Breaking News

ရဲဘော်သံခဲ - “ စျေး စပါး မျိုးလုပ်၊ အကျိုးယုတ် သတဲ့ ”


 
စျေး စပါး မျိုးလုပ်၊ အကျိုးယုတ် သတဲ့
ရဲဘော်သံခဲ
(မိုးမခ) မေ ၉၊ ၂၀၂၂


နိဒါန်း။
ဒီဇာတ်လမ်းတွင် ပုံပြောသူမှာ
၁။ဗဟိုတရားရုံးရှေ့နေကြီး ဦးဟာမာညွန့်၊ (ထောင်ထွက် ကျောက်ဆည် သပိတ်ကော်မတီ အတွင်းရေးမှူး)
၂။ဆွေးနွေးသူ မောင်သံခဲ၊။ ( နှစ် ၃၀ သူပုန် လုပ်ခဲ့သူ )
၃။ တိုင်တည်ပြောခံရသူ မမတူး (ခ) အမေတူး၊။ ( သူပုန်အမေ၊ နိုင်ငံ ကောင်းစားစေချင်သူ)

(၁)

အလံ အဖြူ၊ အနီ၊ အဝါ၊ အပြာ။
ကြယ်ကလဲ အဖြူ၊ အနီ၊ အဝါ။ တလုံး၊ နှစ်လုံး၊ လေးငါးလုံး။
ဝါဒတွေက ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ဒီမိုကရေစီ ပေါ့ကွာ။
သံခဲရာ ပစ်လိုက်ကြတာ မှန်သလား ထိသလား၊ ဘယ်သူက ဘယ်သူ့ ပစ်မှန်းမသိ။
ဒို့တရွာလုံး ညတိုင်း တရွှီးရွှီး တဖြောင်းဖြောင်း နဲ့ အသံတွေကြားနေရတာကွ။ ငါတို့တွေ ကလေး၊ လူကြီးအားလုံး ကုတင်အောက်ဝင် အိပ်ရတာဟ။
ခွေးတွေလဲ ဟောင်ဖို့မပြောနဲ့ အမြီးတွေကုပ်ပြီး တအီတအီနဲ့ လူကြား ဝင်တိုးတာ၊ နွားတွေဆိုတာ နားရွက်တောင် မခတ်နိုင်ဘူး၊ ဂျိုတွေတောင် ကုတ်လို့။
ဒါ တို့မြန်မာပြည် အလယ်ခေါင် က ကျောက်ဆည် ကူမဲနော်။
နှာခေါင်းပေါက်လောက်ကျယ်တဲ့ မြို့ကို သံလမ်း အရှေ့ဘက်က ကွန်မြူနစ်အုပ်ချုပ်ပြီး အနောက်ဘက်ကို ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော်လားမသိ တလှဲ့စီ အုပ်ချုပ်နေတာ ကွ။
အဲဒီတုန်းက ငါတို့မိသားစုက ကူမဲမှာနေတာ။ ငါက သားအကြီးဆုံး။ ၇ နှစ်၊ ၈နှစ်ပေါ့ကွာ။ ကောင်းကောင်းမှတ်မိတာပေါ့။ အလံထောင်ပြီး လာတဲ့သူမှန်သမျှ ငါတို.တွေ ကြောက်နေရတဲ့ ကာလကြီးပေါ့။

(၂)

