Breaking News

မောင်ရစ် - ၇၅နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၊ ဖေ့စ်ဘွတ်ပေါ်က မွေးနေ့

Art - Thsn Htay Maung

မောင်ရစ် - ၇၅နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၊ ဖေ့စ်ဘွတ်ပေါ်က မွေးနေ့

(မိုးမခ) ဇွန် ၂၀၊ ၂၀၂၀

ဒေါ်အောင်ဆန်းစုကြည် ၇၅နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ကျန်းမာသက်ရှည်ပါစေလို့ အများပြည်သူနဲ့အတူတူ ဆုတောင်းပါတယ်။ ကိုဗစ်၁၉ ရောဂါကပ်ဘေးဖြစ်တော့ ပြည်သူနဲ့အတူတူ ရင်ဆိုင်ဖြတ်သန်းဖို့ ဒေါ်စု ဖေ့စ်ဘွတ်အကောင့်ဖွင့်လိုက်တာဟာ လက်ရှိ ၂၀၂၀ မှာ ထူးခြားမှုတခု ဖြစ်တယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဖေ့စ်ဘွတ်ကနေ အွန်လိုင်းတွေ့ဆုံပွဲတွေနဲ့ အများပြည်သူတွေကို တွေ့ဆုံဆွေးနွေးတာတွေဟာ မျိုးဆက်သစ်တွေ အထူးသဖြင့် ၈၈ နောက်ပိုင်း ကြီးပြင်းလာတဲ့ အများပြည်သူတွေအတွက် အလွန်ကျေးဇူးများပါတယ်။

သတင်းစာမျက်နှာများ ရုပ်သံများ စာအုပ်စာတမ်းများက တဆင့် ဒေါ်အောင်ဆန်ုးစုကြည်ထက် အပြင်လက်တွေ့က ဒေါ်အောင်ဆန်းစုကြည်ကို မျက်ဝါးထင်ထင် တွေ့ကြရတာဟာ အလွန်ကောင်းမွန်တဲ့ အဖြစ်ပါပဲ။ ၁၉၈၈ ကနေ ခုထိ အနှစ် ၃၀ ကာလအတွင်း မိန့်ခွန်း၊ စင်မြင့်၊ သတင်းစာရှင်းလင်းပွဲ၊ အခမ်းအနား၊ အကျယ်ချုပ်၊ တရားရုံးများကနေ တဆင့် မြင်နေရတဲ့ ရင်းနှီးရတဲ့ ခေါင်းဆောင်ကို ကိုဗစ်၁၉ ကျေးဇူးနဲ့ အများပြည်သူသုံးစွဲသော ဖေ့စ်ဘွတ်အွန်လိုင်းမှာ အရှင်လတ်လတ် လိုက်ဗ် မြင်ခွင့်ရကြတာဟာ သာဓု ခေါ်စရာ ဖြစ်ပါတယ်။

ဝမ်းသာစရာ ဆိုတာက ခေါင်းဆောင်တယောက်၏ အများပြည်သူနဲ့အတူ စကားပြောဆို မှာကြားမှုတွေဟာ social distancing ကာလမှာ community (social) closeup ဖြစ်သွားတယ်လို့ ထင်မိပါတယ်။ သွေးမအေးပဲ သွေးနီးကုန်ကြတယ် ထင်ပါတယ်။

အမေရိကားမှာကတော့ ခေါင်းဆောင်ကြီး ထရန့်က သူအလိုမကျတဲ့ အရာတွေကို ဆိုရှယ်မီဒီယာကနေ ဖောက်ခွဲပါတယ်။ သူ့နောက်လိုက်တွေကိုလည်း သွေးထိုးလှုံဆော်မှုတွေ လုပ်ပါတယ်။ သူလုပ်နေတာတွေက social distanced -ing - မိသားစုတွေ ပိုဝေးကွာစေခြင်းကို အားပေးပါတယ်။ အခုဆိုရင် ကိ်ုဗစ်၁၉ ကပ်မှာ အမေရိကန်တွေ တကွဲတပြားဖြင့် ရင်ဆိုင်ရလို့ နွားကွဲကိုဗစ်ကိုက် ဖြစ်နေပါတယ်။ ဒါ့အပြင် လူမျိုးရေးအဓိကရုန်းကိုလည်း ကြီးရာမှငယ် ငယ်ရာမှပျောက်အောင် မလုပ်ဘဲ ခေါင်းဆောင်ကြီးထရန့်က မီးလောင်ရာလေပင့်လို့ လူမျိုးရေးမညီမျှမှုဟာ ထင်ရှားသော ပြသနာအဖြစ် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

