Breaking News

မောင်တူး - မီးသတ်ကား ၂ စီးနဲ့ တန်ဖိုးညီ ပန်းချီကား



မောင်တူး  - မီးသတ်ကား ၂ စီးနဲ့ တန်ဖိုးညီ ပန်းချီကား

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၀

ကိုဗစ် ၁၉ ရောဂါဆိုးကာလ ရပ်နားနေရတဲ့ ပန်းချီပြခန်းတွေ ပြန်ဖွင့်နေကြပြီ။ ၂၀၂၀ ဇူလိုင် ၁ ရက်က ၁၂ ရက်အထိ ပန်းချီ နီပိုဦးရဲ့ တတိယအကြိမ်ပြပွဲကို အင်းစိန်က Artist Smile Gallery မှာ စပြပါတယ်။ ကိုဗစ် ၁၉ ကြောင့် ပိတ်ထားရတာ ၃ လခွဲအကြာမှာ ပထမဆုံး ပြန်ဖွင့်တာပေါ့။ ပန်းချီကား ၁၀၀ ပြထားတယ်။ တကားကို အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၃၅၀၀ အထိ ရောင်းဈေးရှိတယ်။ မြန်မာငွေနဲ့ဆို ပန်းချီတစ်ကား ကျပ် ၁ သိန်းခွဲကနေ ၅၁ သိန်းကျော်အထိ တန်ပါတယ်။ ဒါကြောင့် ပန်းချီကားရဲ့ တန်ဘိုးတွေအကြောင်း စဉ်းစားနေမိတယ်။ 





ပန်းချီရောင်းဈေး
တသိန်းလေးတော့၊ ပေးပေါ့နော်ဗျာ
ဆွဲရတာက၊ ငါးရက်ကြာမယ်၊
ဆေးဝယ်တာရယ်၊ ကင်းဗတ်ရယ်က၊
၂ သောင်းကျသေး၊ အချိန်ပေးရမှာမို့ပါ။ ။

၄၃ လမ်းပန်းချီပြခန်းမှာ အသင့်အတင့် ပန်းချီကားတွေရေး ရောင်းချနေရတဲ့ သက်လတ် ပန်းချီဆရာတယောက်က သူ့ထံကို ပန်းချီတကား ဆွဲပေးဖို့ လာအပ်သူကို ဆွဲခတောင်းပြီး ပြန်ပြောနေတာကို ကျနော် ကြားခဲ့တယ်။ ပန်းချီတကားဆွဲပေးပါ ကျပ် ၈၀၀၀၀ ပေးမယ်တဲ့။ ဆရာက တသိန်းလေးတော့ ပေးပါတဲ့။ ပြခန်းတွေ သတင်းလိုက် ယူရင်း ကြားခဲ့တာပါ။

ပန်းချီကားတစ်ကားဈေးက ပန်းချီဆရာရဲ့ အသက်အရွယ်နဲ့လည်း ဆိုင်တယ်တဲ့။ ပန်းချီကားဟာ ကြာလာရင် တန်ဖိုးတက်လာသတဲ့။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ချင်းမိုင်က သတင်းညီလာခံမှာ ပန်းချီဆရာကြီး ဦးဝင်းဖေက သူ့ပန်းချီကားတွေကို တကားကို မြန်မာငွေ ၁ သိန်းလောက်နဲ့ ရောင်းနေတယ်။ ကား အစိတ်လောက်ရှိမယ်။ ဝယ်လိုက်ကြတာများ ခနနဲ့ကုန်သွားရဲ့။ အဲ့သည် တသိန်းနဲ့ ဝယ်ထားတဲ့ကားတွေဟာ ဒီနေ့ သိန်း ၂၀ ကျော်လောက် တန်နေပြီတဲ့။ ၈၈၈၈ ငွေရတုတုန်းက ဦးဝင်းဖေရဲ့ ရှစ်လေးလုံး ပန်းချီကားဆိုရင် ၂၈ သိန်းနဲ့ လေလံအောင်သွားခဲ့ တယ်။ ဆူးလေ Kalasa Gallery ကလသာ ပြခန်းက Global Village ပန်းချီပြပွဲမှာ ပန်းချီဆရာကြီး မောင်ဒီရဲ့ ပန်းချီကားတွေဆိုရင် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကနေ ၉၀၀၀၀ အထိ ရောင်းဈေးပြထားတယ်။

