Breaking News

ကိုအောင်မှိုင်း - ဗိုလ်မင်းအောင်လှိုင် မြန်မာ့အရေးနဲ့ကျနော့်အတွေး - ၂



ကိုအောင်မှိုင်း - ဗိုလ်မင်းအောင်လှိုင် မြန်မာ့အရေးနဲ့ကျနော့်အတွေး - ၂

(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၀


တတိယအချက် -  ဗိုလ်မင်းအောင်လှိုင်ခေတ် အမှားကြီးများ


၁။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်တဲ့ မြန်မာအမျိူးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့် တပ်ဖွဲ့) ၊ ရခိုင့်တပ်တော် ( AA )၊ တအောင်းအမျိူးသား လွတ်မြောက်ရေးတပ်မတော် TNLA (တအောင်း တပ်ဖွဲ့) ကို စစ်ရေးအရ တိုက်ခိုက်မှုဖြစ်ပါတယ်။ဗိုလ်မင်းအောင်လှိုင်ဟာ ၂၀၁၁ခုနှစ်မှာ ကာချူပ်တာဝန်စတင်ထမ်း ဆောင်ခဲ့တာပါ။

ကိုးကန့်တပ်ဖွဲ့နဲ့ဗမာစစ်တပ်တိုက်ပွဲတွေက အတော်စိတ်ဝင်စားဘို့ကောင်းသလို ၂၀၁၅ခုနှစ်က စခဲ့တာ ကနေ့အထိ လို့ ပြောရတော့မှာပါ။ ဒါဗိုလ်မင်းအောင်လှိုင်ခေတ်အမှားတွေထဲက အမှားကြိးတခုပါဘဲ။

ကိုကန့်တပ်ဖွဲ့နဲ့ပါတ်သက်တဲ့ သမိုးကြောင်းနောက်ခံကိုနဲနဲမိတ်ဆက်ပေးချင်ပါတယ်။၁၉၈၉ခုနှစ်တွင် ဗကပက ခွဲထွက်လာတဲ့ ကိုးကန့်တပ်ဖွဲ့ဟာဗမာစစ်တပ်နဲ့ ပထမဆုံး ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၌ နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုနှင့် ပတ်သတ်ပြီးပြဿနာဖြစ်ပွားကာငြိမ်းချမ်းရေးပျက် ပြယ်ခဲ့ ရတာ ဖြစ်ပါတယ်။မြန်မာစစ်တပ် ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းရေးကို ကိုးကန့်တပ်ဖွဲ့မှမလို လား ခဲ့ပါ။ကိုးကန့်အဖွဲ့ အနေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးကိုသာ လိုလားဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကိုအကြောင်းပြုပြီး မြန်မာစစ်တပ်က၎င်းတို့နဲ့အတူ ပူးတွဲ လုပ်ဆောင်နေတဲ့ ဘိန်းလုပ်ငန်းကို ကိုးကန့်အဖွဲ့တစ်ဖွဲ့တည်း လုပ်ကိုင်နေ တယ်ဆိုပြီး လွှဲချကာစစ်ကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ကိုလည်းဖမ်းဆီးဘို့ ကြိုးပမ်းလို့ ဖုန်ကြားရှင်ဟာ၂၀၀၉ နှစ်ကုန်ပိုင်းလောက် မှာ တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။အချိူ့ကလဲ “ဝ”ဒေသကို ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ ခုခံမှုအနည်းငယ်သာခုခံနိုင်ပြီး အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဖုန်ကြား ရှင်ဟာဒေသကို လက်လွတ်ဆုံးရှုံးသွားခဲ့ပါတယ်။၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံအင်တာဗျူးတစ်ခုမှာ ဖုန်ကြားရှင်က ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် ကိုးကန့်နယ်မြေကို ပြန်လည်တိုက်ခိုက်သိမ်းယူ မယ်လို့ အတိအလင်းဖြေကြား ခဲ့တယ်လို့သိရပါတယ်။

၂၀၁၅ခုနှစ်ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာတော့ ကိုးကန့်ဒေသလောက်ကိုင်မြို့ကို ကိုးကန့်တပ်တွေ ဝင်တိုက်တော့ တာပါ ဘဲ။ စစ်ကို အသေအချာပြင်ဆင်ခဲ့ပုံရပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့က မော် တော်ယဉ် အများအပြားနဲ့ လောက်ကိုင်မြို့တွင်းထဲ ဝင်ရောက်လာပြီး စနိုက်ပါသေနတ်များ၊ ညကြည့်မျက်မှန်များကို အသုံးပြုကာ အလစ်အငိုက်ဖမ်းတိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရစစ်တပ်က အရာရှိနဲ့စစ်သည်အများအပြား ကျဆုံးသွား ခဲ့ရပါတယ်။