တရက် ရွာထိပ်က ကိုချစ်တီးကို ကွန်မြူနစ် အနီ နဲ့ဆက်လို့ ပညာပေးတာ၊ ရွာထိပ်ညောင်ပင်အောက်မှာ ကြိုးတုတ်ပြီး ဗိုလ်ကြီးဆိုတဲ့သူက နွားရိုက်တဲ့ နားကန်တုတ်နဲ့ ရိုက်တာများကွာ တရွာလုံးရှေ့မှာ။ တဖုန်းတဖုန်း တအား အားနဲ့။ နောက်ဆုံး တရွာလုံးက ထိုင်ကန်တော့ပြီး ကိုချစ်တီး နွားပျောက်လို့ အရေပြားတောမှာ နွားရှာတာပါလို့ တောင်းပန်ကြမှ ရိုက်တာရပ်တာ မမတူးရေ။ ကိုချစ်တီးလဲ ကျောပြင်က ဒါဏ်ယာတွေကို ဆနွမ်းသိပ် ပြီး ကြပ်ထိုးတာ လချီ တောင်ကြာတယ် သံခဲရေ။
နောက်ပြီး တမနက် မိုးမလင်းတလင်းပေါ့ကွာ၊ စျေးထိပ်မှာ စျေးစောင့် ကိုပြူး ဗိုက်မှာ သေနပ်မှန်ထားတာ အူတွေထွက်ပြီး သွေးအိုင်ထဲ ခွေခွေလေး သေနေတာ စျေးထွက်ဖို့ လာတဲ့လူတွေတွေ့မှ သိတာ ဟ။ ဘယ်အဖွဲ့ကလဲ မသိ၊ ဘယ်သူက ပစ်လိုက်တဲ့ ကျည်လဲမသိပါဘူးကွာ။ အချောင်နေရင်း ကိုပြူးမိန်းမက ကလေး ၃ ယောက်နဲ့ မုဆိုးမဖြစ်တာသာ အဖတ်တင်တာ မောင်။
ရွာထုံးစံအတိုင်း အစိမ်းသေဆိုတော့ နေ့ချင်းပြီး အသုဘချပေါ့။
သူကြီး ဖိုးသာဒင်ဆိုတာတော့ အဖွဲ့ပေါင်းစုံနဲ့ တည့်အောင်ပေါင်းနေရတော့ တသက်လုံး သာဒင်ကို ဘာထင်သလဲ မမေးနဲ့ဆိုတဲ့သူကြီးကနေ ကန်တော့ပါရဲ့ မမတူးရယ် သာဒင်ရေ ဖာထင်တယ်ဆိုတဲ့ဘဝ ရောက်ရော။ ဒါတောင် ငါတို့သူကြီးက အင်္ဂလိပ်ဘုရင်မကြီးပေးထားတဲ့ စံပြသူကြီးဆုရထားတဲ့ ွေရွှစားလွယ်ရထားလို့ သံခဲရ။

ဒီကြားထဲ သူခိုး၊ ဒါးပြတွေကလဲပေါတော့ ရွာလုံခြုံရေးကို ကိုယ့်ဖာသာ တာဝန်ယူကြတာ။ ကင်းပေါ့ကွာ။ ကင်းမှူးက ယောင်ဝါးဘိုကျား တဲ့။ နာမည်ရင်းက ဘိုကျား။ လူပုံစံက ထောင်ထောင်မောင်း၊ မျက်နှာက ပေသီး မျက်စိတတ်ထားတဲ့ရုပ်၊ ဂတုံးပြောင်နဲ့။ သူဘဲ ဒီတာဝန်ယူနိုင်တာပေါ့၊ အခြားလူတွေက ကိုယ့်အလုပ်နဲ့ကို၊ ဘိုကျား တယောက်ဘဲ ဟိုယားဒီယား မယ်မယ်ရရ အလုပ်မရှိတော့ ကင်းတာ၀န် သူယူတာကိုပဲ တရွာလုံးက ကျေးဇူးတင်နေရတာ။

(၃)

