Breaking News

သားကြီးမောင်ဇေယျ - သမ္မတကြီးများပါတီ



သားကြီးမောင်ဇေယျ - သမ္မတကြီးများပါတီ

(မိုးမခ)မေ ၁၉၊ ၂၀၂၀

နောက်ထပ် နှစ်ပါတ် အိမ်ထဲမှာ နေဖို့ အစိုးရက အကြံပြုလိုက်တော့ လူတွေ စိတ်ထဲ အတော်ကလေး ကသိကအောက်ဖြစ်ခဲ့ရ။ ပိုးတွေ့လူနာ အသစ် ထပ်မတိုးတော့ဘူးလိုလိုနဲ့ မနေ့က နောက်ထပ် ပိုးတွေ့လူနာအသစ် ထပ်တွေ့တော့ လူတွေ အောက်သက်သက်နဲ့ အိမ်ထဲမှာပြန်နေဖို့ အားမွေးရပြန်ပါတယ်။
ကိုချင်းစာပါတယ်။ အဲလိုခံစားမှုမျိုးကို ကျွန်တော်ကျောင်းသားဆိုးဘ၀ ထောင်ကျတုန်းက ခံစားခဲ့ရဘူးပါတယ်။
ကျွန်တော့်ကို တန်းစီး မောင်လုံးက အထုပ်ပြင် ထွက်ခဲ့ ထောင်မှူးခေါ်နေတယ် ဆိုပြီး ၃ ဆောင်ကနေ ခေါ်ထုတ်သွားခဲ့ ။ အဆောင်ပြင် မိန်းဂျေး နားရောက်တော့ ထောင်ဝါဒါ တစ်ယောက်က မျက်နှာ စောင်အုပ်ပြီး ထောင်ဗူး၀ ထိခေါ်သွားပြန်ပါတယ်။

ကျွန်တော်ကိုလွှတ်တော့မယ်လို့ ပြောပြီး အဖနာမည်မေး။ တနေ့လုံးထောင်ဗူး၀ နားမှာ ပုံစံထိုင်ခိုင်းထား။ ညနေ ၄ နာရီလောက်မှ ထောင်ဝါဒါတစ်ယောက်ရောက်လာပြီး ကျွန်တော့်မျက်နှာကို စောင်အုပ်ပြီး ထောင်ထဲက စစ်ကျောရေးတိုက် ဝန်းထဲက တိုက်ထဲပြန်ထည့်လိုက်ကြပါတယ်။ လွှတ်တဲ့ သူ နာမည်စာရင်းမှာ ကျွန်တော့်နာမည် လွဲနေတယ်တဲ့ ။ သူတို့ တီးတိုးပြောစကားကြားရ နားဝမသက်သာပါကလား။

အဲဒီခံစားချက်မျိုး အခုကိုဗစ် ကပ်ဘေးကာလ အိမ်မှာပဲ နောက်ထပ် နှစ်ပါတ် ဆက်နေရဦးမယ် ဆိုတော့။ နေရဦးမှာပေါ့လေ။ စိတ်ဓါတ်တွေ ပြန်မြှင့်ထား ။ တစ်ကနေ စလို့ ပြန်မြှင့်ထား။

ထောင်ထဲမှာနေတုန်းက ထောင်အပြင်ရောက်ရင် ဘာလုပ်ကြမလဲ လို့ တစ်ယောက်နဲ့ တစ်ယောက်တိုင်ပင် ရင်း မျှော်လင့်ချက် တွေ နဲ့ အသက်ရှင်ခဲ့ကြတာပြန်သတိရပါတယ်။ ခုလို ကိုဗစ်ကာလကိုလည်း ထောင်ထဲမှာ ဖြတ်သန်းသလို ဖြတ်သန်းမှ ဖြစ်မယ်လို့ အလိုလိုတွေးမိပါတယ်။