အလစ်အငိုက်တိုက်ခိုက်ပြီးသည့်အခါ ကိုးကန့်တပ်များ လျင်လျင်မြန်မြန် ပြန်လည်ဆုတ်ခွာသွားသော်လည်း နောက် ချန် အစောင့်တပ်ဖွဲ့တခုက မြို့တွင်းမှာ ဆက်လက်တပ်စွဲကာ အစိုးရတပ်မှ စစ်သည်များကို တိုက်ခိုက်ခဲ့သည့်အတွက် အစိုးရ ဘက်မှ နောက်ထပ်ကျဆုံးမှု ပိုမိုများပြားစေခဲ့တယ်လို့ သိရပါတယ်။

လောက်ကိုင်ဒေသတိုက်ပွဲတွေမှာ ကိုးကပ်တပ်ဖွဲ့ ဘက်ကနေ ဝင်တိုက်ပေးသူတွေထဲမှာ တရုတ် ကြေးစား စစ်သား တွေ ပါဝင်နေတယ်ဆိုပြီး ဖေဖေါ်ဝါရီ ၂၁ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ စစ်တပ်က ဒုတိယ ဗိုလ်ချူပ်ကြီးမြထွန်းဦးက စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင်ကချင်လက်နက်ကိုင် KIA ၊ဝမ်ဟိုင်း အခြေစိုက်ရှမ်း လက် နက်ကိုင် SSA နဲ့ တအန်း ပလောင်တပ် TNLA တပ်ဖွဲ့ဝင်တွေလည်း ကိုးကပ်တပ်တွေနဲ့အတူ ပူးပေါင်းပါဝင်တဲ့ အတွက် သက်ဆိုင်ရာအဖွဲ့ တွေ အနေနဲ့ တာဝန်ယူရမှာ ဖြစ်တဲ့အကြောင်းပြောထားတယ်ဆိုပြီး တပ်မတော်စစ်ဘက် ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောခဲ့ပါတယ်။

ဒီဖြစ်စဉ်မဖြစ်မီ ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ဗုဟ္ဓဟူးနေ့ နေ့လည်ပိုင်းက ကေအိုင်အိုဌာနချုပ်လိုင်ဇာမှာရှိ တဲ့ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း တွေက အရာရှိလောင်း လူငယ် ၂၃ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။စစ်တပ်ဘက်က ၁၀၅မမ အမြောက်နဲ့ အသေအချာပစ်ခတ်ခဲ့တာ ဖြစ်လို့ အစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရတာလို့ ကချင်ဘက်က ပြောပါတယ်။ကျဆုံး သူစာရင်းမှာ တအောင်း ပလောင်အဖွဲ့က ၁၁ဦး၊ရခိုင်အဖွဲ့က ၈ဦး၊ချင်းလွတ်မြောက်ရေးတပ်ဥိးက ၂ဦး၊ကျောင်းသား တပ်မတော် ABSDF က ၂ဦးတို့ဖြစ်ကြပါတယ်။အားလုံးအသက်တွေက ၁၈နှစ်နဲ့၂၅နှစ်ကြား လူငယ်တွေဖြစ်ကြပါတယ်။

ကျနော်ဆိုလိုချင်တာက ဗိုလ်မင်းအောင်လှိုင်ရဲ့စိတ်ဓါတ်ကိုပြောချင်တာပါ။အားနည်းတဲ့လူဆိုရင် အပြုတ်တိုက်ပြီး အား ကြိးတဲ့လူဆို ဆန်ပြုတ်တိုက်ဆိုတဲ့ တသမတ်တည်း တဖြောင့်တည်း ရိုးရိုးသားသားတိုင်းရင်းသား တွေအပေါ် မဆက်ဆံခဲ့တာတွေကြောင့် ကနေ့ထိရခိုင်ဒေသအပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဒေသအသီးသီးမှာ တိုက်ပွဲ တွေဆက်ဖြစ်နေ ပြီး ၂ဖက်တပ်ဖွဲ့က လူငယ်တွေ ဒေသခံပြည်သူတွေ သေကြေပျက်စီးရတာလို့ပြောချင်တာပါ။ ကိုးကန့်တိုက်ပွဲမှာ တဖက် အဖွဲ့အစည်းကို အထင်သေးတာပါသလို စဉ်းစားဆင်ခြင်မှု အားနည်းတာပါ။အဲဒီအချိန်က ဥိးသိန်းစိန်သမ္မတဖြစ်နေပါပြီ။ တိုင်းရင်းသားပြဿနာတွေအားလုံးကို နိုင်ငံရေးအရဖြေရှင်းမယ်လို့ ဦးသိန်းစိန်တို့ ဦးမင်းအောင်တို့တတွတ်တွတ်ပြော နေကြတာတွေဟာ စိတ်ပျက်စရာကောင်းတဲ့ လိမ်လည်မှုတွေဖြစ်ကုန်ကြတာ ပေါ့ဗျာ။ဗိုလ်မင်းအောင်လှိုင်ဟာ ဘဝင် သိတ်မြင့်သွားတာလား၊စစ်ရေးအတွေ့အကြုံနည်းတာလားတော့ ကျနော်တို့ မသုံးသတ်နိုင်ပါ။