ကမ္ဘာတဝန်းမှာတော့ ပြင်သစ်က ပြတိုက်မှာ အခိုးခံရတဲ့ ပန်းချီကျော် ပီကာဆိုရဲ့ Pigeon with green peas ပန်းချီကားဟာ ယူရို ၂၅ သန်း ( ကျပ် ၃၈၇၀၀ သန်း) တန်သတဲ့။ နောက်ထပ် ပီကာဆိုရဲ့ ဝစ်လစ်စလစ် ပန်းချီကား Nude in a black Armchair ကားဟာ အမေရိကန်ဒေါ်လာ ၄၅ သန်း (ကျပ် သန်း ၆၆၃၄၂) တန်တယ်ဆိုပဲ။ ပန်းချီကျော် ဗန်ဂိုးဟာ ပန်းချီကား ၁၆၀၀ ဆွဲခဲ့ပြီး သူမသေခင်က သူ့ပန်းချီကားကို ဘယ်သူမှ မဝယ်ကြဘူး။ သူသေ ပြီးမှ သူ့ပန်းချီတွေကို ကြိုက်လာပြီး အခု သူ့ကားတချပ်ဟာ အမေရိကန်ဒေါ်လာ ၆၁ သန်း တန်နေပြီ။ ဒီနေ့ မြန်မာပြည်မှာလဲ ပန်းချီကားဈေးတွေ ရလာနေပါပြီ။ ဒါပေမဲ့ အဆင်မပြေကြသူတွေလည်း ရှိနေကြရဲ့။





ပန်းချီတန်ဖိုး

တစ်ကားရှစ်ထောင်၊ တစ်သောင်းတောင်မှ
မရပေလဲ၊ ဆွဲမှာပဲဗျာ
ထမင်းဆာတယ်၊ ငွေရှာမလွယ်
ပန်းချီသည်မျိုး၊ Artist စိုးခိုင်
လမ်းဘေးထိုင်ရေး၊ မလွယ်သေးပါလား။ ။

သူက ပန်းချီစိုးခိုင်တဲ့။ ခြေတစ်ဖက်မသန်၊ အလုပ်ပြုတ်ထားတယ်။ အခု ဆူးလေတဝိုက် လမ်းဘေးမှာ ပန်းချီဆွဲ ရောင်းနေတယ်။ ပုံတူ တကား ငါးထောင်ကျပ်နဲ့လဲ ဆွဲတယ်။ ကြုံရာအိပ်တယ်။ တချို့က သူ့ပန်းချီကားကို တသောင်း၊ နှစ်သောင်း၊ သုံးသောင်းထိ ပေးဝယ်တာလဲတွေ့ရတယ်။ သည့်ထက်ပိုမရပါ။ အကြွေးရောင်းလိုက်ရတာလဲ တွေ့တယ်။ အခုလို မဟန်မပန် တန်ဖိုးနည်းဟင်းလျာလို တန်ဖိုးနည်း ပန်းချီဆရာတွေလဲ ရှိပါရဲ့။

အဆိုးဆုံးက ပန်းချီကား ဆွဲခ မရ မရောင်းရတဲ့အပြင် ထောင်ကျရသူတွေလဲ ရှိပါတယ်။ ကျနော်တို့ဆရာ ပန်းချီမျိုးမြင့်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ပုံဆွဲမိလို့ အဖမ်းခံ အချုပ်ခံခဲ့ရဘူးတယ်။ ပန်းချီတကားဟာ ထောင်တန်တယ်။ ဒေါ်လာ ထောင်သောင်းချီတန်တာ မဟုတ်ပါ။ ထောင်ကျရတာ အချုပ်ကျရတာကို ပြောတာပါ။ ဒေါ်အောင်ဆန်းစုကြည်ပုံ ဆွဲလို့ ဖမ်း ချုပ် ရိုက် ထောင်ချခံရသူလဲ ရှိဘူးပါတယ်။ ဒါပေမဲ့ ပန်းချီတကားက (ဂျပန်လုပ် နောက်ဆုံးပေါ် မီးသတ်ကားကြီး ၂ စင်း) တန်တာလဲ ရှိခဲ့ဘူးတယ်။ ဒါပေမဲ့ ၂ စီးမရ ၁ စီးသာရပါသတဲ့။




လူငယ် ပန်းချီဆရာ

ရန်ကုန်၊ ဗိုလ်တထောင် ၄၃ လမ်း ပြခန်းမှာ လူငယ်ပန်းချီဆရာလေးရဲ့ ပြပွဲကို ကိုဗစ် ကာလ မတိုင်ခင်က ကျနော် သတင်းသွားယူခဲ့တယ်။ သူဟာ ငယ်ငယ်ထဲက ပန်းချီဆွဲတယ်။ သူ့မိဘတွေကလဲ အားပေးတယ်။ ပန်းချီပြိုင်ပွဲတိုင်း ပထမဆုရတတ်တယ်။ အခုလဲပြပွဲမှာသူ့ ပန်းချီကား ၆၀ လောက် ပြထားတယ်။ ပန်းချီကားတွေကြည့်ရင်း ပန်းချီ ဆရာလေးရဲ့ မိခင်က သူ့သားရဲ့ ပန်းချီဘဝအကြောင်း ပြောပြလာတယ်။ 

