Breaking News

ငြိမ်းစု - ဆရာစွမ်းနှင့် ကဗျာရွတ်ခြင်း

ဆရာစွမ်းနှင့် ကဗျာရွတ်ခြင်း
ငြိမ်းစု
(မိုးမခ) သြဂုတ် ၅၊ ၂၀၂၀

ကျနော် ကဗျာတွေ စာတွေဖတ်ရသည်ကို နှစ်သက်၏။ ကဗျာတွေစာတွေဖတ်ရင်းက ကဗျာတွေစာတွေကို ချစ်တတ်လာသည်။ ထို့ကြောင့်လားမသိ၊ ခံစားချက်နဲ့ အကြောင်းတိုက်ဆိုင်လာလျှင် ကဗျာရေးမိသည်။ စာရေးမိသည်။ ရေးခဲ့မိသောကဗျာများကိုတခါတရံ ပြုလုပ်တတ်သော အထိမ်းအမှတ်ပွဲ၊ ကဗျာရွတ်ပွဲများတွင် အခွင့်ရှိက ပါဝင်ရွတ်ဆိုခဲ့သည်။ ထိုသို့ ကဗျာရွတ်ပွဲ၊ အထိမ်းအမှတ်ပွဲများတွင် ပါဝင်ရွတ်ဆိုခဲ့သော်လည်း ကျနော်သည်ကား ကဗျာဆရာတယောက် မဟုတ်ချေ။

ယခင်က ကျနော်နေထိုင်ခဲ့သော Fort Wayne မြို့ကလေးတွင် ကျနော်တို့လူငယ်များဦးစီး၍ ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားတခုကို ကျင်းပဖြစ်ခဲ့သည်။ ထိုပွဲကို မြန်မာပြည်က ကဗျာဆရာကြီးတဦးဖြစ်သူ ဆရာမောင်စွမ်းရည် တက်ရောက် ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့၏။ ထို့ကြောင့် ဆရာစွမ်းနဲ့ စတင်တွေ့ဆုံခဲ့ရသည်။ ထိုပွဲ၌ ကျနော်ကဗျာရွတ်ဆိုပြီး ဆရာက ကျနော့်အားခေါ်ကာ ကျနော်ရွတ်ဆိုခဲ့သောကဗျာကို တောင်းယူဖတ်ရှု၍ ထိုကဗျာအား ဂျပန်နိုင်ငံရှိ စာစောင်တ ခုသို့ ပေးပို့ရန် တိုက်တွန်းအကြံပြုခဲ့သည်။ ကျေးဇူးတင်ကြောင်း၊ ကြိုးစား၍ ပေးပို့မည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း ပေးပို့ရန်ကိုမူ ကျနော် မကြိုးစားခဲ့ပေ။ ထိုကဗျာသည်ကား အောက်ပါအတိုင်းဖြစ်၏။


"ဒီလှိုင်း၏ တဖန်"
-
 ရာဇဝင်ကြည့်မှန်ထဲက

"ဖုန်းမော်" "တံတားနီ"

"မြေနီကုန်း" "ရှစ်လေးလုံး"

"စက်တင်ဘာ" ဆုံးထိ

ကြည့် … …။

 
သံတိုင်နဲ့ နံရံ လေးဘက်ကြားက

တောတောင်၊ လျှိုမြှောင်တွေထဲက

ဟစ်ကြွေးသံ …

 
သားကောင်းမိခင်တွေရဲ့

ငိုရှိုက်သံ …

 
သက်မဲ့ ဝိညာဉ်တွေရဲ့

ကြိမ်းဝါးသံတွေကို နားစွင့်၊

ကြည်မြ ပီသဆဲ … …။

 
(ကဲ)

