Breaking News

နေပြည်တော်မှ ဖယ်ရှားခံရသည့် ယတြာအစီအရင် ဆင်းတုများကို မန္တလေး၌ ပြင်ဆင်နေ

နေပြည်တော်မှ ဖယ်ရှားခံရသည့် ယတြာအစီအရင် ဆင်းတုများကို မန္တလေး၌ ပြင်ဆင်နေ

ထေရဝါဒဗုဒ္ဓသာသနာနှင့် ကိုက်ညီခြင်းမရှိသော ရုပ်ပွားဆင်းတု ၁၀၉ ဆူကို မဟာမုနိ ဘုရားကြီးအနောက်မုခ် ကျောက်ဆစ်တန်းရှိ ကျောက်ဆစ်ဆိုင်နှစ်ဆိုင်တွင် ပြင်ဆင်ရန် အပ်နှံထား

ခင်နှင်းဝေ၊ Myanmar NOW

(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၀


ဓာတ်ပုံ - ရန်မိုးနိင် (Myanmar Now)


စစ်အာဏာရှင်အသိုင်းအဝိုင်းက ယတြာသဘောဖြင့် ထုလုပ်ကိုးကွယ်ခဲ့သည့် ဘုရားဆင်းတုများကို ဖယ်ရှားရန် သာသနာရေးဦးစီးဌာနက ညွှန်ကြားခဲ့ပြီးနောက် မန္တလေးမြို့ရှိ ကျောက်ဆစ်တန်းတွင် ပြန်လည်ပြုပြင်လျက်ရှိသည်။

အစိုးရ အဆက်ဆက်အပြောင်းအလဲတွင် အာဏာလက်မလွှတ်လိုသူများ ထုလုပ်ကိုးကွယ်ခဲ့ကြသည့် နေပြည်တော်ပျဉ်းမနားအနီး မင်းဝင်တောင် စိန္တာမုနိကျောင်းတိုက်အတွင်းရှိ ဆင်းတုများသည် ထေရဝါဒဗုဒ္ဓသာသနာနှင့် မကိုက်ညီသောကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်သည်။

မုဒ္ဒြာ ၅၅ မျိုးတွင် မပါဝင်ဟုဆိုကာ သာသနာရေးဝန်ကြီးဌာနက အဆိုပါဆင်းတုများကို ဇူလိုင် ၆ တွင် လာရောက်ဖယ်ရှားခိုင်းပြီးနောက် ပြင်ဆင်ရန်ဆုံးဖြတ်ကာ မန္တလေးသို့ သယ်ယူခဲ့သည်ဟု မင်းဝင်တောင်စိန္တာမုနိကျောင်း အကျိုးတော်ဆောင်အဖွဲ့ဝင်ဖြစ်သူ ဒေါ်ပိုင်က ဆိုသည်။

"မုဒ္ဒြာ ၅၅ မျိုးထဲမှာ မပါဘူးဆိုပြီး သာသနာရေးက ဖယ်ခိုင်းတယ်။ အန်တီတို့က အလှူရှင်တွေ ကျေနပ်အောင် ပြင်ပေးလိုက်ပါတယ်။ ပြင်တဲ့အကြောင်း သာသနာရေးကိုလည်း အကြောင်းကြားထားပါတယ်။ သူတို့ကလက်ခံပါတယ်"ဟု ဒေါ်ပိုင်က Myanmar Now ကို ပြောသည်။

ထိုဆင်းတုအလှူရှင်များ၏ သဘောထားနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ ဒေါ်ပိုင်က ပြန်လည်ဖြေကြားခြင်း မပြုပေ။

ပြန်လည်ပြင်ဆင်မည့် ဆင်းတုပေါင်း ၁၀၉ ဆူရှိပြီး မဟာမုနိဘုရားကြီးအနောက်မုခ် ကျောက်ဆစ်တန်းရှိ ရွှေစင်ရတနာဆိုင်တွင် ၅၃ ဆူနှင့် အောင်သီဟကျောက်ဆစ်ဆိုင်တွင် ဆင်းတု အကြီး ၁၆ နှင့် အသေး ၄၀ ဆူ ပြင်ဆင်ရန် အပ်နှံထားသည်ဟု ဆိုသည်။

