Breaking News

တိုးနှောင်မိုး - ပုံဟောင်းများ

KT#
ပုံဟောင်းများ
တိုးနှောင်မိုး 
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၀

ညကအနက်ရောင်ဆိုးဖို့
မိုးကသဲပေးသွားတာလား။

အရေးအခင်းကအိပ်မက်ပေးတယ်
ကဗျာကုန်ကျယ်သရွှေ့နှင်းတွေ
မိအေးကဘယ်နှခါနာနာ
ကဗျာကကဗျာပဲ။

ကျောင်းတွေမဖွင့်သေးလဲ
ကျောင်းဆင်းချိန်မိုးရွာသွန်းမြဲ။

ရွှေလိုစုမိတဲ့အလင်းကိုတော့
ထပ်မကျင်ချင်ဘူး
အချစ်ဆိုတာဒေါ်နယ်ထရန့်အကျပဲ
ဘယ်တော့ချက်ဗက်လက်ကားတွေရှိအုံးမလဲ။

ကျနော်လူနာတင်ယဥ်နဲ့တူနေပါပြီ
မီးသတ်ကားလောက်တော့ရုတ်ရုတ်သဲသဲမဖြစ်သေးဘူး
အရေးပေါ်တော့အရေးပေါ်ပဲ။

သိစရာမလိုတဲ့အထဲမှာ
မာယာကော့စကီးမပါပါဘူး
မသိစရာလိုတဲ့အထဲမှာ
ကျနော်တော့ပါတယ်။

အပြင်မှာမိုးမလင်းသေးဘူးလား
အပြင်မှာမိုးတော့ဆဲသွားပြီ။

၁၂  ဂျွန်
မနက်