ပုန်းအောင်းသူတို့ မိုးပျံ

ပြည်ချစ်သူတို့ တွန်းလှန်

သမိုင်းကြွေး ဆပ်ရန်အတွက် … …။

နှစ်သစ် တပေါင်းမှာလှ

ခေတ်သစ် ပြောင်းရန်မို့

"ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ၊

အားယူနှိုးထ တော်လှန်ကြ" ။

ကျနော်လက်ရှိနေထိုင်နေသော Rensselaer မြို့ကလေးသို့ ပြောင်းရွှေ့လာသောနှစ်တွင် ထိုမြို့ကလေး၌ သင်္ကြန်ပွဲကျင်းပလေရာ ထိုပွဲတွင် ဆရာစွမ်းနှင့် ပြန်ဆုံခဲ့ရ၏။ ဆရာက သူပြောထားသည်ကို မမေ့၊ ကျနော့်ကို ကဗျာပို့ဖြစ်သလော မေးသည်။ မပို့ဖြစ်ကြောင်း ကျနော်ပြောချိန်တွင် ဆရာသည် ပြုံး၍ ခေါင်းတညိတ်ညိတ်ဖြင့် ဘာမျှမပြောတော့။ ထိုနှစ် နှစ်ကုန်ပိုင်းတွင် ရဲဘော်ကိုလေးညိုက စာပေစကားဝိုင်းတခုသို့လိုက်ခဲ့ရန် ဖိတ်ခေါ်ခြင်းကြောင့် သူနှင့်အတူ ကျနော်တို့နေထိုင်ရာ မြို့ကလေး နှင့် ၄၅ မိနစ်မျှဝေးသော Niskayuna မြို့ကလေးရှိအိမ်တအိမ်သို့ ရောက်ခဲ့ကြသည်။ ထိုအိမ်သည် ဆရာကိုကျော်ကျော်ဝင်းနှင့် အမ မအမာတို့ အိမ်ဖြစ်ကြောင်းကို သိရသည်။ အိမ်ထဲတွင် ဆိုဖာခုံများရှိလျက် ခုံများပေါ်တွင်မထိုင်ဘဲ ဧည့်သည်များနှင့်အတူ ကြမ်းတပြေးတည်းထိုင်နေကြသော ဆရာမောင်စွမ်းရည်၊ ဆရာဦးဝင်းဖေနှင့် မြန်မာစာပါမောက္ခ ဆရာဦးစောထွန်း Northern Illinois University (NIU) (စာရေးဆရာ စောလူ) တို့ကို တွေ့ရသည်။ ဧည့်ခန်းအတွင်း၌ နေရာလွတ်မရှိသောကြောင့် ဧည့်ခန်းအပြင်ဘက် အဝင်ပေါက်မှာပင် ထိုင်လိုက်သည်။ ဧည့်ခန်းဝင်ပေါက်အ တွင်းဘက်ရှိ ဘေးတဖက်တချက်တွင် ဆရာစွမ်းနှင့် ဆရာဦးဝင်းဖေတို့ထိုင်နေသဖြင့် ကျနော်သည် ဆရာနှစ်ဦး၏အလယ်တွင် ထိုင်မိလျက်သား ဖြစ်နေလေသည်။

ဧည့်သည်များကို တယောက်တည်း ဧည့်ခံစကားပြောနေသည့်ဆရာဦးဝင်းဖေကို မြင်ရသည်မှာ သူသည် စကားပြောရသည်ကို လွန်စွာနှစ်သက်ပုံရှိ၏။ တခါတခါ အရွှန်းဖောက်ပြောလိုက်သဖြင့် အားလုံးမှာ ရယ်မောရသည်။ မကြာမီ စကားဝိုင်းကိုစတင်လိုက်ချိန်တွင် ဆရာဦးဝင်းဖေသည် ထိုစကားဝိုင်းကို ဦးဆောင်ကာ မေးသမျှအမေးများကို မမောနိုင် မပန်းနိုင် ပြန်၍ရှင်းပြ ပြောပြနေလေသည်။