ကိုကန့်အဖွဲ့ MNDAA ဟာ လူရာဂဏန်းက အခုဆိုထောင်အချိူ့ လက်နက်အပြည့်အစုံနဲ့ ဖြစ်သွားပါပြီ။တအန်း ပုလောင် အဖွဲ့ TNLA ဆိုလဲ ရာဂဏန်းကနေ ထောင်ဂဏန်းထိရှိသွားပါပြီ။ ရခိုင်တပ်တော် AA ဆိုရင် သောင်း ဂဏန်းနီးသွားပြီလို့ ဆိုပါတယ်။ ဒါကဘာကိုပြသလဲဆိုရင် နိုင်ငံရေးအရ ဖြေရှင်းချင်စိတ်မရှိတာရယ်။ ဘဝင်မြင့် တာရယ်။အစိုးရကို လူမထင်တာတွေရဲ့ရလဒ်က ကနေ့ထိ၂ဘက် လူငယ်တွေသေကြ၊လူထုတွေလဲ သေကြေဒဏ်ရာ တွေရကြ၊ငွေတွေလဲ သောက် သောက်လဲကုန်ရနဲ့ ခုထက်ထိ စစ်ပွဲကိုအဆုံးမသတ်နိုင်အောင်ဖြစ်ရသလို တိုင်းရင်း သား တွေရဲ့စိတ်မှာလဲ နာကျည်းမှု တွေ ခါးသီးမှုတွေကို ရင်နဲ့အမ ျှ ခံစားနေကြရပြီး ဗမာမုန်းတီးရေးစိတ်ဓါတ် တွေကလဲ ဗိုလ်မင်းအောင်လှိုင်လက်ထက်မှာ အမြင့်မားဆုံးအခြေအနေလို့ ပြောနိုင်မယ်ထင်ပါတယ်။

ဒါဟာ ဗိုလ်မင်းအောင်လှိုင်ရဲ့နိုင်ငံအတွက် အကြီးအကျယ်ထိခိုက်ဆုံးရုံးမှုကို ဖြစ်စေတဲ့ အမှားကြီးတခုမဟုတ်ပါလား။

၂။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂၁ ပင်လုံညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဗိုလ်မင်းအောင်လှိုင် တက်ရောက် ပြီး စစ်မူ ၆ ချက်ကိုပြောပြီး တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကို စိမ်ခေါ်လိုက်ကထဲက ပင်လုံလဲပလုံသွားသလို NCA ဆို တာကြီးလဲ ကိုးလိုးကန့်လန့်နဲ့ ရှေ့လဲမတိုးသာ နောက်လဲမဆုတ်သာအခြေအနေကြီးတခုကို အားလုံး ရင် ဆိုင်လိုက်ရတာလို့ ပြောရမှာဖြစ်ပါတယ်။၂၁ ပင်လုံကိုပွဲဖျက်လိုက်သလို ပြည်တွင်းငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက် တာပါ။ဒါရဲ့အကျိူးဆက် ကတော့ ကနေ့စစ်ပွဲတွေဆက်ဖြစ်နေသလို တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း တွေ မလုပ်နိုင်သလို စစ်တပ်ဘတ် ဂျက်တွေ တနင့်တပိုးပေးနေကြရတာပါ။