စစ်အစိုးရခေတ်က ပန်းချီဆရာလေးဟာ ကလေး ပန်းချီပြပွဲတွေဝင်ပြိုင်တာ ကြာလာတော့ ဂျပန်က ကမ္ဘာ့ကလေးပန်းချီပြပွဲမှာ သွားပြိုင်ခဲ့ရတယ်တဲ့။ အဲ့သည်မှာလဲ ပထမဆုရတယ်။ သူ့နိုင်ငံသား ဆုရတာကြောင့် မြန်မာသံအမတ်ကြီးက ဆုပေးခွင့်ရတယ်။ သူ့ ပြိုင်ပွဲဝင် ပန်းချီကားဟာ ကောင်းလွန်းလို့ သဘောကျလို့ သံအမတ်ကြီးက ဆုချမယ်၊ လိုရာပြောလို့ ဆိုတယ်။ ပန်းချီဆရာလေးက ပြန်ပြောတာက ကျနော်တို့ ရွာဟာ မြို့နဲ့ဝေးတော့ နွေကာလ မီးလောင်တာများပြီး အိမ်တွေမီးလောင်ရင် ဝေးလံတဲ့ မြို့ကနေ မီးသတ်ကားအလာနောက်ကျတာကြောင့် ဆုံးရှုံးတာများတယ်။ မီးသတ်ကား လိုချင်ကြောင်း ပြောလိုက်တယ်။ သံအမတ်ကြီးကလဲ ကားတစင်းမက ၂ စင်း ပို့ပေးမယ်လို့ ကတိပေးတယ်။ 

ဒီလို့နဲ့ ကမ္ဘာ့အဆင့် ဆုရ ပန်းချီကား ၁ ချပ်ကြောင့် မီးသတ်ကားကြီး ၂ စီး ရပါတော့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန်လက်ထက် ငွေဆယ်သိန်း လှူသလို ဖြစ်ခဲ့ရပါတယ်။ ပါဆယ်ဗူးမှာ ၁၀ သိန်းလို့ ရေးထားပေမဲ့ ဗူးခွံသာပါပြီး အထဲမှာ ငွေမပါဘူးပေါ့။ မီးသတ်ကား၂ စီး မြန်မာပြည် ရောက်တော့ ရောက်လာတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ထိပ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကြီးက တစီးကို သူ့ပါဝါအမိန်နဲ့ ယူထားလိုက်ပါတော့တယ်။ ကျန်တစီးကိုတော့ သူတို့ရွာပါဝင်တဲ့ မြို့ကို ပို့ပေးပါတယ်။ ပန်းချီဆရာလေးရဲ့ ရွာကို ပို့ပေးဖို့ပေါ့။ ဒါပေမဲ့ ရွာကို မရောက်ပါ။ မြို့နယ်ဥက္ကဌက ပန်းချီဆရာလေးနဲ့ မိဘ ၂ ပါးကို ခေါ်တွေ့တယ်။ 

ခင်ဗျားတို့ရွာကို မြို့မှာ လက်ရှိ သုံးနေတဲ့ မီးသတ်ကားဟောင်း ပို့ပေးမယ်။ ပန်းချီပြိုင်ဆုရလို့ ပေးလာတဲ့ မီးသတ်ကားအသစ်ကြီးကိုတော့ မြို့မှာ သုံးမယ်တဲ့။ ဒါကို သူတို့ မိသားစုက လက်မခံဘူး။ ၂ စီးရလာတာ။ ၁ စီးကိုလဲ အပေါ်က ယူထားလိုက်ပြီမို့ လက်မခံကြပါ။ တင်းခံနေကြတယ်။ ဒီလိုနဲ့ နောက် ၂ ပတ်ကြာမှ သူတို့က အဟောင်း မယူနိုင်ဘူးလို့ တင်းခံနေတော့မှ မီးသတ်ကားအသစ်ကို သူတို့ရွာကို ပို့ပေးတယ်။ ဒါတောင် တော်တော် အငြင်းအခုန် လုပ်လိုက်ရသေးသတဲ့။ ဘာပဲဖြစ်ဖြစ် မြို့နဲ့ဝေးလံတဲ့ ပန်းချီဆရာရဲ့ရွာမှာ မီးလောင်တိုင်း မီးသတ်ကားအကောင်းစားကြီးနဲ့ ငြှိမ်းသတ်တာမို့ ဆုံးရှုံးမှု မရှိတော့ သလောက်ပါတဲ့ဗျာ။ မီးသတ်ကား ၂ စီးနဲ့ တန်ဖိုးညီတဲ့ ပန်းချီကားကို တစိမ့်စိမ့် ကြည့်ချင်လိုက်တာဗျာ။ ။