မှတ်မှတ်ရရ ထောင်ကထွက်ရင် ဘာလုပ်မလဲ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အိပ်မပျော်တဲ့ ညတွေမှာ တစ်ယောက်နဲ့ တစ်ယောက်ဆွေးနွေးတိုင်ပင်ကြ တာကိုပြန်သတိရမိတယ်။ အဲဒီတုန်းက စိတ်ကူးတွေဟာ အတော်ပဲ ဆန်းပြားလွန်းတယ်လို့ ဆိုမလားပဲ။

တညမှာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုတင်အောင် က အကြံပြုတယ်။ ထောင်ကထွက်ရင် သူတို့ရခိုင်ကိုလိုက်ခဲ့။ ရခိုင်က ဘာ စီးပွားရေးလုပ်လုပ် အောင်မြင်တယ်တဲ့။ သူလုပ်မယ်လို့ စိတ်ကူးထားတဲ့ စီးပွားရေးကို ကျွန်တော်တို့နဲ့ စပ်တူလုပ်ဖို့ တိုင်ပင်တယ်။ သူ့ စီးပွားရေးက ဆင်မွေးမြူရေးတဲ့။ ရခိုင် ရိုးမ မှာ ဆင်တွေ အလွန်ပေါတယ်။ တောထဲမှာ အလကားလိုက်ဖမ်းရင်ရတယ်။ ဆင်ဖမ်းတယ် ဆိုတာ လည်း သိတ်မခက်။ ဆင်ရိုင်း ကို ဆင်ယဉ်တွေနဲ့ မျှားပြီး ကျုံးသွင်း လေ့ကျင့်ရုံပဲတဲ့။ ဆင်ကိုမွေးရတာလည်း မခက်ဖူးတဲ့။ မုန်ယိုချိန် ဆို တောထဲလွှတ်ထားလိုက် ။ သူဖာသာသူ ငပျောနဲ့ ဝါးတွေစားရင်းတောထဲ လျှောက်သွားနေတာ။ သစ်ဆွဲစရာ ရှိတဲ့အခါမှ တောထဲ က ကိုယ်ဆင် ကို သွားကောက်ပြီး အလုပ်ဝင်ရုံပဲတဲ့။ ဆင်တကောင်ကို အဲဒီခေတ်က ငွေ ဆယ်သိန်းပေါက်ဈေးရှိတယ်။ ဆင်ဖမ်းမယ်ကျားဖမ်းမယ် ဆိုတဲ့ စိတ်ကူးက အဲဒီကတည်းက ကျွန်တော့်မှာရှိနေတာ။ ဘာမဆို ကြီးကြီးကျယ်ကျယ်လုပ်ချင်တဲ့ကောင်တွေလေ။ သူနဲ့ တိုင်ပင်ပြီး ဆင်ကို စိတ်ကူးနဲ့ ဖမ်းလိုက်ကြတာ တည ဆယ်ကောင်လောက်ရတယ်။ ဝေစုတွေ ဘာတွေတောင် ခွဲလို့။

နောက် တည ကျတော့ ကျွန်တော့်ကို မြစ်၀ ကျွန်းပေါ်က ကျောင်သားတစ်ယောက်က အကြံပေးတယ်။ မွေဖမ်းပြီး စီးပွားရှာရင် ကောင်းမယ်တဲ့။ သူက ဘောကဗေဒ ကျောင်းသား။ အရင်းမစိုက်ပဲ အမြတ်များများရတဲ့ အလုပ်ထဲမှာ ဒီ မွေဖမ်းတဲ့ အလုပ်ဟာ အကောင်းဆုံးပဲတဲ့။ သူပြောတာဟုတ်မှာပါ။ သူ့အဖေက မွေဖမ်းဆရာ လေ။ သူက ရွာမှာ နာမည်ကြီး ။ အခုလို မိုးကျလို့ တောင်ကျရေတွေ ဆင်းလာပြီ၊ ရေတွေကြီးလာပြီဆိုရင် မွေတွေဟာ သစ်တုံးတွေပေါ်မှာ ၊ သစ်ပင်တွေပေါ်မှာ အထွေးလိုက် အထွေးလိုက် မျှောနေကြသတဲ့။ အဲဒီအကောင်တွေ လိုက်ဖမ်း။ ဘီပီအိုင် ဆေးဝါးစက်ရုံကို သွားရောင်း ။ အို မြတ် လိုက်တဲ့ ဖြစ်ခြင်း။ သူနဲ့ပေါင်းပြီး ညတိုင်းမွေဖမ်းနေကြတာ။ ဒီလိုနဲ့ ထောင်က ထွက်တဲ့အထိ ဆင်ဖမ်းလိုက် မွေဖမ်းလိုက်နဲ့ ထောင်ကျနှစ် သုံးနှစ်လုံးဖြတ်ကျော်ခဲ့တာ မှတ်မိပါရဲ။

