသည်မှာ
• သိက္ခာပုဒ်တို့ကို စောင့်ထိန်းသည့် ပါတိမောက္ခသံဝရ သီလ၊
• မျက်စိ, နားစသည့် ဣန္ဒြေတို့ကို လုံခြုံအောင် စောင့်ထိန်းသည့် ဣန္ဒြိယသံဝရ သီလ၊
• အသက်မွေးမှုကို စင်ကြယ်အောင် စောင့်ထိန်းသည့် အာဇီဝပါရိသုဒ္ဓိ သီလ၊
• ပစ္စည်းလေးပါးကို ဆင်ခြင်၍ သုံးစွဲခြင်းကို မှီ၍ ဖြစ်သော ပစ္စယသန္နိဿိတ သီလ တို့ဖြစ်သည်။)

(၃) နှောင်အိမ်တွင် ကြာမြင့်စွာသော ကာလပတ်လုံး ဆင်းရဲစွာ အနှိပ်စက်ခံရသူသည် ထိုနှောင်အိမ်ကို တပ်မက်ခြင်း မရှိဘဲ လွတ်မြောက်ခြင်းကိုသာ လိုလားသကဲ့သို့၊ သင်သည်လည်း ဘဝခပ်သိမ်းအား နှောင်အိမ်အဖြစ် ရှုကာ ဘဝသုံးပါးမှ လွတ်မြောက်ရန် တောထွက်ခြင်းသို့ ရှေးရှုကာ #နိက္ခမပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၄) ဆွမ်းခံသော ရဟန်းသည် အယုတ်အလတ်အမြတ် မရွေးဘဲ မျှတသော ဆွမ်းကို ရရန် ခံယူသကဲ့သို့၊ သင်သည်လည်း အခါခပ်သိမ်း ပညာရှိတို့ကို မေးမြန်းကာ #ပညာပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၅) သားတို့သနင်း ခြင်္သေ့မင်းသည် ထိုင်ရာ, ထရာ, သွားရာ အခါခပ်သိမ်း တွန့်ဆုတ်ခြင်း မရှိဘဲ တက်ကြွသောစိတ် ရှိသကဲ့သို့၊ သင်သည်လည်း ခပ်သိမ်းသော ဘဝ၌ လုံ့လဝီရိယကို မြဲစွာ ချီးမြှောက်ကာ #ဝီရိယပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၆) မြေကြီးသည် ပစ်ချအပ်သော အရာကို စင်ကြယ်သည် ဖြစ်စေ မစင်ကြယ်သည် ဖြစ်စေ ချစ်ခြင်းမုန်းခြင်း မပြုဘဲ ခံယူသကဲ့သို့၊ သင်သည်လည်း ခပ်သိမ်းသော သူတို့၏ မြှောက်ပင့်ပူဇော်ခြင်း, နှိပ်ချဆက်ဆံခြင်းတို့ကို သည်းခံကာ #ခန္တီပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၇) လောကတွင် သောက်ရှူးကြယ်သည် မည်သည့် အချိန်, မည့်သည့် ဥတုတွင်မျှ သွားမြဲလမ်းမှ သွေဖီ၍ မသွားဘဲ ချိန်ခွင်ကဲ့သို့ တည်သကဲ့သို့၊ သင်သည်လည်း အမှန်တရား လမ်ကြောင်းမှ မသွေဖီစေဘဲ #သစ္စာပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၈) မတုန်မလှုပ် ခိုင်မြဲစွာတည်သော ကျောက်သားတောင်သည် လေပြင်းတို့ကြောင့် မတုန်လှုပ်ဘဲ မိမိအရပ်၌သာ တည်သကဲ့သို့၊ သင်သည်လည်း ဆောက်တည်ခြင်း၌ အခါခပ်သိမ်း မတုန်မလှုပ် ဖြစ်ကာ #အဓိဋ္ဌာနပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၉) ရေသည် သူတော်ကောင်းကို ဖြစ်စေ သူယုတ်မာကို ဖြစ်စေ အေးမြစေ၍ မြူအညစ်ကြေးကို စင်ကြယ်စေသကဲ့သို့၊ သင်သည်လည်း ရန်သူ မိတ်ဆွေ မခွဲခြားဘဲ တူမျှသော မေတ္တာပွားကာ #မေတ္တာပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၁၀) မြေကြီးသည် ပစ်ချအပ်သော အရာကို စင်ကြယ်သည် ဖြစ်စေ မစင်ကြယ်သည် ဖြစ်စေ ချစ်ခြင်းမုန်းခြင်း မပြုဘဲ အလယ်အလတ် သဘောထားသကဲ့သို့၊ သင်သည်လည်း ဆင်းရဲ ချမ်းသာတို့၌ အခါခပ်သိမ်း ချိန်ခွင်ပမာ တူမျှစွာထားကာ #ဥပေက္ခာပါရမီ ကို ဖြည့်ကျင့်ပါလော့။

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတွင် ဂေါတမ ဗုဒ္ဓမြတ်စွာ အဖြစ် ပေါ်ထွန်းလာခဲ့ရခြင်းသည် သုမေဓာရှင်ရသေ့ ဆုတောင်းပြည့်၍ မဟုတ်။ ဘုရားအဖြစ်ကို ရောက်စေနိုင်မည့် ပါရမီတော်တို့ကို ကိုယ်တိုင်ဆင်ခြင်ကာ ဘဝပေါင်းများစွာ ဖြည့်ဆည်းခဲ့ခြင်း ကြောင့်သာဖြစ်သည်။ ဒီပင်္ကရာ မြတ်စွာဘုရားက ဗျာဒိတ်ပေးသည် ဆိုခြင်းမှာ ဆုပေးခြင်း မဟုတ်၊ သုမေဓာရှင်ရသေ့တွင် သူချခဲ့သည့် ဗုဒ္ဓမျိုးစေ့ကို ရှင်သန်စည်ပင်အောင် ပြုစုပျိုးထောင်နိုင်သည့် ကရုဏာ, ပညာအစွမ်းအစ ရှိသည်, ဘုရားဖြစ်ရန် အင်္ဂါအရည်အချင်းများ ပြည့်စုံသည်ကို မြင်၍သာ “ဘုရားစင်စစ် ဧကန် ဖြစ်ရမည်” ဟု ဒီပင်္ကရာ မြတ်စွာဘုရားက ဗျာဒိတ်စကား မိန့်ကြားခဲ့ခြင်း ဖြစ်သည်။