Img_4327.Jpg


ဓာတ်ပုံ - ရန်မိုးနိင် (Myanmar Now)

ဆင်းတုတစ်ဆူလျှင် ငွေကျပ် ၇ သောင်းနှုန်းဖြင့် ကျပ်သိန်း ၇၀ ကျော် အကုန်အကျခံပြင်ဆင်မည် ဖြစ်ပြီး စိန္တာမုနိမင်းဝင်တောင်သို့ လာရောက်လည်ပတ်သည့် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ပြင်ဆင်သွားမည်ဟု ဒေါ်ပိုင်က ပြောသည်။

"ဒီရုပ်ပွားတော်တွေလှူတဲ့အထဲမှာ စစ်မင်းစစ်ကဲတွေကများပါတယ်။ ဆေးနဲ့စီရင်တာတော့ မဟုတ်ပါဘူ။ ရှေ့ကလာဘ်ပွင့် နောက်ကရန်ကာဆိုတဲ့ မာရ်နတ်မင်းရဲ့ မိုးကိုးမိုးနိုင်တဲ့ကျင့်စဉ် ရုပ်ပွားတော်လို့ ခေါ်ပါတယ်။ ဘုရားအဖြစ်နဲ့ပဲ ပူဇော်ခဲ့ပါတယ်။ ပုံတော်ကို ဂုဏ်တော်နဲ့မှန်းပြီး ပူဇော်ရင် ဘုရားမဖြစ်ဘူးလား" ဟုလည်း ဒေါ်ပိုင်က ပြောသည်။

အဆိုပါဆင်းတုများကို ပြင်ဆင်နေသည့် ရွှေစင်ရတနာ ကျောက်ဆင်းတု ထုလုပ်သည့်ဆိုင်သို့ Myanmar Now က သွားရောက်မေးမြန်းရာတွင် အဆိုပါဆင်းတုများကို လာဘမုနိရုပ်ပွားတော်ပုံသဏ္ဍန် ပြင်ဆင်ပေးရန် အပ်နှံထားသည်ဟု သိရသည်။

အသက် ၇၃ နှစ်အရွယ် ဆိုင်ပိုင်ရှင် ဦးသိန်းရွှေ ပြောပြသည်မှာ ၎င်း၏လုပ်ငန်းအတွေ့အကြုံအရ အဆိုပါဆင်းတုများသည် ဓာတ်ရိုက်ဓာတ်ဆင်ပြုလုပ်ထားသည့် ရုပ်တုများဖြစ်သည်ဟု ဆိုသည်။

"ဘုရားမဟုတ်လို့ပြင်တာ။ ဘုရားဆိုရင် မလုပ်ကောင်းဘူး၊ ခိုက်တတ်တယ်။ သေတတ်တယ်။ မလုပ်ကောင်းဘူး။ အခု လာဘမုနိပုံသဏ္ဍန်ပြင်ရမှာ၊။ အတော်ပြင်ရမှာ ဦးခေါင်းကစပြီးအကုန်ပဲ" ဟု ဦးသိန်းရွှေက ပြောသည်။

8.Jpg


ဓာတ်ပုံ - ရန်မိုးနိင် (Myanmar Now)

ဆင်းတုတော်များတွင် ဗုဒ္ဓမြတ်စွာဘုရား၏ မျက်နှာတော်၊ နှာခေါင်းတော်ကို ချွန်ချွန်သွယ်သွယ်ပြုလုပ်ထားပြီး နှုတ်ခမ်းတော် စူနေသည့်အသွင်၊ ဆံတော်သင်းကျစ်သည်လည်း အစဉ်အလာဆင်းတုများနှင့်မတူဘဲ အချွန်အတက်ပြုလုပ်ထားသည်ကို တွေ့ရသည်။ ဘယ်ဖက်လက်တော်ကို နောက်ပြန်အနေအထားဖြင့် ကပြောင်းကပြန် ထုလုပ်ထားသည့် ရုပ်ပွားတော်ကိုလည်း တွေ့ရသည်။