အခုလို ကိုဗစ် ဟုမ်းစတေး နေချိန်မှာ ခင်ဗျားတို့ အလကားမနေကြနဲ့ သူငယ်ချင်းတွေကို ဖုန်းနဲ့ ဆက်သွယ်ပြီး ကိုဗစ်ကာလ ပြီးရင် ဘာလုပ်မလဲတိုင်ပင်ကြတယ်။ တစ်ယောက်က နှာခေါင်းဖုံး( mask)
ချုပ်ရောင်းမယ်တဲ့။ တစ်ယောက်က လူမှုကွန်ယက်ပေါ်က ဟင်းချက်နည်းတွေ လေ့လာပြီး ချက်လိုက်၊ စားလိုက် လုပ်နေတာ တော်တော်ကလေး ချက်တတ်ပြုတ်တတ်နေပြီဆိုတော့ သူ့အကြံကလည်း မဆိုးပါဘူး။

ကျွန်တော်ကတော့ သမိုင်းအစဉ်လာကြီးတဲံ့ နိုင်ငံရေးနဲ့ စီးပွားရေး မိတ်ဆွေတွေ၊ ရဲဘော်တွေ နဲ့တိုင်ပင်တယ်။
သူတို့ ပြောတာကတော့ ကိုဗစ်ကာလ ပြီးတာနဲ့ လူတွေ စိတ်ဝင်စားမယ့် အလုပ်က ရွေးကောက်ပွဲပဲတဲ့။ အဲဒီတော့ ရွေးကောက်ပွဲနဲ့ ပါတ်သက်တဲ့ စီးပွားရေးလုပ်မယ်။ စီးပွားရေးကို ဒီ အတိုင်းလုပ်ရင် လူစိတ်ဝင်စားမှုုနည်းမယ်။ အဲဒီတော့ ပါတီထောင်ပြီး အာဏာရအောင်ယူမယ့်။ အာဏာရရင် စီးပွားရေးထူထောင်မယ်။ အာဏာနဲ့ စီးပွားရေးဆိုတာ ခေါင်းနဲ့ပန်းဖြစ်တယ်လို့ ခေါင်းဆောင်ကြီးတွေက သူတို့ကို နှစ်ပေါင်းငါးဆယ်ကျော် သင်ကြားပေးခဲတယ် လို့ ဆိုကြတယ်။

ကဲ အိပ်မပျော်တဲ့ ကိုဗစ်ညမှာ ပါတီထောင်ကြမယ်။ ပထမ ပါတီဝင်တွေကိုရွေးမယ်။ ဘယ်လိုပါတီဝင်တွေကိုရွေးမလဲ။ တိုင်းပြည်အတွက် စွန့်စားစွန့်လွတ် လုပ်နိုင် ကိုင်နိုင်တဲ့သူကိုရွေးမယ်။ အဲခက်တာက အဲလို လူမျိုး မရှိ။
ရှိရင်လည်း ကျွန်တော်တို့ပါတီကို မဝင် မှာသေချာတယ်။

