Breaking News

မောင်စွမ်းရည် - ကျောင်းသားနဲ့ ပြည်တွင်းငြိမ်းချမ်းရေး

Photo - Myanmar Times, 2019, July 7th


မောင်စွမ်းရည် -  ကျောင်းသားနဲ့ ပြည်တွင်းငြိမ်းချမ်းရေး

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၀


ဗမာပြည် နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ရွာကနေ မြို့ပေါ်ကျောင်း တက်နေစအခါက အလယ်တန်းအဆင့် ကျောင်းသား ဘဝမှာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ စတင်ထိတွေ့ခဲ့ရဖူးပါတယ်။ ကျွန်တော် ကျောင်းနေရတဲ့ မြို့က မြင်းခြံမြို့ပါ။ ငြိမ်းချမ်းရေးလှုပ်ရှားမှု ဆိုတာက ကြီးကြီးကျယ်ကျယ် မဟုတ်ဘူးလို့ ဆိုနိုင်ပေမဲ့ နိုင်ငံတဝန်းလုံးမှာ လုပ်တဲ့ကိစ္စ ဖြစ်လို့ သိပ်မသေးလှပါဘူး။ လှုပ်ရှားမှုမှာ ပါတယ်ဆိုတာက ငြိမ်းချမ်းရေး ဆန္ဒပြု လက်မှတ်ကောက်ခံတာ ဖြစ်ပါတယ်။ မြင်းခြံမြို့က အစိုးရအထက်တန်းကျောင်းက ကျောင်းသားကြီးတွေပါ။ သူတို့က ကျောင်းသားသမဂ္ဂအမှုဆောင်တွေ ဖြစ်ပုံရပါတယ်။ အချိန်ကာလကတော့ ၁၉၅၂-၁၉၅၃ လောက်က ဖြစ်မယ် ထင်ပါတယ်။

အဲဒီခုနှစ်လောက်က ကျောင်းသားခေါင်းဆောင် နှစ်ဦးကို မှတ်မိပါတယ်။ ကိုအောင်ငွေ ခေါ် ကိုအောင်သူက ကျွန်တော်တို့ ရန်ကုန်ပြောင်းသွားတဲ့နောက်မှ မန်းတက္ကသိုလ်မှာ ကျန်ရစ်ခဲ့တဲ့ ကဗျာဆရာ ကြည်အောင်၊ မြင်းခြံလေးမော်၊ လူထုဖိုးသံချောင်း စတဲ့ ကျောင်းသားတွေနဲ့တွဲပြီး တကသ၊ ဗကသ လှုပ်ရှားမှုတွေကို ဆက်လုပ်ပါတယ်။ အဲဒီတော့မှ သူက တက္ကသိုလ်ဝင်တန်းအောင်ပြီး မန်းတက္ကသိုလ်ကို ရောက်လာလို့ ဖြစ်ပါတယ်။ သူ တက္ကသိုလ်ရောက်တော့ ၁၉၇၀ ပြည့်နှစ်အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်ရတာ အလွန်တင်းကျပ်နေပြီ ထင်ပါတယ်။ စစ်အစိုးရလက်ထက်ပါ။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ဆန္ဒပြု လက်မှတ်ထိုးတာ၊ လက်မှတ်ကောက်ခံတာ တို့မှာ မဖြစ်စလောက် ပါဝင်မိတာကိုပဲ ကျွန်တော့်ကို အုပ်ထိန်းသူ ကျွန်တော့်ဦးလေးက “ကျောင်းသားဆိုတာ နိုင်ငံရေး မလုပ်ရဘူး” ဆိုတဲ့ စကားနဲ့ စတင်ပြီး ကျွန်တော့်ကို သတိပေး ဆုံးမစကားပြောခဲ့ပါတယ်။ အဲဒီတော့မှ ကျွန်တော်လည်း “ဪ… ငြိမ်းချမ်းရေး ဆိုတာလည်း နိုင်ငံရေးပါလား”လို့ အသေအချာ သတိထားမိလာခဲ့ပါ တယ်။ ငြိမ်းချမ်းရေး ဆန္ဒပြု၊ လက်မှတ်ရေးထိုးတာနဲ့ လက်မှတ်ကောက်ခံတာတို့ဟာလည်း နိုင်ငံရေး လုပ်နေတာမို့ တပါတည်း သဘောပေါက်သွားခဲ့ရပါတယ်။ အလယ်တန်းကျောင်းသားဘဝက ဖြစ်ပါတယ်။

