Breaking News

ဇာနည် (၈၈,ဗကသရဲဘော်) - ဒီမြေမှာ ကမ္ဘာမကြေဘူးတေးကို ငါတို့ဆက်ဆိုကြမယ်.

***(၅၈) နှစ်မြောက် ဆဲဗင်းဂျုလိုင်နေ့သို့.....***

""ဒီမြေမှာ ကမ္ဘာမကြေဘူးတေးကို ငါတို့ဆက်ဆိုကြမယ်...!""
ဇာနည် (၈၈,ဗကသရဲဘော်)

ဒီမြေဟာ
ငါတို့ရဲ့စစ်တလင်းမြေ...။

ဒီမြေမှာ
ငါတို့ဟာ
စစ်အာဏာရှင်စနစ်ကို စစ်ကြေညာခဲ့တယ်...။

ဇေတဝန်ကျောင်းတော်မြေကို
ဇေတမင်းသားတွေ
ရွှေဒင်္ဂါးတွေခင်းပြီးဝယ်ခဲ့ရသလိုမျိုး
ငါတို့နောင်တော်တွေရဲ့သွေးတွေနဲ့ဖြန့်ခင်းပြီးမှ
ဒီ..သမဂ္ဂမြေကိုရရှိခဲ့တယ်...။

ဒီမြေဟာ...
စစ်အာဏာရှင်တွေရဲ့
ကြမ်းကြုတ်ရက်စက်မှု
လူမဆန်မှုတွေက
ငါ့တို့မျိုးဆက်အားလုံးကို မီးမောင်းထိုးပြခဲ့တယ်...။

ဒီမြေထံက
ငါတို့တတွေအတွက်
အဖိုးမဖြတ်နိုင်တဲ့သမိုင်းတန်ဘိုးတွေရခဲ့တယ်...။

ဒီမြေကပဲ
ငါတို့မျိုးဆက်တွေအတွက်
သမိုင်းပေးတာဝန်တွေ
လက်ဆင့်ကမ်းပေးခဲ့တယ်...။

ဒီမြေမှာ...
ငါတို့နောင်တော် "ရာကျော်" ရဲ့
ဝိညာဉ်တွေစံမြန်းနေတယ်...။

ဒီမြေမှာ...
ငါ့တို့မျိုးဆက်တွေရဲ့
ကျိန်ဆဲသံ
တောက်ခေါက်သံ
ငိုကြွေးမြည်တမ်းသံတွေ ကိန်းဝပ်နေတယ်...။

ငါတို့ကိုမေ့ဖျောက်ပစ်ဖို့လာနားမချနဲ့
ခွင့်လွှတ်လို့ရကောင်းရပေမဲ့
သမိုင်းဆိုတာမေ့ဖျောက်ပစ်ဖို့မဟုတ်ဘူး...။

ငါတို့ကိုရွှေပြည်အေးတရားတွေလာမဟောနဲ့
ငါတို့နောင်တော်တွေလိုလားခဲ့တဲ့
ငါတို့ပြည်သူတွေတောင်းဆိုခဲ့တဲ့
ငါတို့မျိုးဆက်တွေလိုချင်ခဲ့တဲ့အရာ
ဘာတခုမှမရေသးဘူး...။

ဘယ်မှာလဲ...?
"ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်"

ဘယ်မှာလဲ..?
"စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး"

ဘယ်မှာလဲ...?
"ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး"

ငါတို့ဟာ
"ရွှေရည်စိမ် ဒီမိုကေရစီ"
"ရွှေရည်စိမ် ကျောင်းသားသမဂ္ဂ"
တောင်းဆိုခဲ့တာမဟုတ်...။

စစ်အာဏာရှင်တွေရဲ့
သမိုင်းတရားခံပြစ်ဒဏ်ကို
ဖုံးကွယ်ဖျောက်ဖျက်ပစ်ဖို့မကြိုးစားကြပါနဲ့
ဒင်းတို့ထိုက်နဲ့ဒင်းတို့ကံ ရှိပစေ.....။