”ဝတ္တုကို စိတ်ကူးရှိရင်ရှိသလောက် ချဲ့ရေးလို့ စာမျက်နှာပိုထွက်လာတာပဲ ရှိမယ်။ ရုပ်ရှင်ကြတော့ ဒီလိုမဟုတ်ဘူး။ စာရွက်ပေါ်မှာ ကွန့်မြူးထားတာတွေကို ရုပ်ရှင်မှာကွန့်မြူးလို့မရနိုင်ဘူး။ ဒီတော့ ရုပ်ရှင်မှာချုံ့နိုင်သလောက် ချုံ့မှရတယ်။”
စသည်များကို ဥပမာပေး၍ ရှင်းပြီးနောက် ရုပ်ရှင်တွင် အရောင်၊ အသံနှင့် အရုပ်များကောင်းရန်လိုကြောင်းကိုလည်း ပြောပြခဲ့သည်။

ထို့နောက် စကားဝိုင်းကိုသိမ်းကာ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း ဆရာများက ဆရာမြို့မငြိမ်း၏ သီချင်းများကို သီဆိုကြ၏။ ကျနော့ဘေးတွင် ထိုင်နေသော ဆရာစွမ်းမှာလည်း တခါတခါ သီချင်းကိုလိုက်၍သီဆိုနေသည်။ ဆရာစွမ်း သီချင်းကိုလိုက်၍မဆိုသည့်အခါများတွင် ကျနော်သိချင်သော ဆရာမြို့မငြိမ်း၏ အကြောင်းများကို ဆရာစွမ်းအား မေးကြည့်ရသည်။ ဆရာစွမ်းလည်း ကျနော်မေးသမျှကို စိတ်ပါလက်ပါ ပြန်၍ပြောပြသည်။ ထိုအခိုက် ဆရာတို့ သီဆိုနေကြသောမန္တလေးသီချင်းများကြောင့်လားမဆိုနိုင်၊ ကျနော့်အတွေးထဲသို့ မန္တလေးသိန်းဇော်၏ ”ရွှေပွင့်လွှာ” ကဗျာစီဒီခွေသည် မဖိတ်ခေါ်ဘဲ ရောက်လာခဲ့၏။ ထို့ကြောင့် ဆရာစွမ်းအား မန္တလေးသီချင်းများကိုနားထောင်ရင်း မန္တလေးသိန်းဇော်၏ ”ရွှေပွင့်လွှာ” ကဗျာကိုသတိရမိကြောင်းပြောမိရာ ဆရာစွမ်းသည် နီမြန်းနေသောမျက်နှာဖြင့် ကျနော့်ကိုကြည့်၍...

”မင်း သိန်းဇော်က ဘာမို့လို့လဲ၊ ဒါ မြို့မငြိမ်းကွ၊ ငါလက်သီးနဲ့ ထိုးလိုက်ရ” ဟု ဒေါသဖြင့် ပြော၏။ 

ဆရာ ကျနော့်အပေါ် နားလည်မှုလွဲသွားသည်ကိုသိလိုက်သဖြင့်... ”ဆရာထိုးရင်လည်း ခံရမှာပေါ့ဆရာရယ်”လို့ ပြန်ပြောလိုက်ရာ ဆရာသည်မည်သို့မျှမပြောတော့ဘဲ၊ အခြားဘက်သို့လှည့်ကာ သီချင်းကိုလိုက်၍ သီဆိုနေလေတော့သည်။

