Breaking News

မောင်စွမ်းရည် - အောင်ဆန်းစုကြည်



မောင်စွမ်းရည် - အောင်ဆန်းစုကြည်

(မိုးမခ) ဇွန် ၂၁၊ ၂၀၂၀

‘သမိုင်းတလျှောက်မှာ ဩဇာအသက်ရောက်ဆုံး ကမ္ဘာ့ခေါင်းဆောင် ၁၀၀’ ထဲက တို့ခေါင်းဆောင်။

ဘရစ်တီနိုကား - ပညာပေးစာစဉ်ထုတ်ဝေရေးက ကမ္ဘာ့သမိုင်းမှာ တန်ခိုးဩဇာ အသက်ရောက်ဆုံး လူပေါ် လူကျော်ကြီးများရဲ့ အတ္ထုပ္ပတ္တိစာစဉ်တစ်ခုကို စီစဉ်ထုတ်ဝေနေပါတယ်။ သိပ္ပံပညာကျော် ၁၀၀၊ စာရေးဆရာကျော် ၁၀၀၊ ဂီတအနုပညာရှင် ၁၀၀၊ ပန်းချီကျော် ၁၀၀ စသဖြင့် ပုဂ္ဂိုလ်ကျော်အမျိုးအစားတွေ ခွဲပြီး ထုတ်ဝေရာမှာ ဒီစာအုပ်လည်း တစ်အုပ်အပါအဝင် ဖြစ်ပါတယ်။

ဗမာပြည်ကဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ရှည်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်၊ လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင် ဦးအောင်ဆန်း၊ ပထမဆုံးဝန်ကြီးချုပ်ဦးနု စတဲ့ လူကျော်တွေ တစ်ယောက်မှမပါဘဲ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ပါဝင်ခဲ့ပါတယ်။ ဒီစာအုပ်ထုတ်တာကတော့ ၂၀၁၀ ကပါ။ ခုဆိုရင် နှစ်ပေါင်းနှစ်ဆယ်နီးပါး ကြာခဲ့ပါပြီ။ စာမျက်နှာ ၄၀၀ နီးပါးထူတဲ့ စာအုပ်ကြီးထဲမှာ လူတော် လူကျော် ၁၀၀ အကြောင်းကို ရေးသား ဖော်ပြတာဆိုတော့ တစ်ယောက်ကို လေးမျက်နှာလောက်ပဲ ဖော်ပြခွင့်ရှိရာမှာ ဒေါ်အောင်ဆန်းစုကြည် အတွက် နှစ်မျက်နှာတောင်တင်းတင်း မပြည့်ပါဘူး။

ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဗုဒ္ဓဂေါတမတို့၊ မိုးဇက်တို့က စပြီး လီနင်၊ စတာလင်၊ မော်စီတုံး၊ ဟိုချီမင်း၊ ဂန္ဓီ၊ နေရူး၊ အင်ဒီရာဂန္ဓီ၊ ဆိုကာနိုတို့လည်း ပါဝင်ပါတယ်။ တစ်အုပ်လုံး ဘာသာပြန်ရင် ကောင်းမှာပေါ့။ ဒါပေမဲ့ နှစ်ပေါင်း နှစ်ဆယ်လောက် ခေတ်နောက်ကျသွားခဲ့ပြီ။

ကျွန်တော်တို့ ခေါင်းဆောင်အကြောင်းကိုပဲ အရသာခံဖတ်လိုက်ကြပါစို့။ တစ်လုံးချင်း ဘာသာပြန်ဆိုထားပါ တယ်။

Britannica Educational Publishing. (ဇွန် ၁၉၊ ၁၉၄၅- ဖွား။ ရန်ကုန်၊ ဗမာပြည်[ယခု- မြန်မာ])

အောင်ဆန်းစုကြည် ဆိုတာ မြန်မာနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၊ ဒီမိုကရေစီ လိုလားသူဖြစ်ပြီး ၁၉၉၁ က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသူ ဖြစ်ပါတယ်။ ၁၉၈၉ လောက်စပြီး မြန်မာအာဏာပိုင်တွေက သူ့ကို အိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။