ကျွန်တော်တို့တတွေ တက္ကသိုလ်ရောက်ကြတော့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေနဲ့ စာပေလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ကြပါတယ်။ ကျောင်းသားသမဂ္ဂ ကျောင်းသားများက ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများကို လည်း ပါဝင်လုပ်ဆောင်ကြပါတယ်။ ကျောင်းအတွင်းမှာ လုပ်သလို ကျောင်းပြင်ပက မိဘပြည်သူတွေရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ကြပါတယ်။ ရုပ်ရှင်မင်းသား ကိုထွန်းဝေက မန္တလေးရုပ်ရှင်မှာ သူ ပါဝင်သရုပ်ဆောင်ရတဲ့ ကားတွေ ရိုက်နေဆဲမှာ ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးတခု အကြီးအကျယ် လုပ်ဖူးပါတယ်။ ကိုထွန်းဝေက သဘာပတိ၊ သူငယ်ချင်း မောင်မိုးသူက အခမ်းအနားမှူး လုပ်ပါတယ်။ အိမ်တော်ရာ ဆယ့်လေးခန်း ဇရပ်ကြီးမှာ လုပ်တာ။ မဆံ့မပြဲ ပွင့်ထွက်သွားခဲ့ပါတယ်။ လူထုက ဆန္ဒဘယ်လောက် ပြင်းပြနေပါစေ၊ စစ်တပ်က ငြိမ်းချမ်းရေးကို မလိုလားပါ။ တွေ့ဆုံဆွေးနွေးရေးလည်း မလုပ်ချင်ဘူး။ ‘အပြုတ်တိုက်မယ်၊ လက်နက်ချ အညံ့ခံပါ’ တဲ့။ ဒါပဲ။ ဒါပေမဲ့ ဒီနေ့အထိ ပြုတ်လည်းမသွား၊ ငြိမ်းချမ်းရေးလည်း မရပါ။

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ငြိမ်းချမ်းရေးကဗျာတွေ အများကြီး ရေးပါတယ်။ တက္ကသိုလ် အပျော်တမ်းတပ်မှာ ပါဝင်ပြီး စစ်ယူနီဖောင်း တကားကားနဲ့ စစ်သင်တန်းတွေ တက်တာလည်း ရပ်ပစ်လိုက်ပါတယ်။ စာနယ်ဇင်းကလည်း မန္တလေးမှာ လူထုဂျာနယ်၊ လူထုသတင်းစာပဲ ရှိတော့ လူထုတိုက်ကိုပဲ စာမူတွေ သွားပေးပါတယ်။ မောင်ပေါက်စည်၊ မောင်သိင်္ဂါ(မောင်သာနိုး)၊ မောင်အောင်သျှန်၊ တင်မိုး၊ ကြည်အောင်၊ ညွန့်အေး၊ ကိုလေး၊ မောင်စွမ်းရည် စတဲ့ စစ်ဆန့်ကျင်ရေး တက္ကသိုလ် ကလောင်ရှင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ တနေ့တော့ စစ်ဆန့်ကျင်ရေးကဗျာတွေ တဆုပ်ကြီးနဲ့ လူထုတိုက်ကို သွားပြီး စာမူတွေ ပေးပါတယ်။ ဒေါ်ဒေါ်လူထုဒေါ်အမာနဲ့ သိကျွမ်းစအခါပေါ့။ ဒေါ်ဒေါ်က ကဗျာတချို့ကို ပြန်ပေးတယ်။ ‘စစ်ဆိုသံများ မကြားချင်၊ မဖြစ်လို့ ဟန့်တားစာများပင်’ စသဖြင့် ကာရန်နဘေအပြည့်နဲ့ ကြိုးစားပမ်းစား ရေးထားတဲ့ ကဗျာလေးတွေပါ။

ဒေါ်ဒေါ်က “တို့ပြည်သူတွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေက ‘စစ်’ ဆိုတိုင်း ဆန့်ကျင့်လို့ မဖြစ်ဘူးကွဲ့။ စစ်မှာလည်း မတရားသောစစ်၊ တရားသောစစ် ဆိုတာ ရှိတယ်။ ကျူးကျော်စစ်၊ နယ်ချဲ့စစ်ကို ငါတို့ ဆန့်ကျင်ပေမဲ့ ခုခံစစ်၊ တော်လှန်စစ်ကိုတော့ ထောက်ခံကြရမယ်လေ”လို့ ရှင်းပြလိုက်ပါတယ်။

“နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲ၊ ဖက်ဆစ်တော်လှန်စစ်ပွဲတွေဟာ တရားသောစစ်ပွဲတွေ မဟုတ်လား” တဲ့။

ကဲ… ဘယ်လောက် ရှင်းသလဲ။

မောင်စွမ်းရည်လည်း နောက်တပတ်ကျတော့ နယ်ချဲ့ရော၊ ဖက်ဆစ်တွေကိုရော တော်လှန်စစ်ပွဲ နွှဲလိုက်တာ တဒိုင်းဒိုင်း တဒုန်းဒုန်း။ ရန်ကုန်၊ မန္တလေး တက္ကသိုလ်ကျောင်းသားတွေ ပူးတွဲငြိမ်းချမ်းရေး လှုပ်ရှားလုပ်ကြ တော့ ကိုမြတ်လေးရဲ့ သီချင်းတွေ ဆိုကြပါတယ်။

‘အများစုဆန္ဒ’ ဆိုတဲ့ သီချင်းကို မှတ်မိပါသေးတယ်။

‘အများစုဆန္ဒ’ သီချင်း

ရေးသူ- မြတ်လေး

ပြည်သူပြည်သား အများစု ဆန္ဒ တင်ပြရန် အချိန်တန်ပြီ။ ရှစ်နှစ်ကျော် ကိုးနှစ်နီးပါး၊ မီးလောင်ပြကျဘဝနဲ့ ရင်ဆိုင်ရသည်… ပြည်တွင်းစစ်သာ တရားခံ အမှန်ဖြစ်သည်…

(ပြည်တွင်းငြိမ်းချမ်းရေး)၂ ပြည်တွင်းငြိမ်းချမ်းရေးသာ ဒို့ လိုပါသည်… ကျောင်းသူ ကျောင်းသားနဲ့ အလုပ်သမား၊ လယ်သမားညီ၊ စာပေ-အနုပညာ၊ ဂီတသမားတွေ၊ ရိုင်းပင်း ဝိုင်းဝန်း မနှေးကူညီမည်…

ဟေ့- ငြိမ်းချမ်းရေးအတွက်၊ အေးလျက်မနေသာပြီ၊ လူသားအပေါင်းက တောင်းဆိုကြသည်… တောင်းဆိုရမည်… (တခဲနက် ကြွေးကြော်သံတွေညီ)၂ ဒို့ ကျောင်းသူ ကျောင်းသားများက ရှေ့တန်းကသာ ပါဝင်မည်… အနာဂတ် ဗမာပြည် သာယာ စိုပြေမည်၊ အများစုဆန္ဒ တင်ပြမည်… ပြည်တွင်း ငြိမ်းချမ်းရေးသာ လိုပါသည်…

ခုဆိုရင်… အရင်းမဲ့များသာ အညှဉ်းခံရသည်… ဖွတ်ကျောပြာစုဘဝနဲ့ ငတ်မွတ်ခေါင်းပါး ချို့တဲ့လှသည်။ အတန်းအစားက မညီ၊ အရင်းရှင်များသာ စိုးမိုးကြသည်။ စီးပွားရေး ကုန်ဈေးနှုန်းတွေ မြင့်တက်နေလွန်း သည်… အဲဒါ ပြည်တွင်းစစ်ကြောင့်အတည်… ညီရင်းအစ်ကိုတွေ… ချစ်ခင်လက်တွဲ ပေါင်းသင်းကြတာ မြင်လိုပါသည်… အကြမ်းမဖက်၊ ဆွေးနွေးစေ့စပ်ရန် အချိန်တန်ပြီ…

ပြန်ကောက်(ငြိမ်းချမ်းရေးအတွက်…. အေးလျက် မနေသာပြီ)…


အဲဒီသီချင်းကို ကျောင်းသားတွေ သံပြိုင်ဆိုခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ်ကပါ။ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပကော။ ဒီနေ့အထိ ပြည်တွင်းငြိမ်းချမ်းရေး မရသေးတာ ဘာကြောင့်လဲ၊ ဘယ်တော့ ရမှာလဲ။

မောင်စွမ်းရည်

၃၀ ဇွန်၊ ၂၀၂၀