ငါတို့ကို
ပျားရည်နဲ့ဝမ်းလာမချနဲ့
သူတို့ဆောက်ပေးမှာ..
"ကျောင်းသားသမဂ္ဂအဆောက်အဦး" မဟုတ်ဘူး...
"ဘက်စုံသုံးခန်းမ" တဲ့...
ဘာဘက်စုံသုံး ခန်းမလဲ
စစ်အာဏာရှင်တွေကိုဘက်စုံအညံခံရေးလား...။

ငါတို့လိုချင်တာ...
သမိုင်းထဲက "တကသ" အဆောက်အဦးပဲ
အဲ့ဒီသမိုင်းက..
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်တော်လှန်ရေး
အမျိုးသားလွတ်မြောက်ရေး
ပြည်တွင်းငြိမ်းချမ်းရေး
ဒီမိုကစီရေး
"စစ်အာဏာရှင်စနစ် အကြွင်းမဲ့ဖျက်သိမ်းရေး"
စတဲ့သမိုင်းတွေနဲ့ထုဆစ်ထားတဲ့
တိုက်ပွဲဝင်ခွပ်ဒေါင်းမျိုးဆက်တွေရဲ့
ပင်မရေစီး ဘူမိနက်သန်သမိုင်း...။

ဒါကလွဲပြီး..
ငါတို့ဘာမှအလိုမရှိဘူး...။

သူတို့ပေးတာ
"ကျောင်းသားသမဂ္ဂ" မဟုတ်ဘူး
"ဖောက်ပြန်တဲ့ရုပ်သေးသမဂ္ဂ"
"ခေတ်သစ် (DSO)တွေ" ပဲ
"ရေကြည်တော်ဝတ်အသင်း" ပဲ...။

ငါတို့ရဲ့
"ကျောင်းသားသမဂ္ဂသမိုင်း" က
ဒါမျိုးမဟုတ်ဘူး..
ငါတို့ရဲ့ကျောင်းသားသမဂ္ဂက
"အောက်စဖို့သမဂ္ဂ" နဲ့လဲ မတူဘူး
"ဟားဘတ်သမဂ္ဂ" နဲ့လဲ မနှိုင်းယှဉ်အပ်ဘူး...။

ငါတို့ရဲ့သမဂ္ဂက
ကိုအောင်ဆန်း...
ကိုဗဟိန်း...
ကိုဗဆွေလေး,တို့ ခေါင်းဆောင်ခဲ့တဲ့သမဂ္ဂ
အဖိနှိပ်ခံပြည်သူဘက်ကရပ်တည်ခဲ့တဲ့သမဂ္ဂ
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတွေ တလူလူလွှင့်ခဲ့တဲ့သမဂ္ဂ
ကမ္ဘာမကြေဘူးတေးဆိုခဲ့တဲ့ သမဂ္ဂ
စစ်အာဏာရှင်တွေကြောက်ဒူးတုန်စေတဲ့ သမဂ္ဂ...။

ဒီမြေဟာ...
ငါတို့နိုင်ငံမှာ
စစ်အာဏာရှင်စနစ် တစမကျန်ဖျက်သိမ်းပြီးတဲ့အထိ
အရာမယွင်းဘဲ
ဒီအတိုင်းတည်ရှိနေတာကိုပဲ
ငါတို့အလိုရှိတယ်...။

ဒီမြေအတွက်...
နောက်ထပ်
ဗိုလ်အောင်ကျော်တွေ
ကိုဆလိုင်းတင်မောင်ဦးတွေ
ဖုန်းမော်တွေ
ဝင်းမော်ဦးတွေ...
ငါတို့ပေးဆပ်ကောင်းပေးဆပ်ရလိမ့်မယ်...။

အို...
ခွပ်ဒေါင်းမျိုးဆက်ညီအကိုအပေါင်းတို့
ဒီမြေရဲ့တည်ရှိမှုကိုကာကွယ်ဖို့
ငါတို့တွေတ...
ဒီမြေပေါ်မှာ...
ကမ္ဘာမကြေဘူးတေးကိုဆက်သီဆိုကြစို့....
ကမ ္ဘာမကြေဘူးတေးကိုဆက်သီဆိုကြစို့...
ကမ ္ဘာမကြေဘူးတေးကိုဆက်သီဆိုကြစို့...။။

ဇာနည် (၈၈,ဗကသရဲဘော်)
- https://www.facebook.com/thitsar9964/posts/3438236749542334 မှ ကူးယူဖော်ပြပါသည်။