မောင်စွမ်းရည် - ဝိုက်ချ၊ မောက်ချ၊ ရေးချ နှစ်ခု အသုံးပြုပုံ
မောင်စွမ်းရည် - ဝိုက်ချ၊ မောက်ချ၊ ရေးချ နှစ်ခု အသုံးပြုပုံ
(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၀
မြန်မာ သင်ကြား၊ သင်ယူကြရာမှာ ပထမ ဗျည်း ၃၃ လုံးကို သင်ရတယ်။ တဆက်တည်း ‘သရ’ ကို သင်ရတယ်။ ‘အ-အာ၊ အိ-အီ၊ အု-အူ၊ အေ့-အဲ၊ အော့-အော်၊ အံ-အား’ တဲ့။ သရ ၁၂ လုံး။ မြန်မာစာအဖွဲ့ ပေါ်ပေါက်လာတဲ့အခါ မြန်မာစာပညာရှင်များက ဘာသာသိပ္ပံနည်းကျ လေ့လာသုံးသပ်ကြပြီး ‘အို’ တလုံး တိုးလိုက်ပါတယ်။ ‘အ-အိ-အု-အေ့-အဲ့-အော့-အံ-အို’ တဲ့။ အဲဒါကို မှတ်မိလွယ်အောင် ‘မ မိပု- မေ့တဲ့ သော့တံတို’ လို့ မှတ်သားပါတယ်။ ဆန့်ထုတ်လိုက်ရင်—
အ-အာ-အား
အိ-အီ-အီး
အု-အူ-အူး
အေ့-အေ-အေး
အဲ့-အယ်-အဲ
အော့-အော်-အော
အံ့-အံ-အံး
အို့-အို-အိုး တဲ့။ အားလုံး ၂၄ လုံး။
အထက်ပါ သရသံတွေထဲက ‘အာ’ သရကို သင်္ကတေပြုထားတာ ‘ရေးချ’တဲ့။ ရှေးပညာရှင်တွေက ရေးချကိုလည်း နှစ်မျိုး တီထွင်ထားရစ်ခဲ့ပါတယ်။ (ာ) ဝိုက်ချနဲ့ ( ါ ) မောက်ချတဲ့။ ကျောင်းဆရာလောကမှာ မြန်မာစာ မြန်မာစကားကို မြန်မာလူမျိုးမှန်ရင် မူလတန်းအောင်ပြီးသူတိုင်း သင်ပေးလို့ရတယ်လို့ ထင်တတ်ကြပါတယ်။ ထင်သလို ဟုတ်တန်သလောက် ဟုတ်ပေမယ့် စနစ်တကျ မသင်ယူခဲ့ရင် စနစ်တကျ မသင်တတ်ပါဘူး။ ရှေးရိုးစနစ် ဘုန်းကြီးကျောင်းသင်နည်းအတိုင်း သင်ကြားပို့ချတာက မြန်မာစာ ဖတ်တတ်ရုံလောက်တော့ ဖြစ်တာပေါ့လေ။ ခုအခါ ဆရာအတတ်သင်ကျောင်းနဲ့ ပညာရေးတက္ကသိုလ်တို့မှာ မြန်မာစာဌာန သီးခြားရှိပြီး မြန်မာစာမှာလည်း မြန်မာစာ(စာပေ)ဌာနနဲ့ မြန်မာစာသင်နည်းဌာနရယ်လို့ ခွဲခြားထားရှိပေမယ့် မြန်မာပညာရေးမှာ ဘာသာဗေဒ၊ ဘာသာသိပ္ပံ (Linguistics) ပညာ မပါရှိတဲ့အတွက် စနစ်ကျဖို့ လိုနေသေးတယ် ထင်ပါတယ်။
ကျွန်တော်တို့ကလည်း သမားရိုးကျ သင်လာရတာဆိုတော့ ဘာသာသိပ္ပံ မသင်ယူခဲ့ရပါဘူး။ ဒါကြောင့် ဘာသာစကားအကြောင်း ပြောကြရင် မဝံ့မရဲ ဝင်ပြောနေရပါတယ်။