ဆရာစွမ်းနှင့်မတွေ့ရသည်မှာ ကြာလှပြီ၊ စာပေစကားဝိုင်းပြီးကတည်းကပင်ဖြစ်သည်။

တနေ့သ၌ ကျနော်နေထိုင်သော မြို့ကလေးရှိ ဘုန်းကြီးကျောင်းတွင် ဆရာမောင်စွမ်းရည်လာရောက်၍ စာပေအကြောင်း ဟောပြောမည်၊ ကဗျာရွတ်ဆိုရန် စီစဉ်ထားကြောင်းကြားရသဖြင့် ပွဲစီစဉ်သူများထံ ကျနော်ကဗျာရွတ်မည်ဖြစ်ကြောင်း အကြောင်းကြားထားလိုက်သည်။ ကျနော်သည် ဆရာစွမ်းစာပေအကြောင်း ဟောပြောမည်နေ့တွင် ဘုန်းကြီးကျောင်းသို့ရောက်ခဲ့ရာ ဆရာစွမ်းသည် ကျနော်အား မြင်လျှင်မြင်ချင်း သူ့အနားသို့ခေါ်ကာ...”ဟေ့ကောင် မင်းကဗျာရွတ်မှာလား” ဟုမေးသည်။ ကျနော် ကဗျာရွတ်မည်ဖြစ်ကြောင်းကို ပြောလိုက်သည်နှင့် ဆရာက ”အေး မင်း ကဗျာမရွတ်ရင် ငါလက်သီးနဲ့ ထိုးမှာ” ဟုဆိုကာ ပြုံး၍နေသည်။

”လက်သီးနဲ့တော့ မထိုးလိုက်ပါနဲ့ ဆရာရယ်၊ ရွတ်ဆို ရွတ်ပါမယ်” လို့ြ ပန်၍ပြောလိုက်ရာ ဆရာစွမ်းသည် ရွှင်ပြစွာဖြင့် အသံထွက်ကာ ရယ်မောလိုက်လေသည်။

ကျနော့်ကဗျာမှာ ကဗျာအလင်္ကာများနှင့် ကိုက်ညီမှုမရှိခဲ့ပါက ကျနော်သည် ကဗျာဆရာတယောက်မဟုတ်သဖြင့် နားလည်ခွင့်လွတ်ပြီး နားဆင်ပေးရန် ကဗျာမရွတ်မီ ပြောနေကြတောင်းပန်စကားကိုဆိုကာ အောက်ပါ ကဗျာကို ရွတ်ဆိုခဲ့ သည်။

"မြို့"