ကဲ ပြောချင်တဲ့ ယောင်ဝါး ဘိုကျား အကြောင်းကခုမှ စမှာ။
ညနေဆို ယောင်ဝါးဘိုကျား ခေါင်းဆောင်ပြီး ကင်းတာဝန်ယူမဲ့သူတွေက ဘန်တို ဘန်ရှည်တွေကစားတာ ကလေးရော၊ ခွေးရောပါမကျန် ဘုန်းကြီးကျောင်းဝင်းထဲက မယ်ဇလယ်ပင်ကြီးတွေအောက်မှာ တရုန်းရုန်းနဲ့။ ဘောင်းဘီတို့ ယူနီဖောင်းတို့ ဘယ်ရှိမှာတုန်း၊ ပုဆိုး ခါးတောင်းကြိုက် ကျောပြောင်တွေနဲ့။ အကွက်တွေက ဟုတ်လား မဟုတ်လားမသိ ဘိုကျား ရှေ့က လုပ်သမျှ နောက်လူတွေက ယား၊ ယားဆိုအော်ပြီး လက်တွေ ခြေတွေလှုပ်ကြတာ။ ဘုန်းကြီ ဦးအာ က ထန်းပလက်ကုလားထိုင်နဲ့ သူကြီး ဖိုးသာဒင်က ခွေးခြေအပုလေးနဲ့ ထိပ်ကထိုင်လို့။ ကျန်တဲ့သူတွေကတော့ ဟိုတစု ဒီတစု၊ မြေကြီးပေါ် ထိုင်သူနဲ့ မိုးတိုးမတ်တပ် ရပ်သူကရပ်နဲ့။
ဘုန်းကြီးဦးအာရဲ့ လူအမည်က အာလူး၊ ကိုရင်ဝတ်တော့ အရင်ကျောင်းထိုင်ဆရာတော်က ရှင်အာလောက လို့ဘွဲ့ပေးပေမဲ့ နှုက်ကကြိုးနေကြလို့ ဘုန်းကြီး အာလူး၊ နောက်တော့ သူကြီးဖိုးသာဒင်က ရွာကျောင်းဆရာတော်ကို ဦးအာလူး ဦးအာလူးခေါ်တာ တရွာလုံးသိက္ခာကျတယ်၊ ဒါကြောင့် နှုတ်ထဲဆွဲနေတဲ့ လူအမည် အာလူးလဲ မပျောက်စေ၊ ဘုန်းကြီးးအမည် ရှင်အာလောကလဲ ပါစေဆိုပြီး ဦးအာလူး မခေါ်ရ၊ ဦးအာ ဘဲခေါ်ရမယ်။ ဦးအာလူးခေါ်က ရွာလမ်းပြင်ဘို့ သဲတကျင်းတူးရမယ်လို့ ဘုန်းကြီး အမည် ခေါ်နည်း စည်းကမ်းထုတ်ခဲ့တာပေါ့ကွာ။
အဲဒီလို ရွာမျိုးမှာ ကျနော် ကြီးလာရတာ မမတူးရာ။
အဲဒီတုန်းက ကျနော်တို့ အိမ်တွေက သူတို့ ကင်းသမားတွေအတွက် ည အိပ်မငိုက်အောင် ဂျင်းသုပ်၊ လဘက်သုပ်၊ ရှောက်သီးသုပ်လိုဟာမျိုးတွေ အလှဲ့ကျ ညနေတိုင်း ယူလာပေးရတာ။ မိုးမချုပ်ခင်လူစုခွဲမှ ဘုန်းကြီး ဦးအာရယ်၊ သူကြီး ဖိုးသာဒင်ရယ်၊ ယောင်ဝါးဘိုကျား တို့ အဖွဲ့ဘဲ အဲဒါတွေ ဝါးပြီး ကင်းခွဲတဲ့ အလုပ်လုပ်ကြတယ်ပြောတာဘဲ။

(၄)

