Breaking News

နိုင်စွမ်း - Artist မင်းဇော်ရဲ့ အဇ္ဇျတ္တရောင်ပြန် ပန်းချီပြပွဲ


 Artist မင်းဇော်ရဲ့ အဇ္ဇျတ္တရောင်ပြန် ပန်းချီပြပွဲ

နိုင်စွမ်း

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၀

ကလေးတို့ အချစ်တော် “ဘိုဘို” ကာတွန်းဖန်တီးရှင် Artist မင်းဇော်ရဲ့ ဒုတိယ အကြိမ် အဇ္ဇျတ္တရောင်ပြန် (Abstracted Reflection 2) ပန်းချပြပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့က စ,ပြီး စင်ကာပူနိုင်ငံ Art Seasons ပန်းချီပြခန်းမှာ ပြသသွားမှာ ဖြစ်ပါ တယ်။ သူ့ရဲ့ Collage ဖန်တီးမှုတွေကြောင့် လူအများရဲ့ စိတ်ဝင်စားမှုနဲ့ အားပေးမှုတေွ ရရှိ အောင်မြင်ခဲ့တဲ့ ပန်းချီ မင်းဇော်ဟာ အခုပွဲမှာတော့ ကောလာ့ဂျ်ကို အခြေပြုပြီး အခရိုင်းလစ်နဲ့ ပုံဖော် ဖန်တီးထားတဲ့ ပန်းချီကားတွေ ဖြစ်လို့ စိတ်ဝင်စား စရာပါ။ သူ့ရဲ့ ဘဝ ဖြတ်သန်းမှု တစိတ်တပိုင်းနဲ့ ဖန်တီးမှုအတွေးစိတ်ကူး အကြောင်း မေးမြန်းတင်ပြပါမယ်။

Collage ရဲ့ အစ

စက္ကူနဲ့ အခြားပစ္စည်းတွေကို ပန်းချီကားချပ်တွေပေါ် ကပ်ပြီး ဖန်တီးတဲ့ Collage ဆိုတာ ပြင်သစ်ဘာက coller ဆိုတဲ့ စကားကနေ စတင်ခဲ့တာ ဖြစ်ပြီး အဓိပ္ပာယ်က “to glue”  (ကော်ဖြင့်ကပ်သည်)၊ “to stick together” (နှစ်ခုတွဲစပ် ကပ်သည်) လို့ ဖြစ်ပါတယ်။ Collage ပန်းချီဟန်ဟာ ပန်းချီနဲ့ ပန်းပုကို ပေါင်းစပ်လိုက်တဲ့ သဘောလို့ ယူဆကြပြီး၊ အာရှ ပန်းချီသမိုင်းမှာတော့ အရောင်ပါတဲ့ စက္ကူတွေကို ပန်းချီကားမှာ ထည့်သွင်းဖန်တီးတာကို ဘီစီ ၂၀၀ လောက် ဝန်းကျင် ကတည်းက တရုတ်နိုင်ငံမှာ စတင်တယ် လို့ ဆိုပါတယ်။


(ပုံ - ၁)


Pablo Picasso ရဲ့ “Head” ကော်လာ့ဂျ် လက်ရာ (ဆိုက် 43.5 x 33cm)

အဲဒီနောက် ခရစ်နှစ် ၁၀ ရာစုလောက် အထိ ဂျပန်နိုင်ငံမှာ ကော်လာ့ဂျ် ဖန်တီးမှု အသုံးမတွင်ကျယ်ခဲ့ပေမဲ့ ၁၃ ရာစု လောက်မှာတော့ ဥရောပနိုင်ငံတွေဆီ ပြန့်နှံ့ရောက်ရှိသွားတယ် လို့ သိရပါတယ်။ ကော်လာ့ဂျ် ဖန်တီးမှုကို အနောက်တိုင်း ပန်းချီသမိုင်းမှာ ၁၉၂၀  ဝန်းကျင်က စတင်ခဲ့တာ ဖြစ်ပြီး ပီကာဆိုနဲ့ ဂျော့ချ်ဘရက် တို့က ဦးဆောင်ခဲ့ပါတယ်။ အခုခေတ်မှာတော့ Collage ကို ကမ္ဘာတဝှမ်း အသုံးပြုဖန်တီး နေပါပြီ။

