Breaking News

ဒေါင်းလန်း၊ ကျော်ကျော်(မြရည်စမ်း)၊ ငဇတို့၏ ကြေကွဲဖွယ်ဖားကန့်ဖြစ်ရပ်အပေါ်ခံစားမှုကဗျာများ

ဖားကန့်ကျိန်စာ ပျက်ပြယ်ပါစေ
ဒေါင်းလန်း

- သယံဇာတ ကျိန်စာ
မျက်နှာလိုက်လွန်းလှပါကလား။

- လက်လုပ်လက်စားတို့ရဲ့ အိပ်မက်
ဒင်း နင်းခြေရက်ပလေ။

- မျှော်နေကြတဲ့ မိဘများ အိမ်သူများနဲ့ သားသမီးဘုစုခရုများရဲ့
ရွှေတောင်ကြီးများ ပြားပြားဝပ်ပြိုဆင်းသွား
ကူသူမဲ့ ကယ်သူမဲ့ ဘဝများစွာ ပျက်ယွင်းခဲ့ပေါ့။

- နင်းပြား ဆင်းရဲသားအလွှာ ကျိန်စာသင့် ဘဝများရဲ့ဝေဒနာ
ကျိန်စာတိုက်ခဲ့သူများ မသိသယောင်ပြုရက်။
- လူ့ဘောင်လောက အရုပ်ဆိုးလွန်းလှ
မြေနိမ့်ရာ လှံစိုက် သူ့ထိုက်နဲ့သူ့ကံဆိုပါလား။

- သယံဇာတအနှစ် ကုန်စင်အောင်ညှစ်ထုတ်သွားသူများ
ရေမဆေးမြေစာပုံနဲ့ အန္တရာယ်တွေ ချန်ထား
ဘယ်သူသေသေ ငတေ မာရင်ပြီးစတမ်းလား။

- အနိစ္စ ဒုက္ခ အနတ္တ ဘယ်အရာမှ မမြဲဆိုသော်လည်း
အကုသိုလ်အမှုမှန်သမျှ ပြုသူထံပြန်သွားကြစမြဲ။
- သယံဇာတ မြေစာပုံအောက် ကျရောက်ပျောက်ဆုံးသူတို့ရဲ့
အိပ်မက်များ မျှော်လင့်ချက်များ ပို့သခဲ့သောမေတ္တာများ
ကောင်းရာ သုဂတိ ရောက်ပါစေ။
ဖားကန့်ကျိန်စာ ပျက်ပြယ်ပါစေ။

ဇူလိုင် ၃၊ ၂၀၂၀
...
ဖားကန့်
ကျော်ကျော်(မြရည်စမ်း)

ကျောက်စိမ်းတူးထားတဲ့
​ချိုင့်ဝှမ်းကြီးတွေ
မြေစာပုံကြီးတွေ
အကြီးကြီးပဲ။

ရောက်ခါစ ကျွန်တော်က
ဒီမှာ
စစ်ကားရိုက်ရင်
သိပ်ကောင်းမှာပဲ ပြောမိတယ်။

အကြီးအကဲက ပြောတယ်
ရင်းရင်းနှီးနှီး
ချစ်ချစ်ခင်ခင်
အပြန်အလှန်အားကိုးအားထားနဲ့
ကျည်ဆန်တစ်ခွံမှ
မကျ  ခဲ့ဖူးဘူးတဲ့။

ချိုင့်ဝှမ်းကြီးနဲ့
မြေစာပုံကြီးတွေ
ချစ်ခင်နေကြပုံ
အတူယဉ်တွဲနေထိုင်ကြပုံ
မျက်စိထဲမြင်လာတဲ့အထိ
ငြိမ်းချမ်းစွာပေါ့
ကျန်းမာချမ်းသာစွာပေါ့။

ကားဘီးကြီးတွေက
အိမ်လောက်နီးနီး
ကြီးမားကြပါပေတယ်။  ။

၄၊ ဇူလိုင်၊ ၂၀၂၀
...
ဖားကန့်
ငဇ

ဆိုင်ကယ်ကျောက်လေး မရရင်လည်း
ထမင်းစားကျောက်လေးတော့ ရမှာပါလေ
ရေမဆေးရဲ့ ရင်ထဲမှာ ...
မြေစာပုံအောက် ဆိုင်ကယ်ကျောက်
နွံလှိုင်းအောက် ထမင်းစားကျောက်
ဒီဘဝမှာ ထမင်းတွေဝေးခဲ့ပြီ အမေ
မိုးတွေ အရမ်းရွာတယ်
ဆိုင်ကယ်အသစ်လေးနဲ့ အိမ်မပြန်နိုင်တော့ဘူး။

၄၊ ၇၊ ၂၀၂၀