သူဟာ (လွတ်လပ်တဲ့ ဗမာနိုင်ငံရဲ့ အမျိုးသားအာဇာနည် သူရဲကောင်း ဦးအောင်ဆန်းနဲ့ (ထင်ရှားတဲ့ ဗမာ သံတမန် အမျိုးသမီးကြီး) ဒေါ်ခင်ကြည်တို့ရဲ့သမီး ဖြစ်ပြီး မကြာမီ လွတ်လပ်တော့မယ့် ဗမာနိုင်ငံရဲ့ ယာယီအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သူ့ဖခင် ဦးအောင်ဆန်းဟာ သမီး အောင်ဆန်းစုကြည် အသက် ၂ နှစ်အရွယ်မှာ လုပ်ကြံခံခဲ့ရပါတယ်။ အောင်ဆန်းစုကြည်ဟာ သူ့မိခင် အိန္ဒိယပြည်သံအမတ်အဖြစ် ခန့်အပ်ခံရတဲ့ ၁၉၆၀ ပြည့်နှစ်အထိ ဗမာပြည်မှာ ကျောင်းတက်ခဲ့ပါတယ်။ အိန္ဒိယပြည်မှာ ဆက်လက်ပညာသင်ပြီးနောက် အောက်စဖို့တက္ကသိုလ်ကို တက်ရောက်နေခိုက် သူ့ရဲ့ ခင်ပွန်းလောင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကလေးနှစ်ယောက် ရပြီးနောက် အေးချမ်းတဲ့ အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ရာက သူ့မိခင်ကြီး မကျန်းမာလို့ ဗမာပြည်ကို ၁၉၈၈ ခုနှစ်မှာ ပြန်လာခဲ့ပါတယ်။ ဒီလို ပြန်လာခိုက် ဗမာပြည်မှာ စစ်အာဏာရှင် ဦးနေဝင်းက ဆန္ဒပြပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းတာနဲ့ တွေ့ကြုံရာမှာ အဖိနှိပ်ခံလူထုဘက်က ဦးဆောင် အရေးဆိုရင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ပွဲဝင်သူ ဖြစ်လာခဲ့ပါတယ်။

၁၉၈၉ မှာတော့ ဗမာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံလို့ နာမည်အသစ်ပေးပြီး အုပ်ချုပ်လာတဲ့ စစ်အစိုးရက အောင်ဆန်းစုကြည်ကို ဘယ်သူနဲ့မှ ဆက်သွယ်ခွင့်မပေးဘဲ နေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။ စစ်အစိုးရ က သူ့ကို ဗမာပြည်က ထွက်ခွာသွားမယ်ဆိုရင် နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်မယ်လို့ အခွင့်အရေး ပေးလာတဲ့အခါ အောင်ဆန်းစုကြည်က ဗမာပြည်ကို အရပ်သားအစိုးရရဲ့ လက်ထဲကို ပြန်အပ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုရင် ဒီလို ပေးလာတဲ့ အခွင့်အရေးကို လက်ခံမယ်လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။ ပြည်သူလူထုက အဖွဲ့အစည်းအသစ်တစ်ခုကို အောင်ဆန်းစုကြည်ကို ခေါင်းဆောင် တင်မြှောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖြစ်နဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံတဲ့အခါ ပါလီမန် နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပေမယ့် စစ်အစိုးရက အသိအမှတ်မပြု၊ လျစ်လျူရှုခဲ့ပါတယ်။

အောင်ဆန်းစုကြည်ဟာ ၁၉၉၅ မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါတယ်။ နောက်နှစ် ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီပါတီ ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ သူ့ကိုရော၊ သူ့ပါတီကိုရော ဆက်လက် အနှောင့်အယှက်ပေးနေခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ နိုင်ငံတော်ရဲ့ တရားဝင် ပါလီမန်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဆိုတာကို အောင်ဆန်းစုကြည်က ကြေညာလိုက်ပါတယ်။ ဒီအခါမှာ စစ်အစိုးရက သူ့ကို ၂၀၀၀ ပြည့်နှစ် စက်တင်ဘာကနေ ၂၀၀၅ မေအထိ အိမ်အကျယ်ချုပ် ချုပ်နှောင်ထားလိုက်ပြန်ပါတယ်။ ဆက်လက်ပြီး NLD နဲ့ စစ်အစိုးရဘက်က ဆန္ဒပုသူတချို့နဲ့ ၂၀၀၃ မှာ ပဋိပက္ခဖြစ်ကြပြန်လို့ သူ့ကို အိမ်အကျယ်ချုပ် ပြန်ထားလိုက်ပြန်ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ ခုလို သူ့ကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ မြန်မာအစိုးရရဲ့ ကိုယ့်ဘာသာ ရေးဆွဲထားတဲ့ ဥပဒေနဲ့ မကိုက်ညီပါဘူးလို့ ကုလသမဂ္ဂက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၀၈ ထဲမှာ အကျယ်ချုပ်ထားပေမယ့် သူ့ကို တချို့ အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ မဂ္ဂဇင်းတွေ ပေးတာကို လက်ခံခွင့်ပြုတဲ့အပြင် သူ့ကလေးတွေ ပေးပို့တဲ့စာတွေကိုလည်း လက်ခံခွင့်ပြုခဲ့ပါတယ်။

၂၀၀၉ မှာ သူ့ကို မကြာခင်က ချမှတ်ထားတဲ့ စီရင်ချက် မပြည့်မီ အချိန်တိုကလေးအတွင်းမှာပဲ အကျယ်ချုပ် စည်းကမ်းတွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီး ချုပ်နှောင်လိုက်ပါတယ်။

ဩဂုတ်လထဲမှာ သူ့ကို သုံးနှစ်တာ စီရင်ချက်နဲ့ ထောင်သွင်း အကျဉ်ထားလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ စီရင်ချက်ကို ပြင်ကာ ၁၈ လ လျှော့ချပြီး အဲဒီ ၁၈ လကို အကျယ်ချုပ်အဖြစ် ဆက်လက်ကျခံစေလိုက်ပါတယ်။


မောင်စွမ်းရည်