"ရှေ့ကလည်းလာဘ်ဝင်မယ်၊ နောက်ကလည်း လာဘ်ဝင်မယ်ဆိုတဲ့သဘောပေါ့။ ဝိဇ္ဇာနည်း အစီအရင်ပေါ့" ဟု ဦးသိန်းရွှေက ပြောသည်။

အဆိုပါပုံပျက်ပန်းပျက် ဆင်းတုများကို မျက်နှာ၊ လက်နှင့် ကိုယ်လုံးတော်အထိ အားလုံးနီးပါးကို ကျောက်ဖြတ်စက်ဖြင့် ဖြတ်ပစ်ကာ၊ ပွတ်တိုက်ကာ ပြင်ဆင်နေသည်ကို တွေ့ရှိရသည်။

အဆိုပါဆင်းတုများသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် ကိုက်ညီမှုမရှိခြင်း၊ လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာအစီအမံများနှင့် ပေါင်းစပ်ပြုလုပ်ထားခြင်း၊ အခြားဘာသာအယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း၊ ကြည်ညိုဖွယ်မဆောင်ခြင်း၊ မြင်ရသူတို့၏ ကြည်ညိုစိတ်ကို ထိခိုက်စေခြင်းကြောင့် မြတ်စွာဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့သော အေးချမ်းသည့်ပုံရိပ်တို့နှင့် ဆန့်ကျင်နေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စိန္တာမုနိကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာသာရ (၈၁ နှစ်၊ ၃၃ ဝါ) သည် တောထွက်ရဟန်းတစ်ပါးဖြစ်ပြီး ပိဋကတ်စာပေတက်ကျွမ်းမှု မရှိခြင်း၊ အလှူရှင်များ၏ ကိုယ်ကျိုးစီးပွားအတွက် စီးပွားဥစ္စာ အာဏာများရရှိစေရန် လောကီအစီအမံများပေါင်းစပ်၍ ရုပ်ပွားတော်များ ပြုလုပ်စေခြင်းဖြစ်သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

001.Jpg


ဓာတ်ပုံ - ရန်မိုးနိင် (Myanmar Now)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စာရင်းများအရ မင်းဝင်တောင် စိန္တာမုနိကျောင်းတိုက်အတွင်း ထိုသို့သော ညာတင်ကုပ်ဆင်းတု ထုလုပ်ကိုးကွယ်သည့် အလှူရှင်များတွင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေမိသားစုအပြင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မောင်ဘိုမိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိန်အောင်၏ သမီးဖြစ်သူ စန္ဒာအောင်မိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမိသားစု၊ အဂတိမှုဖြင့် တရားရင်ဆိုင်နေရသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးသန်းထွဋ်မိသားစု၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးမိသားစု၊ ရဲမှူးချုပ်သန်းတင်အောင်မိသားစုနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်မိသားစု နာမည်များလည်း ပါရှိသည်။

အာဏာဆက်လက် အဓွန့်ရှည်စေရန် စစ်ဗိုလ်ချုပ်ကြီးများက ယတြာဆောင်သည့် သဘောဖြင့် တည်ထားခဲ့သည့် 'အာဏာတည်စေ'၊ 'လွှတ်တော်မြဲစေ'၊ 'ပုလ္လင်မြဲစေ'၊ 'ရာထူးတိုးစေ' ဟူသော ဗုဒ္ဓဘာသာသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မရှိဖူးသည့် စေတီများမှာမူ အဆိုပါကျောင်းတိုက်အတွင်း တည်ရှိနေဆဲဖြစ်သည်။