Breaking News

မေနှင်းလဲ့မွန် - နေ့စဉ်ဆောင်ရွက် ကိုဗစ်၁၉ ကာကွယ်ရေးအတွက်


မေနှင်းလဲ့မွန် - နေ့စဉ်ဆောင်ရွက် ကိုဗစ်၁၉ ကာကွယ်ရေးအတွက်

(မိုးမခ) မေ ၃၀၊ ၂၀၂၀

Alameda County COVID-19 and Social Distancing Protocol

Shelter in Place Oder နဲ့အတူ ကလေးကျောင်းတွေပိတ်၊ လူစုလူဝေးပွဲလမ်းမှန်သမျှပိတ်၊ အရေးတကြီးမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေပိတ်ချလိုက်ပြီး ဆက်ဖွင့်ထားရတဲ့ အလုပ်ဌာနတွေ စာတိုက်တွေ၊ ဘဏ်တွေ စျေးတွေမှာ လက်ရှိလည်ပတ်နေတဲ့ အခြေခံအဆောက်အအုံကို အပြောင်းအလဲတွေ လုပ်ကြရပါတယ်။

Social Distancing Protocol အရ ရန်သူတော်ကိုအောင်နိုင်ဖို့ ကတုတ်ကျင်းတွေ ဗုန်းခိုကျင်းတွေ တူး၊ ဓါးသွေး လှံသွေး လက်နက်တွေ စုဆောင်း၊ အသစ်တီထွင်ကြံဆ ကြရပါတယ်။

အမေရိကားမှာ ဝင်ပေါက်တံခါးအများစုဟာ ဂျပန်နိုင်ငံမှာလို အော်တိုတံခါးတွေ မဟုတ်ကြသေးဘူး။ ဆွဲ သို့မဟုတ် တွန်း၊ ဖွင့် ပိတ်ရတဲ့တံခါးတွေ။ သန့်ရှင်းရေးအလုပ်သမားတွေဟာ တံခါး၊ လက်ကိုင်နဲ့ အဲဒီနေရာနားက မှန်ကို လူဖြတ်တိုင်း ပိုးသတ်နေရတယ်။ တကယ်က သူဟာလည်း ရှေ့တန်းကတိုက်နေရတဲ့လူဖြစ်နေတယ်။ ဘယ်သူက ရောဂါပိုးသယ်လာမှန်း မသိနိုင်ဘူးလေ။

စျေးတွေမှာ Shopping Cart, Shopping Basket, Self Checkout Counter တွေကို တယောက်သုံးပြီးတိုင်း တခါ ပိုးသတ်ဖို့ လူခန့်ထားရပါတယ်။

မလိုက်နာတဲ့ ဆိုင်တွေ တွေ့ရင် ခရိုင်အုပ်ချုပ်ရေးကို အကြောင်းကြားရတယ်။
Face Mask မတပ်ထားတဲ့လူဆိုရင် အထဲကို အဝင်မခံတော့ပါ။

အထဲမှာလည်း လူဦးရေ များမှာစိုးလို့ လူ အယောက် ၅၀စီ သို့မဟုတ် ၁၀၀စီ အဆောက်အဦရဲ့ အကျယ်နဲ့ ဆန့် မယ့်ဦးရေ ကန့်သတ်လိုက်တော့ အပြင်မှာ တန်းစီရတာ အရှည်ကြီးဖြစ်သွားတယ်။ အမြန်ဝယ်၊ ငွေချေဖို့ တန်းပြန်စီ၊ အမြန်ပြန်။

အိမ်သားတွေအားလုံးဟာ အိမ်ရောက်တာနဲ့ အဝတ်တွေ အကုန်ချွတ် အဝတ်လျှော်စက်ထဲပစ်ထည့်၊ အယင်က တပတ် ၃ခါလျှော်တဲ့ စက်က နေ့တိုင်းလည်နေရတယ်။ ရေကိုချွေတာဖို့ အတော်ခက်သွားပြီ။