ဒီလိုနဲ့ တညပေါ့။ တရွာလုံးအိပ်နေတဲ့အချိန်၊ ရွာနောက်က ငွေတိုးချစားတဲ့ ဒေါ်တုတ် အိမ်ခြံစည်းရိုးဖြဲပြီး ဓါးပြက ဝင်တော့၊ ယောင်ဝါးအီစလန် အဖွဲ့နဲ့တွေ့တာပေါ့။ ဓါးပြက လုပ်သေနတ် ၂ လက်နဲ့၊ ဘိုကျား တို့က ဂျင်ဂလိ၊ လှံ ဓါးလောက်နဲ့တွေ့ကြတာပေါ့။ ဖောင်း ဒိုင်းဆိုတဲ့ သေနပ်သံ လေး၊ ငါး၊ ခြောက်ချက်ကြားပြီး ဓါးပြဗျို့၊ ဓါးပြလို့ ဝိုင်းအော်ကြလို့ တရွာလုံးမီးဒုတ်တွေနဲ့လိုက်တာ ဓါးပြတွေ ထွက်ပြေးတာဗျ။
အဲဒီမှာ စာရင်းချုပ်တော့ ကင်းအဖွဲ့ထဲက ငထူးဆိုတဲ့ကောင် ခေါင်းသေနတ် မှန်ပြီးသေတယ်၊ ကင်းခေါင်းဆောင် ဘိုကျား က ညာဘက် လက်ညှိုးညှောင့်စူးတယ်။
မိုးလင်းတာနဲ့ တရွာလုံး အိမ်တိုင်းစေ့ လူတိုင်းစေ့ ပါးစပ်ထဲမှာ ငထူး ဓါးပြ၊ ဓါးပြနဲ့ ဘိုကျား အကြောင်း အပ်ကြောင်းထပ်ပြောနေကြတော့တာ။ နောက်ဆုံး အစိမ်းသေသေတဲ့ ငထူးကို ရက်မဆိုင်းပဲ သင်္ဂျိုလ်ရပြန်ပြီပေါ့.ကွာ။ အသုဘကတော့ ငါ့ဘဝမှာ အစည်ဆုံးဘဲ။ ရွာက ကုမ္မာရီအဖွဲ့က စွပ်ပေးတဲ့ ပန်းခုံးတွေနဲ့ ယောင်ဝါးဘိုကျား တို့အဖွဲ့ က အခေါင်းကြီးထမ်းလို့ ငထူးအသုဘကို တရွာလုံး လိုက်ပို့ကြတာ။
ဘုန်းကြီး ဦးအာလဲ ငထူးကို သရနဂုံတင်ပြီးတာနဲ့ သူကြီးက ဝမ်းနည်းစကားပြောပြီး ကင်းတာဝန်ခံ ဘိုကျား က ညကဖြစ်တဲ့ အကြောင်းပြောတာ သုဿန်တခုလုံးမှာ ထိုင်နေတဲ့သူတွေအားလုံး နားလေးတွေကို ထောင်လို့ဗျာ။ ယောင်ဝါးဘိုကျား ကလဲ ဟုတ်လား မဟုတ်လားမသိ ည ဇာတ်လမ်းခင်းပြတာ ဟ။
မင်းလဲ အချိန်မရှိလို့၊ အတိုချုပ်ပြောပြရရင် ဇာတ်လမ်းက ဒီလိုကွ။
ငထူးကရှေ့ဆုံးက တက်ပြီး ဓါြး့ပ လက်ထဲက သေနပ်တက်ဆွဲရင်း နပန်းလုံးတာတဲ့။ အဲဒီမှာ ငထူးသေတာ၊ တော်တော်သတ္တိရှိတဲ့ ငထူး။ သူ့ဆရာ ယောင်ဝါးဘိုကျားက နောက်က၊ ဓါးပြလက်ထဲ သေနပ်ရှိတယ် သတိပေးရင်း လေးဘက်ထောက်တုန်း လက်သန်းညှောင့်စူးတာ။
ဒီတော့ ရွာလုံခြုံရေးအတွက် ကျုပ်တို့ လက်နက်လိုတယ်။ လက်နက်မရှိလို့ ငပြူးလဲ သေပြီ၊ ကျုပ်လည်း သက်စွန့်ဆံဖျား ကာကွယ်ခဲ့ပြီ။ လိုအပ် မလိုအပ် ခင်ဗျားတို့ဆုံးဖြတ်။
အို ဒါကတော့ ကျမတို့ရွာ လုံခြုံရေး အတွက် ကျမတို့ကိုယ်တိုင် တာဝန်ရှိတာဆိုတော့ ရော. သူကြီးမင်းရှေ့မှာ ကျမ စိန်နားကပ် ချွတ်ထည့်ပါရစေဆိုပြီး လက်နက်ဖိုး ရံပုံငွေ မတည်ခဲ့တာ သံခဲရေ။
ဓါးပြရန်က လွတ်လာတဲ့ ဒေါ်တုတ်က စတာဟ။ နောက်ပြီးကျေးဇူးရှင် ဘိုကျား တို့အဖွဲ့အတွက်ဆိုပြီး သူ့လယ်ပင်းက ဆွဲကြိုးပါဖြုတ်ပြီးလှူတာမောင်။ မိုက်တယ် ဟ။
ရံပုံငွေအစ ဒေါ်တုတ်က လို.တောင် တွင်သွားပါလေရော။
