Breaking News

ဧရာ(မန္တလေး) - ဒဏ္ဍာရီပြတဲ့ ဘ၀ဖြစ်စဉ်



ဧရာ(မန္တလေး) - ဒဏ္ဍာရီပြတဲ့ ဘ၀ဖြစ်စဉ်

(မိုးမခ) ဇွန် ၁၄၊ ၂၀၂၀

(သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်)


ခုတလောမှာ ဒဏ္ဍာရီတွေ အကြောင်း ဖတ်ဖြစ်နေရင်း တွေးဖြစ်ရင်း “တည်-ထွက်-ပျက်-ကျောက်-ထီး-နန်း-စံ” ဆိုတဲ့ မဟာဇနက ဟောကိန်းကို သတိရမိတယ်။ လူတွေရဲ့ ဘဝဖြစ်စဉ် အတက်အကျကို အလောင်းတော် မဟာဇနကမင်းရဲ့ ဘဝဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဟောကိန်းထုတ်တာကို သတိပြုမိလို့ပါ။

လူတိုင်းကို မဟာဇနကမင်းနဲ့ ထပ်တူချပြီး တိုင်းထွာနေတာ မဟုတ်ပေမယ့်၊ လူတိုင်းရဲ့ ဘဝဖြစ်ပေါ် ပြောင်းလဲမှု အတက်အကျ ပုံစံတွေကတော့ တူနေတတ်တယ်၊ ပြီးတော့ ဒီလို ဖြစ်စဉ်မျိုးတွေကလည်း ထပ်ဖန်တလဲလဲ ကျော့နေတယ် ဆိုတာကို ယေဘုယျအားဖြင့် လက်ခံထားကြတဲ့ သဘောပါ။

လူတစ်ယောက်ချင်းစီရဲ့ ဘဝဖြစ်စဉ်ပဲ ဖြစ်ဖြစ်၊ ဒဏ္ဍာရီထဲက သူရဲကောင်းကြီးတွေရဲ့ ဖြစ်စဉ်ပဲ အဖြစ်ဖြစ် အသေးစိတ် အချက်အလက် ဇာတ်လမ်း ဇာတ်ကွက်တွေက မတူကြဘူးဆိုရင်တောင်မှ ထပ်ဖန်တလဲလဲ တွေ့နေရတတ်တတ်တဲ့ ဓမ္မတာသဘောနဲ့ သင်္ကေတ နိမိတ်ပုံရိပ်တွေ (mythological motif and symbols) ကတော့ အနည်းနဲ့ အများတူနေတတ်ကြတယ်။

ဥပမာ နိပါတ်တော်ထဲက မဟာဇနကနဲ့ ဂရိစာဆို ဟိုမားရဲ့ Odyssey တွေက ဘာမှ မသက်ဆိုင်ပေမယ့်၊ ပင်လယ်ပြင်ကို စွန့်စားဖြတ်ကျော်တဲ့ ခရီး, ကူညီကယ်မတဲ့ နတ်သမီး, လေးတင်ပွဲနဲ့ ပဟေဠိ စတဲ့ နိမိတ်သင်္ကေတတွေက အထိုက်အလျောက် တူနေကြတယ်။ မဟာဇနဇာတ်က ဖခင်ရဲ့ အရိုက်အရာ ဖြစ်တဲ့ မိထိလာထီနန်းကို ပြန်လည် သိမ်းပိုက်တဲ့ စွန့်စားခန်း၊ ဂရိဒဏ္ဍာရီ Odyssey ကလည်း အခက်အခဲတွေကြားက ပင်လယ်ပြင်ကို စွန့်စား ဖြတ်ကျော်ပြီး ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်မိဖုရားကို ပြန်လည် သိမ်းပိုက်တဲ့ စွန့်စားခန်း။ ခင်ဝမ်းရဲ့ “ဆယ်လ်မွန်ငါးတို့ အပြန်”, စိုင်းထီးဆိုင်ရဲ့ “ပျောက်ဆုံးနေသော နိဗ္ဗာန်” သီချင်းတွေရဲ့ Theme ကလည်း မဟာဇနကဇာတ်, ရာမာယဏ, မဟာဘာရတ, Odyssey စသဖြင့် ဒဏ္ဍာရီပုံပြင် အတော်တော်များများမှာ တွေ့ရတတ်တဲ့ အိမ်လွမ်းစိတ်နဲ့ ပြည်တော်ပြန်ခန်း Nostalgic/ Homecoming (Nostos) motif ပဲ မဟုတ်လား။

“Myths are first and foremost psychic phenomena that reveal the nature of the soul.” (Carl Jung, Archetypes of Collective Unconsciousness)