တက္ကသိုလ် အင်္ဂလိပ်စာဌာနတွေမှာ ဘာသာသိပံ္ပံပညာရှင် ရှိနေရင် အင်္ဂလိပ်စာဌာနက ဆရာကို မြန်မာစာဌာနမှာ ဖိတ်ခေါ်သင်ယူခိုင်းလို့ရတာပဲ မဟုတ်လား။ သူ့ကို အင်္ဂလိပ်စာဌာနအပိုင် မထား၊ မြန်မာစာဌာနအပိုင် မထားဘဲ နှစ်ဌာနလုံးရဲ့ ဘာသာသိပ္ပံဆရာအဖြစ် ခန့်ထားတဲ့စနစ် လုပ်လိုက်ရင်လည်း ရတာပါပဲ။ မြန်မာတက္ကသိုလ်တွေမှာ ဒေါက်တာဘွဲ့ ပေးကြမယ်လုပ်တော့ မြန်မာစာဌာနမှာ ဒေါက်တာဘွဲ့ရ ပါရဂူပညာရှင် မရှိဘူး။ ဒါကြောင့် ဒေါက်တာသန်းထွန်းကို သမိုင်းဌာနကနေ ပင့်ဖိတ်ပြီး မြန်မာစာ ပါရဂူဘွဲ့ စာစစ်အဖွဲ့မှာ ထည့်သွင်းအသုံးပြုခဲ့ရဖူးပါတယ်။ အဲသလိုပဲ ဘာသာသိပ္ပံပညာရှင်ကို အင်္ဂလိပ်စာဌာနက ခဏ ပင့်ဖိတ် အသုံးပြုရင် ရမှာပါ။ ဒါပေမဲ့ မြန်မာစာပါရဂူ ရှိရင်တော့ ပိုကောင်းတာပေါ့။ မရှိသုံး ပြောရတာပါ။
ခု ကျွန်တော် ပြောချင်တာက အဲဒီ မြန်မာစာသင်နည်းထဲက ဗျည်း၊ သရ သင်နည်းရဲ့ ကကြီး၊ ခခွေးလောက်ပဲ ပြောချင်တာပါ။
ကျွန်တော် ပြောနိုင်တာက၊ ပြောခွင့်ရှိတာကလည်း ကကြီး၊ ခခွေး သင်နည်းလောက်ပဲ ပြောခွင့်ရှိတာပါ။ ကျွန်တော့်ရဲ့ တက္ကသိုလ်ဘွဲ့(ဝိဇ္ဇာဘွဲ့)မှာ မြန်မာစာပေဘာသာရပ် ပါရှိပြီး ပညာရေးဘွဲ့(ပညာရေးဒီပလိုမာဘွဲ့) မှာတော့ မြန်မာစာသင်နည်းပါ ရှိပေမယ့် ဘာသာသိပ္ပံ မပါရှိခဲ့ပါ။ ဆရာလည်း မရှိ။ တပည့်လည်း မရှိပါ။
မြန်မာစာသင်ရာမှာ ခု ပြောချင်တာက ဝိုက်ချ၊ မောက်ချ ဆိုတဲ့ ရေးချနှစ်ခု ကိစ္စပါ။ ဒီနှစ်ခုက ‘အာ’ သရရဲ့ သင်္ကတေကပဲ ဖြစ်ပါတယ်။ ာ သို့မဟုတ် ါ လေး နှစ်ခုမှာ တခုခု ပါရင် ‘အာ’လို့ အသံထွက်လို့ ရပါတယ်။ ဗျည်းတွေနဲ့ တွဲလိုက်ရင် ကာ-ခါ-ဂါ-ဃာ-ငါ
စာ-ဆာ-ဇာ-ဈာ-ညာ
တာ-ထာ-ဒါ-ဇာ-နာ
ဋာ-ဌာ-ဍါ-ဎာ-ဏာ
ပါ-ဖာ-ဗာ-ဘာ-မာ
ယာ-ရာ-လာ-ဝါ
သာ-ဟာ-ဠာ-အာ တို့ ဖြစ်လာပါတယ်။ ဒီနေရာမှာ–
ခ-ဂ-င-ဒ-ပ-ဝ
အထက်ပါ ဗျည်းအက္ခရာများကို ဝိုက်ချ ရေးကြည့်လိုက်ရင်— ခာ-ဂာ-ငာ-ဒာ-ပာ-ဝာ လို့ ဖြစ်လာပါတယ်။
