Breaking News

အောင်သူငြိမ်း - ပေါ်ပင်မှာ ပျော်ရွှင်

ဝါဒဖြန့် ရုပ်ရှင်အချို့ဓာတ်ပုံ


အောင်သူငြိမ်း - ပေါ်ပင်မှာ ပျော်ရွှင်

(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၀
(စာရေးသူ၏ ဖေ့စ်ဘွတ်ကနေ ကူးပါတယ်)

ဒီနေ့ ဗီဒီယိုကားတိုကလေး အွန်လိုင်းပေါ် တက်လာတယ်။ အချိန်တိုအတွင်းမှာပဲ မြန်မာ့လူမှုကွန်ရက်မှာ ပွဲဆူတာပေါ့။ နိုင်ငံ ရေးအရလည်း အငြင်းပွားဖွယ် ဖြစ်တော့ ဝေဖန်သံတွေလည်း ညံနေတယ်။ ကျနော် အဲဒီ Page သွားကြည့်သူ 111k နဲ့ ကော်မန့်က 17k လောက် ရှိနေတယ်။ အခု ဗီဒီယိုရဲ့ တင်ပြပုံ၊ အကြောင်းအရာနဲ့ ပတ်သက်လို့ ကျနော်ပြောချင်တာ မဟုတ်ပါဘူး။

ကျနော် စိတ်ဝင်စားတဲ့ မေးခွန်းတခု ဖြစ်လာတယ်။ “ရုပ်ရှင်တွေဟာ ရွေးကောက်ပွဲတွေအပေါ်မှာ ဩဇာလွှမ်းမိုးနိုင်ပါသလား” ဆိုတဲ့ မေးခွန်းပဲ။

ကျနော် အမေရိကမှာ ရှိစဉ် သမ္မတဘုရှ်အငယ်ကာလ ရွေးကောက်ပွဲတွေ ဖြစ်လာတော့ ရွေးကောက်ပွဲမတိုင်ခင် သူ့ကို ဆော်တဲ့ နှက်တဲ့ ရုပ်ရှင်တွေလည်း ထွက်တယ်။ အထူးသဖြင့် Micheal Moore မိုက်ကယ်မိုးတို့လို ရုပ်ရှင်ဒါရိုက်တာမျိုးပဲ။ သူက ဘုရှ်ကိုဆော်တာ။ Where to invade next (ဘယ်ကို နောက်ထပ်ကျူးကျော် ရပါ့မလဲ)- 2015၊ Micheal Moore in Trumpland- 2016 ၊ Fahrenheit 11/9 – 2017 ရုပ်ရှင်ကားတွေ ထွက်ခဲ့တယ်။ နိုင်ငံတကာ ဆုတွေလည်း ရတယ်။ ငွေကြေး အရလည်း အောင်မြင်တယ်။ ဒီအခါ ဟောလီးဝုဒ် ရုပ်ရှင်တွေက ရွေးကောက် ပွဲကို ဩဇာသက်ရောက်မှု ရှိသလားဆိုတဲ့ ဆွေးနွေးချက်၊ စာတမ်းတွေလည်း ရှိတယ်။ ဒါပေမယ့် သိပ်တော့ဩဇာ မရှိနိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိတယ်။ အမေရိကန် ပြည်ထောင်စုမှာက ဒီမိုကရက်တွေ အားသာတဲ့ပြည်နယ်၊ ရီပတ်ဘလစ်ကင်တွေ ဩဇာကြီးတဲ့နယ်တွေ ရှိကြ တယ်။ ဟောလီးဝုဒ်ကတော့ ယေဘုယျပြောရင် လစ်ဘရယ်တန်ဖိုးထားမှု၊ လွတ်လပ်ပွင့်လင်းမှု များတဲ့နယ်။ သူတို့ဆီက ထွက်တဲ့ နိုင်ငံရေး ရုပ်ရှင်ကားတွေက ရီပတ်ဘလစ်ကင်တွေကို မုန်းကြတယ်။

မကြာသေးမီက လေ့လာမှုတခု လုပ်ပါသတဲ့။ ဒေတန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနက တွဲဖက်ပါမောက္ခ မီရှဲ စီ၊ ပေါ့ဇ် Michelle C. Pautz က ရုပ်ရှင်တကားဟာ ဩဇာရှိနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ လေ့လာတာပါ။ သူက Midwestern college က ဘွဲ့ကြိုကျောင်းသားတွေကို မေးခွန်းတွေပေးပြီး ဖြေခိုင်းတာပါ။ “Argo” နဲ့ “Zero Dark Thirty” ရုပ်ရှင်တွေကို ကြည့်ပြီး တဲ့အခါမှာ ကျောင်းသား ၂၀-၂၅ ရာခိုင်နှုန်းက သူတို့အစိုးရအပေါ် အမြင်တွေ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ ယေဘုယျအား ဖြင့် ပိုမို ထောက်ခံလာကြတာပါ။ သူတို့က အစိုးရအပေါ် ယုံကြည်မှု တိုးလာပါတယ်။ အကောင်းမြင်စိတ် များလာပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာခံသလဲ။ တခဏတာလား၊ ဆယ်စုတခုလား၊ တဘဝလုံးလား၊ သေချာ မသိနိုင်ပါဘူး။

အိန္ဒိယ ၂၀၁၉ ရွေးကောက်ပွဲ မတိုင်မီမှာလည်း ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီအကြောင်း ဇာတ်လမ်းတိုလေး ထွက်ခဲ့ပါသေးတယ်။ အိန္ဒိယ ရုပ်ရှင်လုပ်ငန်း ဘောလီးဝုဒ်ဟာလည်း ရွေးကောက်ပွဲတွေကို ဩဇာလွှမ်းနိုင်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ သာဓကတွေ ရှိပါတယ်။ ဘောလီးဝုဒ် စတား အများအပြားလည်း နိုင်ငံရေးထဲ ဝင်အရွေးခံခဲ့ကြတဲ့ ဥပမာတွေ ရှိပါတယ်။

ဒါပေမယ့် ပါမောက္ခ မီရှဲ စီ၊ ပေါ့ဇ် Michelle C. Pautz ပြောတာက ရုပ်ရှင်တွေဟာ နိုင်ငံရေးအရ လူမှုဆက်ဆံရေး (political socialization of people) ကို ဖြစ်စေတယ်။ အထူးသဖြင့် ငယ်ရွယ်သူတွေမှာ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အချို့သော အဖွဲ့ အစည်း (အင်စတိကျုရှင်း) တွေကို ဘယ်လို ပုံဖော်ထားသလဲဆိုတာ ပရိသတ်အနေနဲ့ သူတို့ကြည့်မြင်ရတယ်။ ဆွေးနွေးပြော ဆိုစရာ၊ ဒီဘိတ်လုပ်စရာတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ပြန်လည်ဆင်ခြင်စရာ၊ ပြောဆိုစရာ နယ်ပယ် (mechanism for conversation and reflection) ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဘာရယ် မဟုတ်ပါဘူး။ မြန်မာပြည်က မီဒီယာတွေလည်း လူအများအတွက်ရည်ရွယ် ပစ်လွှတ်တဲ့ မီဒီယာ (mass media)၊ ရွေးကောက်ပွဲ၊ နိုင်ငံရေး၊ ဩဇာ လွှမ်းမိုးနိုင်မှုတွေအပေါ် ဆွေးနွေးငြင်းခုန်ကြရင်တော့ ကြည့်ကောင်းမယ်။