Breaking News

ဧရာ (မန္တလေး) - တွင်းနက်ကြီးနဲ့ ခေါက်ဆွဲ


ဧရာ (မန္တလေး) - တွင်းနက်ကြီးနဲ့ ခေါက်ဆွဲ

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၀

တခါက စတီဗင် ဟော့ကင်းရဲ့ အိမ်မှာ ပါတီပွဲ တခုလုပ်တော့ ကလေးတယောက်က “သူသာ တွင်းနက်ကြီးထဲကို ကျသွားရင် ဘာဖြစ်မလဲ” လို့ မေးတယ်။ “မင်း ခေါက်ဆွဲ ဖြစ်သွားမှာပါ့” လို့ ဖြေလိုက်သတဲ့။ ကလေးတွေက တအံ့တဩ ဝမ်းသာအားရနဲ့ ဟော့ကင်းနဲ့ စကားဆက်ပြောနေကြတယ်။ ဒါကို သူတို့မိဘတွေက အူကြောင်ကြောင်နဲ့ ကြည့်နေကြသတဲ့။ ကလေးတွေလောက် စိတ်ကူး မယဉ်တတ်တဲ့ လူကြီးတွေက ဟော့ကင်းရဲ့ ခေါက်ဆွဲဖြစ်သွားတဲ့ ပုံပြင်ကို စိတ်ကူးယဉ်ကလေးပုံပြင်လို့ ထင်ကောင်း ထင်နေကြလိမ့်မယ် (လူတစ်ယောက်က ခေါက်ဆွဲ ဖြစ်သွားတယ် ဆိုတာ ယုတ္တိရှိတဲ့ ကိစ္စမှ မဟုတ်တာ)။


ခေါက်ဆွဲ ဖြစ်သွားတဲ့ အကြောင်း spaghettification ကို A Brief History of Time မှာ ထည့်ရေးထားလို့ လူကြီးတချို့ကတော့ ဖတ်ဖူးပြီးသား ဖြစ်နေမှာပါ။

🔸

ကလေးနဲ့ လူကြီးရဲ့ စဉ်းစားပုံ ကွာခြားတာကို Antoine de Saint-Exupéry ရေးတဲ့ The Little Prince စာအုပ်မှာ ဒီလိုရေးပြထားတယ်။

၆-နှစ်သား ကလေးတယောက်က တောတွင်းသဘာဝ ဖြစ်ရပ်မှန် ပုံဝတ္ထု စာအုပ်တအုပ်မှာပါတဲ့ သားကောင်ကြီးတွေကိုတောင် အကောင်လိုက် မြိုနိုင်တဲ့ စပါးကြီးမြွေကြီးတွေ အကြောင်းကို ဖတ်ပြီး စိတ်ကူးနယ်ချဲ့နေခဲ့တယ်။

နောက်တော့ သူ့ရဲ့ ပုံဆွဲစာအုပ်မှာ ရောင်စုံခဲတံနဲ့ ပုံတပုံကို ကောက်ဆွဲလိုက်တယ်။ ဒါဟာ သူ့ဘဝမှာ ပထမဆုံး ဆွဲတဲ့ ပုံပေါ့။ လူကြီးတွေကို ပြပြီး “ကြောက်စရာ မကောင်းဘူးလား” လို့ မေးလိုက်တယ်။

ဒါပေမယ့်.. လူကြီးတွေက “ဘာကို ကြောက်ရမှာလဲ၊ ဦးထုပ်က ကြောက်စရာမှ မဟုတ်တာ” တဲ့။

တကယ်ကတော့ သူဆွဲတဲ့ ပုံက စပါးကြီးမြွေက ဆင်ကြီးတကောင်ကို မြိုထားတဲ့ ပုံ။ ဒါကို လူကြီးတွေက နားမလည်တော့ စိတ်ပျက်သွားပြီး၊ အတွင်းထဲကိုပါ မြင်အောင်ဆွဲ ပြရသတဲ့။

“Grown-ups never understand anything by themselves, and it is exhausting for children to have to provide explanations over and over again.” (The Little Prince, by Antoine de Saint-Exupéry)

🔸

ကလေးတွေက စိတ်ကူးယဉ် ပုံဖော်ပြီး နားလည်နိုင်တဲ့ imaginative thinking skill မှာ လူကြီးတွေထက်သာ တတ်ပါတယ်။ ၇-နှစ်မတိုင်မီ ကလေးတွေရဲ့ ဦးနှောက်မှာ theta wave အဖြစ်များတယ်။ လူကြီးတွေမှာ ဆိုရင် theta wave က စိတ်ညို့ ခံထားရတဲ့ အချိန်, တရားထိုင်နေတဲ့ အချိန်, နက်နက်ရှိုင်းရှိုင်း စဉ်းစားနေတဲ့ အချိန်တွေမှာပဲ ဖြစ်လေ့ရှိတယ်။

လူကြီးတွေမှာက ယုတ္တိနည်းကျ စဉ်းစားတဲ့ အခါမှာဖြစ်တဲ့ beta wave တွေပဲ အဖြစ်များတယ်။ ယုတ္တိနည်းကျ စဉ်းစားတယ်ဆိုတဲ့ ဉာဏ်ရည်က ထက်မြက်တဲ့ ဓားသွားနဲ့ တင်စားပြောဆိုလေ့ရှိတဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ စဉ်းစားမှုမျိုး ရှိသလို၊ ဆက်စပ်-ဖန်တီး-ပုံဖော်နိုင်တဲ့ စဉ်းစားမှုမျိုးလည်း ရှိတယ်။ နားလည်ဖို့ ခက်ခဲတယ် ဆိုတဲ့ သဘောတရားတွေကို နားလည်နိုင်ဖို့မှာတော့ ဆက်စပ်-ဖန်တီး-ပုံဖော်နိုင်တဲ့ စဉ်းစားမှုမျိုးကို ကလေးတွေမှာ ရှိတတ်တဲ့ စိတ်ကူးယဉ် ပုံဖော်နိုင်စွမ်းနဲ့ ပေါင်းစပ်ဖို့ လိုတယ်။