(ပုံ - ၂)


မြန်မာနိုင်ငံမှာလည်း ကော်လာ့ဂျ်ကို ပညာရှင် အများအပြားက သူတို့ရဲ့ အနုပညာ ဖန်တီးတင်ပြမှုမှာ Install လုပ် ဖန်တီး လာတာ တွေ့ရပါတယ်။ ထင်ရှားတဲ့ အနုပညာရှင်တွေကို ချက်ချင်း မှတ်မိသလောက် ဖော်ပြရရင် အင်းလျား (ဦး) အောင်မြင့်၊ နေမျိုးဆေး၊ ဘိုကြည်၊ ဇွဲရန်နိုင်၊ စန္ဒာခိုင်နဲ့ နန်းနန်း တို့ပါ။ တခြား ပညာရှင်တွေလည်း ရှိနေပါသေးတယ်။ Texture အရသာ ရဖို့ ခြင်ထောင်စကို ပန်းချီကားမှာ install လုပ် ဖန်တီးတဲ့ Artist တီကျူး၊ ပန်းချီကားထဲမှာ သဲကြမ်းတချို့ install လုပ် ဖန်တီးတဲ့  Artist မင်းသူရိန်တို့ရဲ့ လက်ရာတွေကိုလည်း ကော်လာ့ဂျ်နဲ့ ဆက်စပ်ပြီး မှတ်မိပါတယ်။


(ပုံ - ၃)


Artist မင်းဇော်ရဲ့ အဇ္ဇျတ္တကို ထင်ဟပ်တဲ့ Paper Works

ပန်းချီမင်းဇော်ရဲ့ Paper Works လို့ အမည်ပေးထားတဲ့ ကော်လာ့ဂျ် အနုပညာလက်ရာ ပြပွဲတစ်ခုကို မဟာဗန္ဓလ ပန်းခြံလမ်း (ဘားလမ်း) အထက်ဘလောက်ရှိ Studio Square မှာ ၂၀၁၈ ခုနှစ်က ပြသခဲ့ပါတယ်။

ရောင်စုံ စက္ကူတွေနဲ့ ဖန်တီးထားတဲ့ Landscape လက်ရာတွေက အရင်မြင်တွေ့ခဲ့တဲ့ လက်ရာတွေနဲ့ မတူဘဲ တမူထူးခြား နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရောင်စုံစက္ကူတွေကို မူလ အပြန့်အတိုင်း “ဖြတ်ညှပ်ကပ်” လုပ်ထားတာ မဟုတ်ဘဲ လုံးချေပြီး ပြန်လည် ပြန့်အောင် မီးပူတိုက်ထားတဲ့ ရောင်စုံစက္ကူတွေမှာ Texture အရသာတွေ ပါဝင်နေတာကြောင့် ရောင်စုံစက္ကူ ဆိုတဲ့ အသိရဲ့ အလွန်က သဘာဝ အမြင်တစ်မျိုးပါ ထင်ဟပ်ခံစားရစေပြီး Artist မင်းဇော်ရဲ့ အဇ္ဇျတ္တ၊ အတွေးစိတ်ကူးနဲ့ခံစားချက်တွေပါဝင်နေတာကို သတိပြုမိပါတယ်။

(ပုံ - ၄)