အဲဒီတော့ ဒီလိုလုပ်မယ်ဗျာ။ ကျွန်တော်တို့ ပါတီဝင်တွေဟာ ရည်မှန်းချက်ကြီးတဲ့ လူတွေကို ရွေးမယ်။ အနည်းဆုံး နိုင်ငံတော် သမ္မတကြီး အဖြစ် မိမိကိုယ်မိမိ ရည်မှန်းထားတဲ့ သူတွေကို ရွေးမယ်။ အဲလိုဆို ပါတီဝင်တွေ အများကြီးရမယ်။ ကိုယ်ကသာ ဘာမှ မတတ်၊ ဘာမှ မသိတာ။ သမ္မတလောက်တော့ ငါတို့ လုပ်နိုင်တယ်လို့ကိုယ်ကိုယ်ကို အထင်ကြီးနေတဲ့သူတွေများတယ်မဟုတ်လား။ အဲလိုလူတွေများတဲ့ နိုင်ငံမှာ အကျွန်ပ်တို့ နိုင်ငံရေးလုပ်ခွင့်ရတာ ဘယ်လောက်ကံကောင်းလဲ။

ပြောဦးမယ်။ ကျွန်တော်တို့ ပါတီဝင်မယ့်သူဟာ ဘယ်လောက်ထိ ရည်မှန်းချက်ကြီးဖို့လိုသလဲ။ သမ္မတကြီးရာထူးကို မှန်းတဲ့ အထိရည်မှန်းချက်ရှိသူဖြစ်ရမယ်။ ဟုတ်တယ် ငါတို့ပါတီဝင်တွေဟာ နယ်နယ်ရရ ပုဂ္ဂိုလ်တွေမဟုတ်။ သမ္မတ ဖြစ်မယ့်သူတွေ။ ငါတို့ပါတီက သမ္မတ လောင်းတွေနဲ့ဖွဲ့ထားတဲ့ ပါတီ။

ဘယ်သူမဆို ပါတီ ဝင်လျှင် ဝင်ခြင်း ပါတီဥက္ကဌ ရာထူးကို လက်ခံနိုင်ရမယ်။ လက်ခံရမယ်။ အားလုံး ဥက္ကဌတွေဖြစ်ရမယ်။ ဥက္ကဌ တွေကို နံပါတ်စဉ်နဲ့တတ်ပြီးခေါ်ရမယ်။ အရင်ဝင်တဲ့သူက ဥက္ကဌ နံပါတ် တစ်ပေါ့။ စောစောဝင်ရင် နံပါတ် ကောင်းကောင်းရမယ်။ ဥက္ကဌ နံပါတ် ၄၂၀(ဖိုးတွမ်တိ) တို့ ဥက္ကဌ နံပါတ် ၃၇၇ တို့ကတော့ ပါတီ ထူးချွန်တွေ အတွက်ထားမယ်။

ကျွန်ပ်တို့ ပါတီကိုလည်း တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ သမ္မတကြီးများပါတီလို့ခေါ်တွင် စေရမယ်။
ဘယ့်နယ့်လည်း ထောက်ခံတယ် မဟုတ်လား။

ကျွန်နု်ပ်တို့ ပါတီကို အနှေးအမြန် ဝင်ခဲ့ကြပါ။ ကိုဗစ်ကာလ အိပ်မပျော်တဲ့ ညတွေမှာ မိမိကိုယ်မိမိ သမ္မတကြီးရာထူးနဲ့ ထိုက်တန်တယ်လို့ စိတ်ကူးရင်း ဖြတ်သန်းကြရအောင်။ ထောင်ထဲမှာ ဆင်ဖမ်းမယ် မွေဖမ်းလို့ စိတ်ကူးရင်း အိပ်မပျော်တဲ့ ညတွေကိုဖြတ်သန်းခဲ့သလိုမျိုးပေါ့။

ကိုဗစ်ကာလ အိပ်မပျော်တဲ့ညများ အမြန်ဆုံးကုန်ဆုံးပါစေ။

သားကြီးမောင်ဇေယျ (၁၉-၅-၂၀၂၀)