 
ဒီမြို့လေးဟာ

အတ္တတွေ တဖျတ်ဖျတ်နဲ့

ပွင့်ဖတ်ဖြူတွေ လွှမ်းခြုံထားတယ်။

 
မမြင်ဘူး မတွေ့ဘူး 

မပိုင်ဆိုင်ဘူးတဲ့ အရာတွေပေါ်မှာ

ဖက်တွယ်ထားတယ်။

 
တံဆိပ်စုံအရက်များအကြောင်း

ကာစီနိုမှာ အလှူဒါန ပြုခဲ့တဲ့အကြောင်း

ဝင့်ဝင့်ကြွားကြွား ပြောတတ်တယ်။

ညကို ညကပဲ မြိုချထားတဲ့

ဒီမြို့လေးက လဟာ

နိုက်ကလပ်မှာ သာတယ်။

 
နှလုံးသားကိုတော့ နှင်းထုအောက်မှာ

မြှုပ်နှံထားကြတယ်။

 
မြို့တွင်းနေရာအနှံ စွန့်ပစ်ခြင်းခံထားရတဲ့

အတိတ်၊ မနက်ခင်း

လိပ်ပြာ၊ အတွေး

ယုံကြည်ချက်တို့ဟာ

ညှိမရတဲ့ ကြိုးနဲ့ သေခဲ့ရပြီး

ရှာမရတဲ့ သံစဉ်တွေအောက်မှာ

ကိုယ့်ကိုကိုယ် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ရတယ်။

ဆရာစွမ်းသည် ကျနော်ကဗျာရွတ်ပြီးသည်နှင့် ကဗျာကို တောင်းယူဖတ်ကြည့်လေသည်။

ဆရာစွမ်းသည် အကြားအာရုံ အားနည်းသူဖြစ်သဖြင့် နားကြပ်တတ်ထားရ၏။ အသံကိုနားကြပ်မှ နားထောင်ရသည်ထက် စာကိုဖတ်ရသည်က ပို၍ အဆင်ပြေသည်ဟု ထင်ရသည်။ ထို့ကြောင့် ကျနော့်ကဗျာကို တောင်းယူဖတ်ရှုခြင်းဖြစ်မည်။ ထိုမှစ၍ ဆရာစွမ်းနှင့်အထိမ်းအမှတ်ပွဲများ ကဗျာရွတ်ပွဲများတွင် အမြဲဆုံတွေ့ခဲ့သည်။ တွေ့လိုက်သည်နှင့် ကျနော့်ကို သူ့အနားသို့ခေါ်ကာ ကဗျာရွတ်မည်လော၊ မရွတ်လျှင် သူက လက်သီးဖြင့် ထိုးမည်ဖြစ်ကြောင်းကို ပြုံးရွှင်စွာ ပြောလေ့ရှိသလို ကျနော်သည်လည်း ကဗျာရွတ်ဆိုပါမည် လက်သီးဖြင့်တော့ မထိုးလိုက်ပါရန် တောင်းပန်မြဲ တောင်းပန်ရတော့လေသည်။

ဤကမ္ဘာလောကကြီး၌ ကျနော်ကဗျာမရွတ်ဆိုပါက လက်သီးဖြင့်ထိုးမည့်သူဆို၍ ဆရာစွမ်းတဦးတည်းသာ ရှိသည်ကိုတွေးမိတိုင်း ဆရာ့ကို သတိရသည်။ ထိုသို့သတိရတိုင်းလည်း ဆရာကျန်းမာပါရဲ့လားဟု တွေးမိသည်။ ဆရာနှင့် ကျနော် နောက်ဆုံး တွေ့ခဲ့ရသည့် Albany မြို့တွင်ကျင်းပခဲ့သော ကဗျာရွတ်ပွဲကိုပင် ကျနော့်အတွေးထဲ၌ မေ့ပျောက်၍ မရှိနိုင်ဘဲ ရှိသည်။

ထိုကဗျာရွတ်ပွဲသို့ ပွဲစရန်အချိန်နီးမှ ကျနော်ရောက်သွားသည်။ ကျနော်သည် မိတ်ဆွေတဦး၏နံဘေးခုံလွတ်တွင် ဝင်၍ထိုင်ကာ ထိုမိတ်ဆွေဖြင့် စကားပြောနေသည်။

”ဟေ့ကောင်” ဟု ခေါ်သံကြောင့် ကြည့်လိုက်ရာ ဆရာစွမ်းသည် ကျနော်၏ဘေးတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရ၍ ချက်ချင်းထရပ်ကာ ဆရာ့ကို နှုတ် ဆက်ရသည်။ ဆရာသည် စိတ်မောနေသည်မှ ပြန်လည်လန်းဆန်းလာသည့် လေသံဖြင့်...

”ငါ မင်းကိုလိုက်ရှာနေတာကွ၊ နောက်ကျလိုက်တာကွ” လို့ပြောရင်း ကျနော်မလာတော့ဘူး ထင်မိကြောင်းကို ပြောသည်။ 
ကျနော်သည် နောက်ကျရခြင်းကို ဆရာ့အားပြောပြရင်း ကျနော်အတွက်ကြောင့် ဆရာစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်ကို စိတ်မကောင်းဖြစ်ခဲ့ရသည်။ ဆရာက မေးနေကျစကားကိုမေးကာ ကဗျာမရွတ်လျှင် လက်သီးဖြင့်ထိုးမည်ဖြစ်ကြောင်း ပြုံးလျက်ပြော၍ ကျနော်ကဗျာရွတ်မည်ကိုသိရှိသွားကာ သူ၏ နေရာသို့ ပြန်လေသည်။ ဆရာပြန်လှည့်သွားသည်ကိုကြည့်ရင်း ဆရာနှင့်စကားပြောရသည်မှာ ယခင်ကနှင့်မတူ စကားခွန်းကို နှစ်ခါသုံးခါ အော်၍ပြောရသည်။ လမ်းလျှောက်နေသည်မှာလည်း အလွန်နှေးသွားသည် ထင်သည်။ ထို့ကြောင့် ကျနော့် စိတ်အတွင်း၌ ဆရာ့ကျန်းမာရေးကို ပူပန်မိသည်။