“For the symbols of mythology are not manufactured; they cannot be ordered, invented, or permanently suppressed. They are spontaneous productions of the psyche, and each bears within it, undamaged, the germ power of its source.” (Joseph Campbell, The Hero with a Thousand Faces)

(အချို့ပုံပြင်တွေက ဖြစ်ရပ်မှန် သမိုင်းနောက်ခံ မရှိကြဘူး ဆိုရင်တောင်မှ) ဒဏ္ဍာရီတွေက လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေ မဟုတ်ကြဘူး။ လူတိုင်းရဲ့ ရင်ထဲမှာ တနည်း မဟုတ် တနည်း ရှိနေတဲ့ အတွင်းစိတ်သဘာဝ (စိတ်ပညာရှင်တွေရဲ့ စကားနဲ့ ပြောရင်တော့ collective unconsciousness) ကနေ ထွက်ပေါ်လာကြတာပါ။ လူတိုင်းက မွေးဖွားစ ကတည်းက မိခင်နဲ့ ခွဲခွာရခြင်း, မိသားစုနဲ့ ခွဲခြာရခြင်းဆိုတဲ့ ကွေကွင်းမှုဝေဒနာ (separation anxiety) ကို တဆင့်ချင်း ရင်ဆိုင် ကျော်လွှားခဲ့ကြရတယ်။

ကွဲကွာနေတဲ့ မိဘ, အိမ်, မိသားစုနဲ့ ပြန်လည်ပေါင်းဆုံနိုင်ဖို့ ဆိုတဲ့ ဆန္ဒက လူတိုင်းရဲ့ ရင်ထဲမှာ ပုံစံတမျိုးစီနဲ့ ရှိနေကြတယ်။ ဗြာဟ္မဏဝါဒက ဗြဟ္မာကြီးနဲ့ ပြန်လည်ပေါင်းဆုံဖို့ (ဗြဟ္မသဟဗျာတာယ), ခရစ်ယာန်ဘာသာက ကောင်းကင်ဘုံမှာ အဖဘုရားသခင်နဲ့ ပြန်လည်ဆုံဆည်းဖို့ ဆိုတဲ့ မြှော်လင့်ချက်တွေကလည်း ပုံစံကွဲပေမယ့် သဘောချင်းတူတဲ့ အိပ်မက်တွေပါပဲ။

စိတ်ပညာရှင်တွေက အိပ်မက်နဲ့ ဒဏ္ဍာရီတွေကို လေ့လာပြီး လူ့ရဲ့ အတွင်းစိတ်သဘာကို နားလည်အောင် ကြိုးစားကြတယ်။ Freud ကတော့ မအောင်မြင်ဘဲ ကျရှုံးသွားခဲ့တဲ့ Oedipus ဒဏ္ဍာရီကိုထုတ်၊ လိင်စိတ်သဘာဝနဲ့ Oedipus Complex ကို အသားပေးပြီး လူ့စိတ်သဘာဝ ဖွံဖြိုးတိုးတက်မှုကို ရှင်းပြတယ်။ သူ့တပည့် Carl Jung ကတော့ ဒါကို သိပ်လက်မခံဘူး။ အရိပ် (shadow) လို့ခေါ်တဲ့ မြိုသိပ်ထားရတဲ့ စိတ်ဆန္ဒ လူ့စိတ်အတွင်းရန်တွေကို ကျော်လွှားနိုင်မှ သူရဲကောင်း ဖြစ်မယ် ဆိုပြီး၊ အောင်မြင်တဲ့ သူရဲကောင်းတွေရဲ့ ဒဏ္ဍာရီနဲ့ စိတ်ဖွံဖြိုးမှု ဖြစ်စဉ်ကို နှိုင်းယှဉ်ပြတယ်။

He is no hero who never met the dragon, or who, if he once saw it, declared afterwards that he saw nothing. Equally, only one who has risked the fight with the dragon and is not overcome by it wins the hoard, the “treasure hard to attain.” (Carl Jung)