ဗမာပြည်မှာဆင်းရဲသားလူတန်းစားတွေရဲ့ တနေ့လုပ်တနေ့စားသမားတွေဘဝဟာ အတော်ရင်နာစရာကောင်းလှပါ တယ်။ ဖားကန့်ကမြေပြိုမှုမှာ ရေမဆေးသမား၁၆၂ဦးသေဆုံးသွားတဲ့ သတင်းကို ဖတ်လိုက်ရတဲ့အခါ ရင်ထဲနာနာကျင် ကျင်ခံစားလိုက်ရပါတယ်။ဗမာပြည်မှာ ပိုက်ဆံရှားတဲ့လူတွေဟာ ပိုက်ဆံအတွက် အသက်တွေစွန့်နေကြရသလို ပိုက် ဆံ ပေါတဲ့လူတွေကတော့ အိမ်မှာနေရင်း ပိုက်ဆံတွေ ဒလဟောဝင်နေကြပါလားဆို တဲ့အသိတခုဝင်လာခဲ့ပါတယ်။ စစ်ပွဲ တွေဟာ လူထုစားမဲ့ထ္မင်းလုပ်တွေကို ပုတ်ချနေတဲ့ အဓိကလက်သည်တရားခံတွေဘဲလို့လဲတွေးမိပါတယ်။

ဒါဟာ ပြည်တွင်းငြိမ်းချမ်းရေးကို တချက်ထဲနဲ့ ကန့်လန့်တိုက်ဖျက်ခဲ့တဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ အမှားကြိးတခုပါဘဲ။

၃။ လွတ်တော်မှာ စစ်အမတ် ၁၁၀ ဦးရှိပါတယ်။ လွတ်တော်ကာလတလေ ျှာက်လုံး ဖွတ်အမတ်တွေရဲ့နောက်မြီးဆွဲလုပ် ပြီး အစိုးရကိုကန့်လန့်တိုက်နေတာထက်ဘာမှမပိုတဲ့ လွတ်တော်အတွက် ဆန်ကုန်မြေလေးတွေလို့ ပြောရတော့မယ် ထင် ပါတယ်။သူတို့အားလုံးပြောနေတာ ဗိုလ်မင်းအောင်လှိုင်ရဲ့သဘောထားတွေဆိုတာလဲ လူတိုင်းအလွယ်တကုူ နား လည် နိုင်တဲ့ကိစ္စဘဲဖြစ်ပါတယ်။

နောက်ဆုံး ရုပ်ပျက်ဆင်းပျက်လွတ်တော်ကို သရုပ်ပျက်စေတာကတော့ လွတ် တော်နာယက ကို ဖြုတ်ချဘို့ ကျိူးစားတဲ့ကိစ္စဘဲဖြစ်ပါတယ်။မဲခွဲရင် ရှုံးမယ်ဆိုတာသိရက်နဲ့ သက်သက်ပုဂ္ဂိုလ် တ ယောက်ရဲ့ဂုဏ်သိက္ခာ ကို အညိုးထား အမုန်းပွါးပြီး ပက်ပက်စက်စက်လုပ်လိုက်တာကတော့ အတော်ကို လူကြီးလူ ကောင်းမဆန်တဲ့ ဗိုလ်မင်း အောင်လှိုင်ရဲ့လုပ်ရပ်ပါ။ ဗမာတွေဦးစီးတဲ့ ဖွတ်နဲ့စစ်အမတ်တွေအနေနဲ့ ဒီလောက်ပက် ပက်စက်စက် လုပ်တဲ့လုပ်ရပ်က မြန်မာနိုင်ငံလွတ်တော်သမိုင်းမှာ ဘယ်လောက်အရုပ်ဆိုးအကျည်းတန်စေလိမ့် မယ်ဆိုတဲ့ အမေ ျှာ်အမြင်မျိူး မထားနိုင် ခဲ့တာ ဗိုလ်မင်းအောင်လှိုင်ရဲ့အမှားကြိးတခုမဟုတ်ပါလာ။ဒီကိစ္စက ဗိုလ်မင်းအောင်လှိုင်နဲ့လုံးဝမဆိုင်ဘူး ပြောလာရင် တော့ ပြောတဲ့ပါးစပ်ရွှေချလိုက်ဘို့ဘဲ ရှိတယ်လို့ပြောရတော့မှာပါ။ တိုင်းရင်းသားများအပါအဝင် မြန်မာနိုင်ငံသားအတော် များများက ဒီလုပ်ရပ်အပေါ် ရွံရှာကြ ပါတယ်။

ဒါဟာလဲ ဗိုလ်မင်းအောင်လှိုင်ရဲ့စိတ်ဓါတ်ကိုဖေါ်ပြတာဖြစ်သလို အလွန်ကို မှားယွင်းတဲ့လုပ်ရပ်တခုပါဘဲ။

အပိုင်း ( ၃ ) ဆက်ရေးပါမည်။

ကိုအောင်မှိုင်း

ဇူလိုင်လ ၈ ရက် ၂၀၂၀ခုနှစ်