ဆရာသည် အောက်ပါ ကဗျာကို ကျနော်ရွတ်ဆိုပြီးသည်နှင့် တောင်း၍ ကြည့်သည်။

"မေ့လျော့ခံ ငုဝါ"

 
အချိန်တန်တော့လည်း

ကြွေကျသွားကြ၊၊

လန်းဆန်းတက်ကြွနေတဲ့

စိမ်းနုရောင် ရွက်သစ်များ ဝေဆာ

ငုတွေ လှိုင်လှိုင်ပွင့်တဲ့ ရာသီ ။

 
ငုဖတ်တွေ လေမှာကြဲ

ငုရင်ပြင်ထဲက

သက်မဲ့ဝိညာဉ်တွေ

ရှင်ပြန်နိုးထ လာတဲ့

နှစ်ကူး စနစ်ကူး ကာလ ။

 

အဲဒီ့ ဝိညာဉ်တွေ မဆိုထားနဲ့

ကျုပ်ရဲ့

ပေးဆပ်ပြီး လက်တွေလောက်မှ

တန်ဖိုးမရှိလေတဲ့

တူးပို့မြူးသံနဲ့ ရွှေရည်လူးမယ့်ပွဲကို

ပါဝင်ဆင်နွှဲရပေဦးတော့ မပေါ့ ...။

စည်းချက်ညီညီ ကကွက်

သင်္ကြန် ယိမ်း

နံ့သာရေ ငွေဖလား

အိုးမည်းနဲ့ မုန့်လုံးရေပေါ်

ရိုးရာ သင်္ကြန်မှာ ...

မိုးလေ တိုက်ခတ်

တဖျတ်ဖျတ်နဲ့ ကြွေ

ပန်းငုဝါတွေမှာတော့

မှုန် ... ဝါး ... လွင့် ... ပြယ် ...။

ထိုနေ့က ကျနော် မိတ်ဆွေတဦး၏မင်္ဂလာပွဲမှနေ၍ ကဗျာရွတ်ပွဲသို့ တန်းသွားရသဖြင့် ကဗျာစာရွက်ပါမသွားချေ။ ထို့ကြောင့် ကျနော်၏ Facebook စာမျက်နှာတွင် ဒီဇိုင်းလုပ်ထားသော ကဗျာဓာတ်ပုံကိုဖုန်းဖြင့်ယူကာ ရွတ်ဆိုခဲ့သည်။ ဆရာက ဖတ်ရှုရန်တောင်းသည့်အခါ ဖုန်းကိုပေးလိုက်ရသည်။ ဆရာသည် ခဏမျှကြည့်ရှုပြီး အခြားမရှိဘူးလားဟု မေးသည်။ မရှိကြောင်းပြောလေရာ ဆရာသည် ကြိုးစား၍ဖတ်ကာ ဖုန်းကိုပြန်ပေးလာသည်။ ကဗျာ၏နောက်ခံပုံမှ အရောင်များနှင့် ကဗျာစာသားများမှ အရောင်များသည် ရောထွေးလျက်ရှိသောကြောင့် ဆရာကောင်းကောင်း ဖတ်နိုင်ခဲ့မည်မထင်မိပါ။ အကယ်၍ ဤစာကို ဆရာဖတ်မိပါက ဆရာနှင့်ကျနော် စတင်တွေ့ဆုံချိန်မှ နောက်ဆုံးတွေ့ဆုံချိန်ထိ ကျနော်ရင်ထဲတွင်အမှတ်ရနေသည့် ကျနော်၏ကဗျာသုံးပုဒ်ကို ဆရာဖတ်ရန် ထည့်သွင်းဖော်ပြရပေသည်။

ဆရာမောင်စွမ်းရည်နှင့် မတွေ့ရသည်မှာ လာမည့် နိုဝင်ဘာ ၁၇ ရက်နေ့တွင် (၄) နှစ် တင်းတင်းပြည့်တော့မည်။

ဆရာကျန်းမာစေရန် ဆုတောင်းရင်းဖြင့် ….။

ငြိမ်းစု

1:16 AM Saturday, July 18, 2020