သူတို့ဟာ ဆလိမ်၊ ကကြီး၊ ကြီး၊ အ၊ ပစောက်၊ ဝ ဆိုတဲ့ ဗျည်းတွေနဲ့ ဆင်တူယိုးမှား ဖြစ်ကုန်ပါတယ်။ ဒါ့ကြောင့် ာ ဝိုက်ချကို အထက်သို့မြှင့် ‘မောက်’ပေးလိုက်ရပါတယ်။ ါ ဒီလို မောက်ပေးလိုက်ရလို့ သူ့ကို ‘မောက်ချ’လို့ ခေါ်ရပါတယ်။
ကျွန်တော်တို့ ကျောင်းသားတုန်းကတော့ ‘ရေးချကလေး’နဲ့ ‘ရေးချကြီး’လို့ပဲ အလွယ်တကူ ခွဲခြားခေါ်ဆိုခဲ့ကြ ပါတယ်။ ‘ဝိုက်ချ’ကို ရေးချကလေး တဲ့။ သူက ငယ်တာကိုး။ ါ ‘မောက်ချ’ကို ရေးချကြီး တဲ့။ သူက နည်းနည်းကြီးတာကိုး။ ဝိုက်ချနဲ့ သုံးဖို့မသင့်တဲ့ ဗျည်းတွေက အများကြီး မဟုတ်ပါဘူး ၆ လုံးတည်းပါပဲ။
ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ ။ (၆ လုံးရှိတယ်)
အဲဒါလေးတွေကို မောက်ချနဲ့ တွဲလိုက်ရင် အဆင်ပြေသွားတယ်။
ခါ + ဂါ၊ ငါ၊ ဒါ၊ ပါ၊ ဝါ လို့ ဖြစ်လာတယ်။
ဝိုက်ချနဲ့ ရေးထားတာနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။
ခာ-ဂာ-ငာ-ဒာ-ပာ-ဝာ
ခါ ဂါ ငါ၊ ဒါ၊ ပါ၊ ဝါ လို့ ဖြစ်မလာဘူး။
ဒါကြောင့် ‘ဝိုက်ချ’နဲ့ ‘မောက်ချ’ ရယ်လို့ နှစ်မျိုး တီထွင်ခွဲခြားခဲ့ကြတာပါ။
တကယ် ရေးကြည့်ရင် သူ့ဟာနဲ့သူ မဟုတ်တဲ့အခါ တလုံး ရေး တလုံး မှား ဖြစ်သွားတာ သိသာပါတယ်။ ဒါပေမဲ့ ရှေးမြန်မာပညာရှိများက သိသာလွယ်ကူအောင် ရွေးထုတ်ပြီး ခ၊ ဂ၊ င၊ ဒ၊ ပ နဲ့ ဝ ဝိုက်ချမတွဲရလို့ အမှတ်သညာပြုခဲ့ကြပါတယ်။ ခုခေတ် မြန်မာစာအဖွဲ့က ဆရာများက ပိုပြီးမှတ်ရလွယ်အောင်—
‘ခင်ဂူငေါ၊ ဒေါပုံဝ ဝိုက်ချမတွဲရ’ လို့လည်း ဆိုလို့ရပါတယ်။
‘ခါ ဂျိုး ငေါး၊ ဒေါင်း ပျံ ဝဲ’ ဝိုက်ချမတွဲ၊ မောက်ချတွဲ’ လို့လည်း အမှတ်အသား တီထွင်ပေးလိုက်ပါတယ်။ ဗျည်းတွေချည်း ကောက်ကြည့်လိုက်ရင်– ခ၊ ဂ၊ င၊ ဒ၊ ပ နဲ့ ဝ ဆိုတာ ပေါ်လာပါမယ်။ သူတို့နဲ့ ဝိုက်ချနဲ့ မတွဲရ။ မောက်ချနဲ့တွဲပါ။ ဒါပါပဲခင်ဗျား။
ဦးဝင်းဖေ (မောင်စွမ်းရည်)
မြန်မာစာသင်ရိုးအဖွဲ့ဝင်
၁၃ ဧပြီ ၂၀၂၀