အဲဒီက စပြီး အမှားကြီး မှားတော့တာဗျို.။
ကင်းသမားတွေအားလုံး ဘော်လံတီရာ ဖရီး လုပ်နေရာကနေ ငါတို့ရွာသားတွေက သူတို့အတွက် ကင်းခ ဆိုပြီး ကောက်တော့တာဘဲ။
နောက်တော့ ကင်း ခေါင်းဆောင် ဘိုကျား က ငါတို့ရွာသားတွေထည့်ပြီး ဝယ်လို့ရတဲ့ ပစ္စတိုခါးကြားထိုးပြီး မိုက်တော့တာ မောင်။
ရှေ.နေကြီး ဦးဟာမန်ညွန်.တယောက် သူ.ငယ်ဘ၀ အတွေ.အကြုံကို စိတ်လိုလက်ရ မနားတန်း ပြောနေလိုက်တာ မျက်လုံးတွေကလည်း အရောင်တောက်လို.။ မောမောနဲ. ရှေ.မှာချထားတဲ့ ရေနွေးကြမ်းခွက်ကလေး တရှူးရှူးနဲ. မှုတ်သောက်နေတုန်း ဘေးက ထိုင်နားထောင်နေရတဲ့ မောင်သံခဲ တယောက်က ဇာတ်လမ်းကလေး အားဖြစ်အောင် ၀င်ထောက်ပေးလိုက်မှ ပွဲက ပျက်ပါလေရော။
“ သိပါပြီ အကိုကြီး။ နောက်တော့ အဲဒီ ဘိုကျားခေါ် ယောင်ဝါးဘိုကျားက တရွာလုံး လုံခြုံရေး သူတာဝန်ယူတော့မှာ။ နောက်ပြီး သူကြီးကိုပါ သူမသိဘဲ လုံခြုံရေးကိစ္စ နဲ့ပတ်သက်ရင် ဝင်မပြောခိုင်းတာ။ ရွာရဲ့ အဝင်အထွက်တွေ သူဆုံးဖြတ်တော့မှာ မဟုတ်ဘူးလား။ ဆက်မပြောပါနဲ့တော့ အကိုကြီးရာ။ ဒီလိုဇာတ်လမ်းတွေရိုးနေပါပြီ။”
“ ဟင် မမတူး ခင်ဗျားသား ကျုပ်ကို စော်ကားတာ။ ဘုရားစူးပါရစေရဲ့ ကျုပ်တို့ရွာမှာ ဖြစ်ခဲ့တာပြောတာ ခင်ဗျားသား သံခဲ တလွဲ ထင်နေတယ်။ မာလီကွန်းအီစလန်ပါ မမတူးရယ်။” ရှေ.နေကြီး ဦးဟာမာညွန်. တယောက် လက်နှစ်ဖက် နှဖူးပေါ် ဆလံသပြီး မကျေမနပ်နဲ. ဖြစ်လို. နေပါလေရော။
“အကိုကြီးပြောတာလဲ ကျနော်နားထောင်ပါတယ်။ နောက်ဆုံး တရွာလုံး လုံခြုံရေးတာဝန်ယူတဲ့ ဘိုကျား တို့အောက် တရွာလုံး ရောက်သွားတဲ့သဘော။ သမိုင်းကိုပြောမှာ။ ဟုတ်တယ်မို့လား အမေ။” လို. သူ.အမေ ဘက်လှည့် အားကိုးတကြီး မျက်နှာငယ်လေးနဲ. စကားကူတောင်းလိုက်တော့
“ ဟေ့ မောင်သံခဲ၊ ငါ့သား။ ဘိုကျား တွေ ဂုတ်ကျား တွေ အမေ မသိဘူး၊ ကိုဟာမာညွန့်လဲတော် ငါ့သားလဲတော်တော့၊။ ကင်းသမားက သူကြီးနေရာ လုပ်နေတာတော့ ကြာပါပေါ့။ အဲ့ဒီ ကင်းသမား သူကြီးအောက်ပြန်ရောက်ဖို့ဘဲလိုတယ်။”

“ စျေး စပါး မျိုးလုပ်၊ အကျိုးယုတ် ခဲ့တာ ကျုပ်တို. ဒီတသက်ပဲ ဟေ့။”
ရှေ.နေကြီး ဦးဟာမာညွန်.ရော၊ သူပုန်မောင်သံခဲရော နှစ်ယောက်စလုံး ပါးစပ်ပိတ်၊ စကားဝိုင်းပါ တိတ်သွားပါလေရော။
“ စျေး စပါး မျိုးလုပ်၊ အကျိုးယုတ် သတဲ့။ ” နိုင်ငံကောင်းစားစေချင်သူ အရပ်သား မမတူး ခေါ် အမေတူးရဲ့ မှတ်ချက်ဖြစ်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
ရဲဘော်သံခဲ
* စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။