နေစိမ့် - အနမ်းရှင်
အနမ်းရှင်
နေစိမ့်
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၀
ရာစုအဆက်ဆက်
စကားလုံးတွေထွက်နေမယ့်
ကျောက်ရိုင်းတုံးထဲက အသံ
အဲဒီ့ကျောက်တုံးတွေထဲ
တိတ်ဆိတ်နေတဲ့ ရိုဒင်ရဲ့အသံရှိတယ်
အဲဒီ့ကျောက်စိုက်တွေထဲ
နစ်မြှုပ်နေတဲ့ သဘာဝကျကျ ရိုဒင်ရဲ့အနမ်းရှိတယ်
ငါတို့ရဲ့အနမ်းဟာ
နွေဦးပေါက်ရာသီတွေ ဘယ်နှခုဖြတ်သန်းခဲ့ပြီလဲ
ကင်မီလီ
ပါရီမြို့လယ်ကောင်ကြီး
ကျောက်စိုင်ထဲစိုက်ဝင်နေတဲ့
ဆင်ဆာမဲ့ အနမ်းရှည် စစ်စစ်
အိုး ... ကင်မီလီ
တို့အနမ်းကို မင့်မျက်ရည်နဲ့အရောင်တင်ပေးပါကွဲ့
ဘယ်သူတွေကများ
ကျောက်ရိုင်းတုံးတွေရဲ့အရသာ
နှလုံးသားနဲ့မြည်းစမ်းဖူးပါသလဲ
အရာရာကိုထားခဲ့လိုက်
ငါ့အနမ်းကို ရပ်လို့မရတော့ဘူး ကင်မီလီ
ငရဲဘုံသို့ဝင်ထွက်ရာ တံခါးဝမှာ
ငါ ရပ်နေရဲ့....
နေစိမ့်
- သြဂတ်စတီရိုဒင် (ပြင်သစ် ပန်းပုအနုပညာရှင်)
၁၈၄၀- ၁၉၁၇
- ကင်မီလီ = ရိုဒင်၏ချစ်သူ