အိမ်ကို ဧည့်သည်လာရင်လည်း mask တပ်၊ ခပ်ခွာခွာ စကားပြော၊ ကိစ္စအမြန်ရှင်း၊ ကျန်တာနောက်မှ အီးမေးလ်နဲ့ပို့၊ တယ်လီဖုံးနဲ့ပြော။
ပြန်သွားပြီးရင် စားပွဲ ကုလားထိုင် ကွန်ပြူတာ တယ်လီဖုံး အကုန်သုတ်၊ တံခါးလက်ကိုင်တွေအကုန်သုတ်၊ လက်ဆေး၊ အလုပ်ကိုရှုပ်နေရော။ ဒါလည်း အလွန်အရေးကြီးမှ လက်ခံတွေ့တာပါ။

၂၀၁၃ခုနှစ်ကတဲက ကာလီဖိုးနီးယားမိုးခေါင်လို့ ရေ ချွေတာသုံး နေကြရတဲ့ ပြည်နယ်သားတွေဟာ အိမ်သာခန်းတွေမှာ လက်ဆေးရင် စက္ကန့်၂၀ ကြာအောင်ဆေးကြဖို့ ညွှန်ကြားခံထားရပါတယ်။ စက္ကန့် ၂၀ဆိုတာ Happy Birthday သီချင်း သို့မဟုတ် A,B,C,D သီချင်း တခုခုဆိုပြီး ဆေးပါတဲ့။
(ကျမကတော့ ဘုရားဂုဏ်တော်ကို ၃ ခေါက်ရွတ်ပြီး ဆေးပါတယ်။)

Climate Change - Green California Project အတွက် တခါသုံးပလပ်စတစ်အိတ်မသုံးပဲ တာရှည်ခံစျေးဝယ်အိတ်တွေသုံးကြဖို့ ထုတ်ထားတဲ့စီမံချက်တွေဟာ ဖျက်လိုက်ရပြီး ကိုဗစ်တားဆီးနိုင်ဖို့ အတွက် တခါသုံးအိတ်တွေကို ပြန်သုံးကြရပါတယ်။

အလုပ်ထဲမှာ အယင်က လက်ဗွေနှိပ်ပြီး အဝင် အထွက် အလုပ်ချိန်မှတ်တဲ့ စက်ကို ပေးမသုံးတော့ပဲ အလုပ်သမားရေးရာက အားလုံးအတွက် အချိန်ပြည့်ကို တာဝန်ယူဖြည့်ပေးပါတယ်။

ထမင်းစားတဲ့စားပွဲကို ၆ပေမှာ ကုလားထိုင် တလုံးပဲ ချထားပေးတယ်။ လိုအပ်တဲ့ နေရာတွေအတွက် အဆောက်အဦအပြင်ဖက်မှာ တိုးချဲ့ ယာယီတဲတွေ ထိုးပေးထားပြီး လူစုခွဲ စားကြရပါတယ်။

လူ လက်နဲ့ ထိတွေ့ထားတဲ့ နံရံတွေအားလုံးကို ဆေးပြန်သုတ်တယ်။

အယင်က ဇွန်းခရင်းတွေ အချောင်း ၄၀၀ ဗူးလိုက် ချထားပေးနေရာကနေ တချောင်းချင်း ထုတ်ထားတဲ့ ဇွန်းခရင်းတွေ ဖြစ်ကုန်ပါတယ်။

အလုပ်ထဲက ရေဆွဲအိမ်သာနဲ့ လက်ဆေးခွက်ကရေဘုံဘိုင်တွေဟာ နဂိုထဲက sensor နဲ့ ဆိုတော့ လက်နဲ့ထိစရာမလိုဘူး။ ဒါပေမယ့် လက်သုတ်တဲ့ စက္ကူတွေကို ထည့်တဲ့ dispenser အဟောင်းတွေကို လက်နဲ့လှည့်စရာမလိုအောင် sensor တပ်ထားတဲ့ dispenser နဲ့ အကုန်လုံး လဲတပ်ပေးပါတယ်။

အိမ်ကလာရင် တပ်လာရတဲ့ အဝတ် Mask ကတခု၊ အလုပ်ထဲက clean room ထဲမှာတပ်ရတဲ့ Surgical Mask ကတခု ၂မျိုး သုံးရပါတယ်။
အယင်က clean room ရဲ့ deep clean ကို တလမှ တခါ လုပ်နေရာကနေ တပတ်တခါ လုပ်ပါတယ်။

