ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၃ )
ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၃ )
(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၃
(အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဂျွန်အဒမ်က “အားလုံး ဖောင်ဖျက်ပြီး ဖြစ်ပါတယ်။ လူတွေက မြစ်ရဲ့ဟိုဘက်ကမ်းကို ဖြတ်ကူးပြီးသွားလို့ တံတားကို ဖြုတ်ချလိုက်ကြပြီ” လို့ အမေရိကန်တော်လှန်ရေးနဲ့ ပတ်သက်ပြီး ရေးသားခဲ့ဖူးပါတယ်။ ကနေ့ နွေဦးတော်လှန်ရေးကလည်း နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိတော့သလို တော်လှန်ရေးမှတပါး အခြားတည်ငြိမ်ရေးလမ်းစ ဟူ၍လည်း ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်တော့ပါ။)
တပ်ပေါင်းစု ဆိုတာ တူညီတဲ့ အကျိုးစီးပွားပေါ် မူတည်ပြီး မဟာမိတ်ဖွဲ့ခြင်း ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် အဖွဲ့အစည်းတခု ပါတီတခု နိုင်ငံတခု စသဖြင့် မတူညီတဲ့ ရည်မှန်းချက်တွေရှိကြပေမဲ့ တူညီတဲ့ ဘုံအကျိုးစီးပွားအတွက် ကာလတခုမှာ အတူတကွ မဟာမိတ်ဖွဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တပ်ပေါင်းစု မူ ဆိုတာ “တူတာ တွဲလုပ်ပြီး မတူတာ ခွဲလုပ်” ဆိုတဲ့ အခြေခံပေါ်က တည်ဆောက်ကြတာဖြစ်လို့ အနှောင်အဖွဲ့ကင်းသလို လွတ်လပ်ပွင့်လင်းမှုလည်း ရှိပါတယ်။
ညီညွတ်ရေးအကြောင်း ပြောကြတိုင်း တပ်ပေါင်းစု ဆိုတဲ့စကားဟာ ရှေ့တန်းရောက်လေ့ရှိပါတယ်။ ဆိုလိုချင်တာက ဒီစကားက နိုင်ငံတကာ အခင်းအကျင်းအရဖြစ်စေ ကျနော်တို့ မြန်မာနိုင်ငံအခင်းအကျင်းအရဖြစ်စေ အောင်မြင်စွာ ဖြတ်သန်းခဲ့ကြတဲ့ သာဓကတွေရှိခဲ့သလို မအောင်မမြင်ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေလဲ အခိုင်အမာရှိခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့ဘဝ နိုင်ငံရေး၊ စစ်ရေး၊သံတမန်ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့ ကြေးမုံပြင်အဖြစ်လည်း မှတ်ယူလေ့ရှိကြသလို ဒီပဋိပက္ခတွေက ကျော်လွှားစေမယ့် နည်းစနစ်တခုအဖြစ်လည်း ယုံကြည် လက်ခံ ဆောင်ရွက်လေ့ရှိတာ တွေ့ရတတ်ပါတယ်။
ထင်ရှားတဲ့ နိုင်ငံတကာအခင်းအကျင်းတခုကတော့ ဖက်ဆစ်ဂျာမန်တွေကို ခုခံတိုက်ခိုက်ဖို့ အင်္ဂလိပ်၊ အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စုတို့ဟာ မဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ ရှေးမဆွပင်ကတည်းက တပ်ပေါင်းစု ဆိုတဲ့ မဟာမိတ်စုဖွဲ့မှုတွေနဲ့ တရင်းတနှီးရှိခဲ့ကြပါတယ်။ ဂျပန်ဖက်ဆစ်တွေကို တိုက်ဖို့အတွက် ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖတပလ) တပ်ပေါင်းစုကို ၁၉၄၄ ခုနှစ် ဩဂုတ် ၄ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း အိမ်မှာ လျှို့ဝှက်ဖွဲ့စည်းခဲ့ပါတယ်။ အဓိကကျောရိုးအဖြစ် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတွေ ဖြစ်ပါတယ်။ မူလ ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦး၊ ဒုတိယအကြိမ် တိုးချဲ့ဖွဲ့စည်းခဲ့တဲ့ ဖတပလ ဗဟိုဥိးစီးအဖွဲ့ဝင် ၁၆ ဦး၊ တတိယအကြိမ် တိုးချဲ့ဖွဲ့စည်းခဲ့တဲ့ ဖတ ပလ ဗဟိုဦးစီးအဖွဲ့ဝင် ၃၆ ဦးဖြစ်ပြီး ဖတပလ ဗဟိုစစ်ကောင်စီ ကို ၁၉၄၅ ခုနှစ် မတ်လမှာ လူ ၇ ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ၁၉၄၅ သြဂုတ် ၁၄ ရက်နေ့က ဂျပန်များ တရားဝင် လက်နက်ချခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးသွားခဲ့ပါတယ်။
စစ်ကြီးအပြီးမှာ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) များ လှုပ်ရှားမှု နေရာအနှံ့ ပေါ်ခဲ့ပါတယ်။ စစ်ကြီးအပြီး တစ်ပတ်အကြာ သြဂုတ်လ ၁၉ ရက်နေ့မှာ နေသူရိန်အစည်းအဝေးကြီး လုပ်နိုင်ခဲ့ကြပါတယ်။ နေသူရိန် အစည်းအဝေးကြီးကနေ ဖတပလ ကို ဖဆပလ အဖြစ် အမည်ပြောင်းလဲခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့နောက် လွတ်လပ်ရေးတိုက်ပွဲအတွက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ( ဖဆပလ ) ဆိုပြီး နာမည်ပြောင်း ဖွဲ့စည်းခဲ့ကြတာလို့ ပြောရမှာ ဖြစ်ပါ တယ်။ ပြောရမယ်ဆိုရင် ဖဆပလဟာ တပ်ပေါင်းစုတခုပါပဲ။ ဖတပလ က စစ်ရေးကာလမှာ ဖွဲ့တဲ့ စစ်ရေးတပ်ပေါင်းစုဖြစ်ပြီး ဖဆပလ ကတော့ နိုင်ငံရေးတပ်ပေါင်းစုလို့ ပြောနိုင်ပါတယ်။
အဲဒီအချိန် အဲဒီကာလမှာတော့ ဖဆပလဟာ မြန်မာနိုင်ငံတဝန်း နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးလိုလို ပူးပေါင်းပါဝင်ခဲ့တဲ့ တပ်ပေါင်းစုကြီးလို့ ပြောရမှာဖြစ်ပါတယ်။
ကျနော် ထောက်ပြလိုတာက ဖဆပလဟာ သူ့ ခေတ် သူ့ကာလမှာ အင်အားတောင့်တင်းတဲ့ညီညွတ်ရေးတပ်ပေါင်းစု ဖြစ်ခဲ့ပေမဲ့ လွတ်လပ်ရေးလွန်ခေတ်မှာတော့ အကျိုးစီးပွားတွေပေါ်မူတည်ပြီး သန့်ရှင်းဖဆပလ ၊ တည်မြဲဖဆပလ နှစ်ခြမ်းကွဲခဲ့ပါတယ်။
ပြောရမယ်ဆိုရင် ဒီမိုကရေစီသဘောတရားတွေကို ပစ်ပယ်ပြီး နှစ်ဖက်လုံးက စစ်တပ်ကိုမျက်နှာသာပေးတာတွေ အစွမ်းကုန် ဖော်လံဖားတာတွေ လုပ်ခဲ့ကြတဲ့အမှားဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ကို မြေတောင်မြှောက်ပေးလိုက်သလို ဖြစ်ခဲ့တာလို့ပဲ ပြောလိုပါတယ်။
ကျနော် ဆက်ရေးမှာက နိုင်ငံရေးသမားတွေ လွှတ်တော်မှာ အာဏာခွက်စောင်းခုတ်နေချိန် စစ်တပ်က စစ်တပ်စီးပွားရေးကို အစီအစဥ်ရှိရှိ တည်ဆောက်နေတာကို ထောက်ပြချင်တာပါ။ စစ်သူခိုးတွေ စစ်တပ်ဖွဲ့ပြီး ကိုယ်ကျိုးလုပ်ခဲ့တာ လွတ်လပ်မရမီ စောစောကာလကတည်းကလို့ ပြောရမှာ ဖြစ်ပါတယ်။