သူက - “တော်လှန်ရေးကောင်စီ တက်လာပြီး ၈ နှစ် အကြာမှာ ကျနော့်ကို မွေးတယ်။ မဆလ ပါတီခေတ်မှာ မူလတန်း ပညာကို စတင်သင်ကြားရပြီး ၈၈ အရေးတော်ပုံကြီး အပြီးမှာ အထက်တန်းပညာကို ပြီးမြောက်တယ်။ နဝတ အစိုးရ လက်ထက်မှာ တက္ကသိုလ်ဘွဲ့ တစ်ခုကို ရခဲ့တယ်။ ကျနော် ဖြတ်သန်း လူလားမြောက်ခဲ့ရတဲ့ ခေတ်တွေကို မြန်မာ့ နိုင်ငံရေးရဲ့ သမိုင်းနဲ့ ချိန်ထိုးကြည့်ရင် အဲဒီခေတ်တွေမှာ နေထိုင်ကြီးပြင်းရတဲ့ ကျနော်တို့ဟာ အရာရာမှာ သိုသိပ်တတ် လာတယ်၊ လျှို့ဝှက်တတ် လာတယ်၊ မျိုသိပ်တတ် လာတယ်။ ပွင့်လင်းမှုတွေ နည်းလာတယ်၊ ဖုံးကွယ်မှုတွေ များလာတယ်။ အနုပညာရှင် တစ်ယောက်ရဲ့ အနုပညာဆိုတာ တကယ်တော့ သူ့ဘဝပါပဲ။ သူဖြတ်သန်းခဲ့တဲ့ ဘဝတွေက သူ့အနုပညာထဲမှာ အလိုလိုကို စီးဝင်နေ ပါတယ်” လို့ ပြောပြတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ကို လေ့လာကြည့်ရင် ၁၉၆၀ ကနေ ၁၉၈၈ ခုနှစ် အထိ တစ်ပါတီ အာဏာရှင် အုပ်စိုးခဲ့ပြီး အဲဒီကနေ ၂၀၁၀ အထိ စစ်အုပ်ချုပ်ရေး အောက်မှာ ရှိနေခဲ့ပါတယ်။ အဲဒီကာလတွေ အတွင်း နိုင်ငံရေး အခြေအနေက ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ အနုပညာဖန်တီးမှု အပေါ်ထိ ရိုက်ခတ်လွှမ်းမိုးခဲ့သလို လွတ်လပ်ပွင့်လင်းမှု မရှိတဲ့ အမှောင်ဆိုးကြီးစိုးတဲ့ ခေတ်ထဲမှာ မွန်းကျပ်စွာ နေထိုင် ဖြတ်သန်းခဲ့ရပါတယ်။


(ပုံ - ၅)


ပြည်သူတွေရဲ့ ကိုယ်စိတ်နှလုံးကိုသာမက ပညာရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍပေါင်းစုံမှာ ချိုးဖျက်ချေမွခြင်း ခံထားတဲ့ အနေအထားကို Artist မင်းဇော်ရဲ့ Paper Works မှာ ထင်ဟပ်နေပြီး ပုံသဏ္ဍာန်ပျက်ယွင်းသွားတဲ့ ပြင်ညီ မျက်နှာပြင်တွေဟာ ညီညာချောမွေ့မှု ကင်းပနေပါတယ်။ သို့သော်လည်း သူ့လက်ရာတွေထဲမှာ နာကျင်မှု၊ ကြမ်းရှမှုတွေ အပြင် ဘဝရှင်သန်မှုရဲ့ မျှော်လင့်အိပ်မက် လှလှလေးတွေလည်း ညွတ်ကြည်ဖွယ် ပါဝင်နေပြန်ပါသေးတာက သူ့ဖန်တီးမှုကို Unique ဖြစ်စေတာ ပါပဲ။

Artist မင်းဇော်ရဲ့ Paper Works တွေနဲ့ ပတ်သက်ပြီး Artist & Curator တစ်ဦးဖြစ်တဲ့ ပန်းချီအောင်မြတ်ဌေးက အခုလို မှတ်ချက်ပြုပါတယ်။

“ဒီကနေ့ လူသစ်စိတ်သစ်နဲ့ နိုင်ငံသစ်ကို ဖော်ဆောင်ပြောင်းလဲ ကြမယ့် အချိန်မှာ ယခင်ကြမ်းတမ်းမှုတွေဟာ အေးချမ်းတည်ငြိမ်မှုတွေအဖြစ်ပြောင်းလဲသွားမှာပါ။ အဲဒီ ကြမ်းတမ်းခက်ထရော်မှုတွေကြားက သက်သောင့် သက်သာအမြင် ပသာဒကို ကျားခုတ်ကျားခဲ ရှာဖွေ ဖန်တီးနိုင်သူတွေထဲမှာ အခုပန်းချီမင်းဇော်ရဲ့ ရိုးရှင်းတည်ငြိမ်တဲ့ သဘာဝရှုမျှော်ခင်း လေးတွေဟာ အကောင်းဆုံး ဥပမာတစ်ခုပဲ ဖြစ်ပါလိမ့်မယ်”