ကမ္ဘာအရှေ့အနောက် တဝှမ်းက ဒဏ္ဍာရီတွေကို Jungian Theory အတိုင်း လေ့လာပြီးရေးခဲ့တဲ့ စာအုပ်တွေထဲမှာ Joseph Campbell ရဲ့ The Hero with a Thousand Faces ဆိုတဲ့ စာအုပ်က အတော်လေး နာမည်ကြီးတယ်။ နောက်ဆုံးမှာ သူရဲကောင်းပုံပြင်တွေ အားလုံးက အသေး စိတ်အချက်အလက်တွေ ကွဲချင်ကွဲနေပေမယ်၊ အခြေခံ ဖြစ်စဉ်ကတော့ အတူတူပဲဆိုတဲ့ ပုံစံကို ထုတ်ပြထားတယ်။ အကျဉ်းခြုံးရင် စွန့်စားခန်းထွက်တယ်၊ အခက်ခဲတွေကို ရင်ဆိုင်ဖြတ်သန်းပြီး အောင်ပွဲခံတယ်၊ ပြည်တော်ပြန်တယ် (Separation – Initiation – Return) ဆိုပြီး အဆင့်သုံး ဆင့်ရှိတယ်။ ဒါကို အဆင့် ၁၇-ဆင့် ထပ်ချဲ့ပြီး ရှင်းပြထားတယ်။

ခေတ်သစ် ဒဏ္ဍာရီလို့ ခေါ်နိုင်တဲ့ Star War ရုပ်ရှင်က Campbell ရဲ့ စာအုပ်ကို လေ့လာပြီး ဒီအတိုင်းရအောင် ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ရုပ်ရှင်လို့ဆိုတယ်။ Star War နောက်ပိုင်း အမေရိကန်ရုပ်ရှင် အတော်များများက Campbell ရဲ့ ဩဇာ မကင်းလှဘူး။

မဟာဇနကဇာတ်က “တည်-ထွက်-ပျက်-ကျောက်-ထီး-နန်း-စံ” ဆိုတဲ့ ဖြစ်စဉ်တွေကို Campbell ရဲ့ သူရဲကောင်း ခရီးစဉ် ၁၇-ဆင့်နဲ့ ဆက်စပ်ပြီး ပြန်ဖတ်ကြည့်နိုင်တယ်။ အများစု အသိများတဲ့ မဟာဇနကဇာတ်လမ်းက “တည်-ထွက်-ပျက်-ကျောက်-ထီး-နန်း-စံ” ဖြစ်စဉ်က Separation – Initiation – Return ဖြစ်စဉ် တပတ်လည်ရုံပဲ ရှိသေးတယ်။

မင်းစည်းစိမ်ကို ချီးမွမ်းခန်း, သံဝေဂရ တော်ထွက်တော်မူခန်း, နာရဒ ရသေ့, မိဂါဇိနရသေ့တို့နဲ့ တွေ့ဆုံခန်း, ဈာန်အဘိညာဉ်ရပြီး သေလွန်တဲ့အခါ ဗြဟ္မဘုံကို ရောက်ပြီး နောက်ဆုံး ဇာတ်ပေါင်းခန်းမှာ မဟာဇနကမင်းက ဗုဒ္ဓမြတ်စွာ ဖြစ်လာတယ်ဆိုတာက ဒုတိယမြောက် သူရဲကောင်းခရီး (Separation – Initiation – Return process) လို့ ဆိုနိုင်ပါတယ်။ ဓမ္မသဘောအရ ပိုပြီး အရေးပါလှတဲ့ ဒီဒုတိယပိုင်းကိုတော့ ပထမပိုင်းက မဏိမေခလာ ကယ်ခန်းလောက် လူသိ မများကြပါဘူး။

မဟာဇနကဇာတ်တော်ကို ဝီရိယပါရမီ ဖြည့်ကျင့်ပုံ အဖြစ် ဗုဒ္ဓဝင်အဋ္ဌကထာနဲ့ စရိယာပိဋကအဋ္ဌကထာတွေမှာ သာဓကထုတ်ပြတာက ဇာတ်တော်ရဲ့ ပထမပိုင်းကို ရည်ရွယ်ပါတယ်။

ဇာတကအဋ္ဌကာထာမှာတော့ “မြတ်စွာဘုရားက ယခုမှသာ တောထွက်တော်မူခဲ့တာ မဟုတ်ဘူး။ (ပါရမီဖြည့်စဉ်ကာလ အလောင်းတော် ဘဝကလည်း ယခုထက်ပင် ငြိတွယ်စရာများလှတဲ့ မင်းစည်းစိမ်ကို စွန့်ပြီး) မြတ်သော တောထွက်ခြင်း (မဟာဘိနိက္ခမန) ကို ပြုခဲ့တယ်” လို့ ဇာတ်တော်ရဲ့ ဒုတိယပိုင်းကို အသားပေးပြီး နိက္ခမပါရမီကို ဖြည့်ကျင့်ပုံကို ထုတ်ပြခဲ့တယ်။

ဒဏ္ဍာရီတွေ, ဇာတ်တော်တွေမှာ စိတ်အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးမှု ခရီးစဉ်ကို ရှာကြည့်နိုင်တယ်။