လူကြီးသူမတွေ ပြောကြတာကတော့ ဂျပန်ခေတ်က စစ်တပ်အနေနဲ့ ကားလိုချင်ရင် လိုချင်တဲ့ ကားကို BIA ကပ်လိုက်ရုံပဲလို့ ပြောကြသလို အိမ်လိုချင်ရင်လည်း လိုချင်တဲ့အိမ်ကို BIA ကပ်လိုက်ကြတာပဲလို့ ပြောကြပါတယ်။ တကယ်လည်း အဲဒီအတိုင်း ဖြစ်ခဲ့တာပါ။
၁၉၅၀ ပြည့်နှစ်အစောပိုင်းမှာ စစ်တပ်က DSI ( Defense Services Institute ) ဆိုပြီး စစ်သားတွေအတွက် စားသုံးကုန် စျေးနှုန်းချိုသာဖို့ ဆိုပြီး စီးပွားရေးလုပ်ငန်းကို အခြေချခဲ့တယ်။ လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာကြရင်း ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းမှာ DSI က မြန်မာနိုင်ငံမှာ အကြီးမားဆုံးစီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်လာပါတယ်။ အထူးကုမ္ပဏီများအက်ဥပဒေအရ အခွန်ကင်းလွတ်ခွင့်လည်း ရခဲ့ပါတယ်။
နောက်ပိုင်း DSI က ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စာအုပ်ထုတ်ဝေရေးကအစ လက်လီလက်ကား အားလုံးကို ဝင်ရောက်ချုပ်ကိုင်ပါတော့တယ်။ မြဝတီပုံနှိပ်တိုက်၊ မြဝတီစာစောင် ထုတ်ဝေခဲ့ပြီး ၁၉၅၂ ခုနှစ်မှာတော့ မြဝတီမဂ္ဂဇင်းကို စိတ်ဓာတ်စစ်ဆင်ရေးဌာနက စစ်ဆင်ရေးလက်နက်တခုအဖြစ် သဘောထား ထုတ်ဝေခဲ့တာ တွေ့ရပါတယ်။
၁၉၆၀ ပြည့်နှစ်မှာတော့ DSI က လုပ်ငန်းအတော်များများကို မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း BEDC ( ဘီအီးဒီစီ ) ဆိုပြီး ကော်ပိုရေးရှင်းအသစ် ထူထောင်တဲ့အထဲ ပြောင်းထည့်လိုက်ကြပြန်ပါတယ်။
ဘီအီးဒီစီဟာ သွင်းကုန်ပို့ကုန်လုပ်ငန်း၊ အင်းဝဘဏ်၊ အင်းဝစာအုပ်တိုက်၊ အရက်ဆိုင်အထိ ခြေလှမ်းကျဲကျဲ လှမ်းခဲ့ပြီး စီးပွားရေးနယ်ပယ်ကို အခွန်မပေးသွင်းဘဲ လက်ဝါးကြီးအုပ်တော့တာပါပဲ။
စစ်ဗျူရိုကရေစီ အရင်းအနှီး ကြီးလာတာနဲ့အမျှ စစ်ဗိုလ်ချုပ်တွေဟာ လူတန်းစားတရပ် အသွင်ဆောင်လာ ပြီး အရပ်သားတွေကို စစ်ကျွန်တွေလို သဘောထားလာကြတာ အခိုင်အမာတွေ့ရတော့တာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အဆက်ဆက် သိပ်ချမ်းသာကြွယ်ဝကုန်ကြတာလည်း ဗမာပြည်မှာသမားရိုးကျလို ဖြစ်ကုန်တော့တာပါပဲ။
နဝတ/နအဖ ခေတ်မှာ ပြည်တောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက် ( Union of Myanmar Economic Holdings Limited) ကို ထူထောင်ပြီး စစ်တပ်က နိုင်ငံစီးပွားရေးကိုလက်ဝါးကြီးအုပ်ဖို့ ကြိုးစားကြပါတော့တယ်။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့၊ ရာသက်ပန် စစ်ဗိုလ်ချုပ် မိသားစုတွေ ချမ်းသာဖို့ အာဏာကိုသုံးပြီး ကုဋေတထောင်ကျပ်နဲ့ ဦးပိုင်ကို စတင်ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ပါတယ်။ ဦးပိုင်လို လူသိသူသိ သိပ်မများဘဲ လုပ်ပိုင်ခွင့် တနင့်တပိုးရထားတဲ့ ကော်ပိုရေးရှင်းတခုက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် မတ်လမှာ ပြဋ္ဌာန်းလိုက်တဲ့ နဝတ ဥပဒေ ၉/၈၉ အရ စီးပွားရေးလုပ်ငန်း ၁၂ ခုကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖြစ် သတ်မှတ်ကာ အစိုးရကသာ လုပ်ပိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းလိုက်ပြီး MEC က ထိုလုပ်ငန်း ၁၂ ခုလုံးကို လုပ်ကိုင်ပါတော့တယ်။ ဦးပိုင်ကို စစ်ရေးချူပ်ရုံးအောက်မှာ ထားပြီး MEC ကိုတော့ စစ်ထောက်ချုပ်ရုံးအောက်မှာ ထားပြီး ကိုင်တွယ်တယ်လို့ သိရပါတယ်။
သေချာတာက ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ အန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတဲ့ကာလ ဖြစ်တယ်လို့ပြောရမှာပါ။ ဒီဖက်ဆစ်စစ်တပ်ဟာ နယ်ပယ်အသီးသီးမှာ လက်ဝါးကြီးအုပ် အမြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ကျနော်တို့ ဒီအချိန်မှာ လူထုအားနဲ့ စကစ စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တရား ဖြစ်တဲ့ စစ် ၃ စစ်ကို အကုန်အစင် တိုက်ဖျက်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ စစ်အနိုင်တိုက်ကြရပါမယ်။ ဒီနောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ကြရပါမယ်။
ကျနော်တို့ ညီညွတ်မှာ ဒီလုပ်ငန်းနှစ်ရပ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ကနေ့ အခင်းအကျင်းတခုလုံးက တဖက်က ညီညွတ်ရေးကို တည်ဆောက်ရမှာဖြစ်သလို အခြား တဖက်ကလည်း အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်း ပြောသလို စားဖားတွေ၊ အကျင့်ပျက်တွေ၊ ကိုယ်ကျိုးရှာသမားတွေ၊ အချောင်သမားတွေကို ဖယ်ရှားဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
အကြောင်းကတော့ ဒီအကျင့်ပျက် ဖောက်ပြန်ရေးသမားတွေဟာ ဖက်ဆစ်စစ်တပ်နဲ့ အတွေးအခေါ် အရ တထပ်တည်း ဖြစ်နေလေ့ရှိတာ တွေ့ရလို့ပဲ ဖြစ်ပါတယ်။ စားဖားတွေ၊ ဖောက်ပြန်ရေးသမားတွေညီညွတ်ရင် တိုင်းပြည်ဒုက္ခရောက်လေ့ရှိပါတယ်။
ကျမ်းကိုး—
၁။ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း ဗန်းမော်တင်အောင်
၂။အမှောင်ကြားကဗမာပြည် ဝင်းတင့်ထွန်း
၃။ သတင်းစာပြောသော စစ်အတွင်းက ဗမာပြည်(လူထုဦးလှ)
၄။တပ်မတော်လက်ဝါးကြီးအုပ် စီးပွါးရေးလုပ်ငန်းအကြောင်း Dr Tint Swe Burma
Democracy
၅။ရဲဘော် လှမျိုး (၁၉၆၈)။ ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်းဝင် စာချုပ် စာတမ်းများ
(ပထမ အကြိမ် ed.)။ နံ့သာတိုက်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar