Breaking News

ရွေးကောက်ပွဲဝင်ရန် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၅၀ ကျော်ရွေးချယ်

ရွေးကောက်ပွဲဝင်ရန် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၅၀ ကျော်ရွေးချယ်

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

ဖြိုးသီဟချို (Myanmar NOW)


ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို ဩဂုတ် ၄ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာမော်/ Myanmar Now)


ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူများအနက် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယနေ့ (သြဂုတ်လ ၄) မွန်းလွဲပိုင်းတွင် ကြေညာလိုက်သည်။

မြို့နယ်ပေါင်း ၇၄ မြို့နယ်တွင် အမျိုးသားလွှတ်တော် ၁၁ နေရာ၊ ပြည်သူ့လွှတ်တော် ၄၁ နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် နေရာ ၁၀၀၊ စုစုပေါင်း ၁၅၂ နေရာ ဝင်ပြိုင်သွားမည်ဖြစ်ပြီး ရခိုင်၊ ကချင်နှင့် ကယားပြည်နယ်များ မပါဝင်ပေ။

ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒနယ်များတွင် အများဆုံး ဝင်ရောက်ရွေးကောက်ခံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဝင်ပြိုင်မည့် မဲဆန္ဒနယ်များကို ရှောင်ရှားသွားမည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

“ကျွန်တော်တို့က ပါတီအနိုင်ရဖို့ထက်ကို လွှတ်တော်ထဲမှာ တကယ့်ကို အားကောင်းမောင်းသန်လုပ်နိုင်မည့်ပုဂ္ဂိုလ်တွေ ပါလာနိုင်ဖို့အတွက် အဲဒီလိုနေရာမျိုးတွေမှာ အတက်နိုင်ဆုံး ဂရုစိုက်ပြီးတော့ ရှောင်ရှားပါတယ်” ဟု ၎င်းက ပြောသည်။

ဦးကိုကိုကြီးမှာ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်၊ တွဲဖက်အတွင်းရေးမှူး- ၁ ဦးမာကီး ခေါ် ဦးကျော်ကျော်ထွေး၊ တွဲဖက်အတွင်းရေးမှူး-၂ ဦးကျော်ကျော်စိုးတို့ အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ကိုးဦး ရွေးကောက်ပွဲဝင်မည်ဟုလည်း ပြောသည်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူဟု လူသိများသည့် ဒေါ်ခင်ဝိုင်းကြည်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တစ်ခု၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်သွားမည်ဟု ဆိုပြီး ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းကလည်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၉ အတွက် ဝင်ရောက်ရွေးကောက်ခံသွားမည်ဟု ယနေ့ ထုတ်ဖော်ပြောကြားခဲ့သည်။