သည်နေရာမှာ နည်းပညာ၏ မျက်နှာလိုက်မှုလို့ ပြောမလား မသိ။ ကိုဗစ်၁၉ က လူနေမထူထပ်သော တောရွာတွေမှာ သိပ်မဆိုးဝါးပါဘူး။ သူတို့တွေက သိပ်တောင် ဂရုမစိုက်မိကြပါဘူး။ လူမျိုးရေးအဓိကရုန်းတွေကလည်း လူဖြူလူမည်းလူဝါ ထူထပ်သော နေရာတွေမှာသာ တင်းမာမှု ပြင်းထန်ပါတယ်။ သာမန်အချို့ဒေသတွေဆိုရင် လူမည်းတွေအတွက် ထွက်ဆန္ဒပြကြတာ အားလုံး ပုလိပ်တွေ အပါ အေးဆေးသက်သာပါပဲ။ ခေါင်းဆောင်ကြီး ထရန့်ကိုလည်း သိပ်ပြီး အရာမပေးဘဲ နေသာသလိုနေကြပုံရပါတယ်။

သည်တော့ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ဆိုရှယ်မီဒီယာကနေ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နေတာဟာလည်း ထိရောက်တဲ့ နေရာဒေသတွေ ရှိနိုင်သလို၊ စစ်မက်ဖြစ်ပွားနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်နေတဲ့ ၊ အမုန်းစစ်ပွဲ ပြင်းထန်နေတဲ့ နေရာတွေဆီကိုတော့ ရောက်လိမ့်မယ် မထင်ပါဘူး။ သူတို့ဆီကို ဒေါ်အောင်ဆန်းစုကြည် ပို့သသော မေတ္တာတွေ ရောက်ရှိအောင်ကတော့ နီးစပ်သော အများပြည်သူတွေကတဆင့် လက်ဆင့်ကမ်းပြီး ပေးပို့ကြမှ ရောက်ရှိလိမ့်မယ် ဖြစ်ပါတယ်။

အမေရိကားကတော့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကို ယုံကြည်တုန်းပါပဲ။ ၂၀၂၀ နိုဝင်ဘာမှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တို့ ကန်ကြဦးမှာပါ။ ရွေးကောက်ပွဲဖလား ဖိုင်နယ်ပေါ့။ အိုဘားမားနဲ့ ဘာနီဆန်းဒါးတို့က ပြောပါတယ်။ လူငယ်တွေ မျိုးဆက်သစ်တွေ ဝင်ကန်ကြ၊ ဝင်ကစားကြ၊ ဝင်အရွေးခံကြပါတဲ့။ စနစ်ဟောင်း လူဟောင်း တွေကို VOTE THEM OUT လုပ်ကြပါတဲ့။ သည်နည်းနဲ့ ပြောင်းလဲပစ်နိုင်ပါတယ်တဲ့။ ကိုယ့်အလိုမကျမှုတွေ စိတ်ပျက်မှုတွေကို မဲလက်နက်ကို ကိုင်၊ ကိုယ်တိုင်လည်း ဝင်အရွေးခံပြီး ဝင်လုပ်ကြဖို့ တိုက်တွန်းနေပါတယ်။

မြန်မာပြည်မှာလည်း ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကို ယုံကြည်နေတုန်းကာလ ဖြစ်နေဆဲ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အများပြည်သူက ခေါင်းဆောင်အဖြစ် မျော်လင့် ကိုးစား ယုံကြည်ဆဲ ပါပဲ။ သည်တော့ မြန်မာပြည်ရွေးကောက်ပွဲမှာ ဆက်ပြီးတော့ စနစ်ဟောင်း လူဟောင်းတွေကို Vote Them Out လုပ်ကြရဦးမယ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၇၅နှစ်ပြည့်မှာ ပြည်သူတွေအတူ social distancing လုပ်စရာမလိုပဲ ပိုပြီး နီးကပ် နွေးထွေး တိုက်ရိုက် ချိတ်ဆက် ချီတက်နိုင်ပါစေ။

(မောင်ရစ်)