(ပုံ - ၆)

“လာမယ့် ၂၀ ရက်နေ့မှာ လုပ်မယ့် စင်ကာပူ ပြပွဲနဲ့ ပတ်သက်ပြီး ပွဲစီစဉ် ဖြစ်ခဲ့တဲ့ အကြောင်း ပြောပြပါဦး ခင်ဗျ”

“ဒီနှစ်ထဲမှာ COVID19 ကပ်ရောဂါအန္တရာယ်ကြောင့် ကျနော် အပြင်မထွက်ဖြစ်တဲ့ ရက်တွေ များပါတယ်။ အိမ်နဲ့ studio ထဲမှာပဲ အချိန်တော်တော်များများ ကုန်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အရင်နှစ်တွေနဲ့ စာရင်အလုပ်တွေ ပိုလုပ်ဖြစ်တယ် လို့ ထင်ပါတယ်။ အဲဒီအကျိုးဆက်အဖြစ် ဒီတစ်ကိုယ်တော် ပြပွဲလေးကို စီစဉ်ဖြစ်တာပါ”

“ဒီပြပွဲမှာ အရင်က ဖန်တီးဖူးတဲ့ ကော်လာ့ဂျ် လက်ရာတွေ မဟုတ်ဘဲ အဲဒီကော်လာ့ဂျ်တွေကို အခြေပြုပြီး အခရိုင်းလစ်နဲ့ ပေါင်းဆင့်ဖန်တီးရေးဆွဲထားတဲ့ လက်ရာတွေလို့ သိရတယ်။ အဲဒီအကြောင်း ပြောပြပါဦး”

(ပုံ - ၇)


“ဟုတ်ပါတယ်။ တောင်တန်းတွေနဲ့ ပတ်သက်တဲ့ ရှုမျော်ခင်း ပန်းချီကားတွေချည်း သီးသန့် ပြဖြစ်တဲ့ ပြပွဲလေးပါ။ ရှမ်းပြည်နဲ့ ကရင်ပြည်နယ် ဘက်က မြင်ကွင်းတွေ များပါတယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး တည်ငြိမ် ရင့် ကျက်တဲ့ တောင်တန်းတွေရဲ့ အိ‌‌န္ဒြေရှိတဲ့ အလှနဲ့ လှုပ်ရှားရုန်းကန်ပြီး ပဟေဠိဆန်တဲ့ ကျနော့်ရဲ့ ကြေမွနေတဲ့ စက္ကူသဏ္ဍာန် texture တို့ကို ပေါင်းစပ်ပြီး ဖန်တီး ရေးဆွဲထား တာပါ။ ဆန့်ကျင်ဘက် သဘောတရားနှစ်ခုရဲ့ အားပြိုင်မှုတွေကနေ ဖြစ်ပေါ်လာမယ့် ရိုးရှင်းတဲ့ ဆွဲဆောင်မှု တစ်ခုကို ဖန်တီးကြည့်ခြင်း ပါပဲ”


(ပုံ - ၈)


ပြပွဲမှာ အားလုံးပေါင်း ပန်းချီကား ၁၆ ကား ပါဝင် ပြသမှာ ဖြစ်ပြီး ‌၄ ပေ ၃ပေ အရွယ်နဲ့ ၅ပေ ၆ ပေအရွယ်ပန်းချီကားတွေ အများစုပါဝင်ကာ စင်ကာပူနိုင်ငံ Art Seasons ပန်းချီပြခန်းမှာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်မှာ facebook.com/artseasonsgallery မှာ ဝင်‌ရောက် ကြည့်ရှုနိုင်ပါတယ်။

နိုင်စွမ်း၊ နိုဝင်ဘာ ၁၁၊ ၂၀၂၀