အိမ်ကနေ အလုပ်လုပ်ရမယ့်လူတွေကို အွန်လိုင်းကနေ သင်တန်းပေးပြီး မတ်လ ၁၅ရက်ထဲက ပေးမလာတော့ပါ။ ဒါဟာ အမြဲတမ်းပဲ ဖြစ်သွားတော့မလားမသိဘူး။

ဧပြီ ၁၃မှာ အလုပ်လာရတဲ့လူတွေကို မေလကုန်ထိ အချိန်ဇယားထပ်ပြောင်းပါတယ်။ ခရိုင်က ဧပြီလကုန်ထိ Social Distancing (မူလ)ကာလကို ကုမ္ပဏီက အစထဲက မေလကုန်ထိ ပိုယူထားတာပါ။
အုပ်စု A နဲ့ B ၂စုခွဲပြီး၊ Aက တပတ် လုပ်နေရင်၊ B က တပတ်နားနေရာကနေ A က တနေ့ ၁၀နာရီ နဲ့ Mon, Tue, Wed ၃ရက်လုပ်၊ Thu, Fri, Sat, Sun ၄ရက်ပိတ်။ B က Thr, Fr, Sat လုပ် Sun, Mon, Tue, Wed ၄ရက်ပိတ်။ ဒီလိုဆိုတော့ ကုမ္ပဏီဟာ ပုံမှန်နီးပါး လည်ပတ်လို့ ရသွားပါပြီ။ တပတ်ကို ၃ရက်ပဲ အလုပ်သွားရတာဆိုတော့ လုပ်ပျော်ပါတယ်။

ကုမ္ပဏီဟာ ‌ဒေသဆိုင်ရာ၊ ပြည်နယ်ဆိုင်ရာ၊ နိုင်ငံလုံးဆိုင်ရာအပြင် တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျန်းမာရေးဌာနအသီးသီးက လမ်းညွှန်ချက်တွေကို ထည့်သွင်းစဥ်းစားပြီး အတင်းကျပ်ဆုံးစည်းကမ်းတွေကို လိုက်နာလုပ်ဆောင်နေတာဖြစ်လို့ အလုပ်ပတ်ဝန်းကျင်ဟာ စိတ်ချလုံခြုံစရာပါ။

ဧပြီ ၂၇ရက်နေ့ အလုပ်လုပ်နေရင်း ဥက္ကဌရဲ့ ဗွီဒီယိုဖိုင် အီးမေးလ်ဝင်လာလို့ ဖွင့်နားထောင်ကြတော့၊ ကုမ္ပဏီကအလုပ်သမား ၂ဦး ကူးစက်ခံရလို့ သူ့လုပ်ဖော်ကိုင်ဖက်တွေကိုပါ အိမ်မှာ ၂ပတ် ပေး နားထားတဲ့ အကြောင်းနဲ့ စည်းကမ်းချက်တွေကို တင်းတင်းကြပ်ကြပ်လိုက်နာကြဖို့။

“mask တပ်၊ လက်သေချာဆေး၊ ၆ပေကွာနေ၊ ဖျားရင်အလုပ်မလာနဲ့။”

ကုမ္ပဏီပုရဝဏ်ထဲမှာ အဆောက်အဦ ၈ခုရှိပြီး ကျမတို့ လုပ်နေတဲ့ အဆောက်အဦထဲက မဟုတ်ပေမယ့် ကိုဗစ်တော့ ဒီထဲကို ရောက်လာပြီကိုး။

မေလ ၁၈ရက်နေ့မှာ ကျမတို့အဆောက်အဦထဲက တယောက် ထိပြန်ပါတယ်။

ဇွန်လမှာ ပုံမှန်အချိန်ဇယား ပြန်စ မယ်လို့ ပြောထားတာ ဘာသံမှ မကြားရတော့။

ဒီစစ်ကြီးမှာ စစ်သေနာပတိဟာ ကျန်းမာရေးဌာနက ဆရာဝန်တွေပါ။
ကျမတို့ခရိုင်က ကျန်းမာရေးဌာနက အကယ်၍များ သမတ၊ ပြည်နယ်ဘုရင်ခံ၊ မြို့တော်ဝန်တွေရဲ့ ညွှန်ကြားချက်တွေနဲ့ ကွဲလွဲနေခဲ့ရင် ပိုတင်းကြပ်တဲ့ စည်းမျဥ်း နောက်ကိုသာလိုက်ပါတဲ့။