Breaking News

ဇင်လင်း - လက်နက်ကိုင် အကြမ်းဖက်မှုများ ကျဆုံးပါစေ တရားဥပဒေစိုးမိုးရေး အဓွန့်ရှည်ပါစေ

Art - Than Htay Maung


ဇင်လင်း - လက်နက်ကိုင် အကြမ်းဖက်မှုများ ကျဆုံးပါစေ တရားဥပဒေစိုးမိုးရေး အဓွန့်ရှည်ပါစေ

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၀

နိုဝင်ဘာလ(၈)ရက်နေ့တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement) အကောင်အထည်ဖေါ်ရန် ပြည်သူ့ အာဏာ (People’s Mandate) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သို့ တခဲနက် ပေးအပ်လိုက်ပြီဖြစ်သည်။ ပြည်သူလူထုက NLD ပါတီ၏ မူဝါဒလမ်းစဉ်များအရ အမျိုးသားရင်ကြားစေ့ရေး (National Reconciliation) ကိစ္စကို တာဝန်ယူ အကောင်အထည်ဖေါ်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ဆက်လက်ဆောင်ရွက််စေရန် ဆန္ဒမဲများ ဖြင့် သဘောထားဖေါ်ပြလိုက်ကြခြင်း ဖြစ်သည်။ ပြည်သူတို့က လွှဲအပ်လိုက်သည့် လုပ်ပိုင်ခွင့် အာဏာနှင့်အတူ ယိုယွင်း နေသည့် တရားဥပဒေစိုးမိုးရေးကို ခိုင်မာတောင့်တင်းအောင် လုပ်ဆောင်ရန်လည်း ပါ၀င်သည်။ တရားဥပဒေ စိုးမိုးရေး ယိုယွင်းနေခြင်းကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ဆက်လက်ကျူးလွန်နေကြသည်ကို မြင်နိုင်သည်။ ထို့ကြောင့် ပြည်သူလူထုက NLD အစိုးရအား တရားဥပဒေစိုးမိုးရေး ခိုင်မာတောင့်တင်းစေရန်အတွက်လည်း တာဝန်ပေး လိုက်ခြင်း ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး ယိုယွင်းနေခြင်း၏ အကျိုးဆက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုလည်း ခြိမ်းခြောက် ခံနေရပေသည်။

လတ်တလော တရားဥပဒေစိုးမိုးမှုကို သာမက နိုင်ငံရေးတည်ငြိမ်မှုကိုပါ စိန်ခေါ်လာသော ပြဿနာမှာ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်အတွက် ရွေးကောက်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ၎င်း၏ နေအိမ်၌ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၁ ရက်နေ့က ကျောက်မဲမြို့၊ နောင်ပိန် ကျေးရွာအုပ်စု၊ ပင်တိန်ရွာရှိ နေအိမ်၌ ဦးထိုက်ဇော် ရှိနေစဉ် လက်နက်ကိုင် အကြမ်း ဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။ ဦးထိုက်ဇော်အား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု မတိုင်မီ၊ နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းက လက်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ၏ အစ်ကိုအရင်းဖြစ်သူ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးထွန်း၏ နေအိမ်ကိုလည်း သေနတ် ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ အထူးစိတ်မကောင်းဖြစ်ရပါတယ်၊ တစ်နည်းအားဖြင့် ဒါဟာ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်း ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဘယ်လောက်လိုအပ်နေတယ် ဆိုတာကို ပြလိုက်တာလည်း ဖြစ်ပါတယ်၊ သူ့နေရာကတော့ လစ်လပ်ပဲ ဖြစ်မှာပါ၊ ကြားဖြတ်ရွေးကောက်ပွဲမှသာ သူ့နေရာအတွက် ပြန်ရွေးကြရမှာပါ" ဟု လက်ရှိ အမျိုးသားလွှတ်တော် အမှတ် (၁) ကိုယ်စားလှယ်ဖြစ်ပြီး ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က Myanmar Now သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

ဦးထိုက်ဇော်အား ကျောက်မဲဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားသည်ဟု ဆိုသည်။ NLD ပါတီ အနေဖြင့် နိုင်ငံရေးအပေါ် လက်နက်ကိုင်အကြမ်းဖက်မှုအား ရှုံ့ချသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။ နိုဝင်ဘာ ၂၁ ရက်က ကျောက်မဲမြို့၊ နောင်ပိန် ကျေးရွာအုပ်စု၊ ပင်တိန်ရွာတွင် မသမာသူ ၏ ပစ်ခတ်လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရသည့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က နိုဝင်ဘာလ ၂၂ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသူ ဦးထိုက်ဇော်၏ မိသားစုနှင့် ထပ်တူ ကြေကွဲဝမ်းနည်း ရပါကြောင်းနှင့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူကို အရေးယူ အပြစ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူတို့က လျင်မြန်စွာ စုံစမ်းဖော်ထုတ် ပေးရန်နှင့် ကျောက်မဲဒေသတွင် ယင်းကဲ့သို့ အကြမ်းဖက် လုပ်ရပ်များ နှစ်စဉ် မကြာခဏ ပေါ်ပေါက်နေသည်ကို ထိထိရောက်ရောက် ဟန့်တား အရေးယူပေးပါရန် တိုက်တွန်းကြောင်း ဖေါ်ပြခဲ့သည်။

ဦးထိုက်ဇော် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့ပါက ကျောက်မဲဒေသအတွင်း တရားမဝင်လုပ်ငန်းများ ဖြင့် ကြီးပွားချမ်းသာနေသူများက သူတို့၏ လုပ်ပိုင်ခွင့်များနှင့် လုပ်ကွင်းလုပ်ကွက်များ ဆုံးရှုံးမည်ကို ကြောက်ရွံ့သဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းလည်း ဖြစ်နိုင်သည်။ သူတို့အုပ်စုနှင့် လက်ဝါးရိုက်ထားသူတို့လုပ်ပိုင်ခွင့်အာဏာ ဆုံးရှုံးတော့မည့် အရေးကို ကြောက်ရွ့ံကာ ဦးထိုက်ဇော်ကို လုပ်ကြံခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ယင်းဒေသတွင် အမျိုသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ နိုင်ငံရေးစည်းရုံးရေးသြဇာ တိုးတက်လာအောင် ဦးထိုက်ဇော်က အတော်အတန် ကြိုးပမ်းနိုင်ခဲ့ပုံရသည်။ တစ်နည်း အားဖြင့် ဦးထိုက်ဇော်၏ နိုင်ငံရေးသြဇာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ သောင်ပြိုကမ်းပြိုအောင်နိုင်မှု အပေါ် ဒေသတွင်း လက်နက်ကိုင်အုပ်စုတစ်ခုက အကြောက်လွန်သွားပုံရသည်။ ယခုပစ်ခတ်လုပ်ကြံသွားပုံမှာ အင်အား တောင့်တင်းသော လက်နက်ကိုင်ဂိုဏ်း တစ်ခုခု၏ ကျောထောက်နောက်ခံရှိနေသဖြင့် ယခုကဲ့သို့ သွေးအေးအေး လက်ရဲဇက်ရဲ လုပ်သွားပုံ ပေါ်လွင်နေသည်။

ယခုဖြစ်ရပ်မှာ ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံခဲ့ရပုံကို ပြန်ပြောင်း သတိရ စရာဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်၌ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဗန့်နေယားရပ်ကွက် ရှိ နေအိမ်တွင် သေနတ်သမားတို့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရသော ဖဒိုမန်းရှာ၏ ဖြစ်ရပ်နှင့် ဆင်တူ သည်။ ဖဒိုမန်းရှာသည် ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ မာနယ်ပလော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ပူးပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီကို ထောက်ခံမှု ပြုကြရန် ဆော်သြခဲ့သည်။ အဆိုပါ နိုင်ငံရေးအမြင်ကို အကောင်အထည် ဖေါ် ရန် ဖဒိုမန်းရှာ၏ စည်းရုံးဆောင်ရွက်မှုကြောင့် ၂၀၀၇ ခုနှစ်တွင် မဲသဝေါထ သဘောတူညီချက်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ယင်း နိုင်ငံရေးသြဇာကို အကြောက်လွန်သည့် လက်နက်ကိုင် အကြမ်းဖက်အုပ်စုက ဖဒိုမန်းရှာကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။

လက်ရှိအခြေအနေတွင် ရှမ်းပြည်နယ်၏ နိုင်ငံရေးအခြေအနေမှာ ရှုပ်ထွေးမှုအများဆုံးဟု ဆိုနိုင်သည်။ ရှမ်းပြည်နယ်သည် ခေတ်အဆက်ဆက် လက်နက်ကိုင်ပဋိပက္ခများ အများဆုံး ဖြစ်ပွားခဲ့ရာ ဒေသဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ စုစည်း၍ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အတူတကွ လွတ်လပ်ရေး ရယူနိုင်ရန် သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် ရေခံ၊ မြေခံကောင်းလည်း ဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်၏ နိုင်ငံရေးနိုးကြားမှုသည် အရှိန်အဝါ ကြီးမားခဲ့၍ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး လွတ်လပ်ရေးကို ရယူနိုင်အောင် အထောက်အကူပြုခဲ့သည်။

အကြောင်းအမျိုးမျိုး ကြောင့် ပြည်ထောင်စု သွေးစည်းညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခြင်းမရှိသဖြင့် ယနေ့ အထိ ပြည်တွင်းစစ် မီးမငြိမ်းနိုင်သည့် အခြေအနေများဖြစ်ပေါ်လျက်ရှိသည်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ၀ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်မှ ဝ ပြည်နယ်အဖြစ် တရားဝင် တိုးမြှင့်ပေးရန် တောင်းဆိုနေသည်။ အစိုးရက အသိအမှတ်မပြုသော်လည်း ၎င်းတို့ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာရုံးသုံး စာများတွင် ဝ ပြည်နယ်၊ ဝ ပြည်နယ်အစိုးရဟု သုံးနှုန်းနေခြင်းသည် အစိုးရအား သွယ်ဝိုက်အားစမ်းနေသည်ဟု ထင်သည်။

မကြာသေးမီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုုင်း ရေး ကော်မတီ (FPNCC) က နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် သဝဏ်လွှာပေးပို့လိုက်သည်ဟု ဆိုသည်။ FPNCC အဖွဲ့ကို နိုင်ငံရေး အရ ဦးဆောင်နေသည်မှာ ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဖြစ်သည်။ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA) သည် FPNCC အဖွဲ့ဝင်ဖြစ်နေသဖြင့် လက်ရှိရခိုင်ဒေသ တိုက်ပွဲများဖြစ်ပေါ်နေမှုသည် FPNCC နှင့် ဆက်စပ်နေပေသည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိပက္ခများကို အပြီးအပြတ် ဖြေရှင်းမည်ဆိုလျှင် FPNCC အဖွဲ့နှင့် ပဓါနပြု ဆွေးနွေးညှိနှိုင်းရမည့် အနေအထားဖြစ်သည်။

ဦးထိုက်ဇော် နေထိုင်ရာ ကျောက်မဲမြို့နယ်တွင် လက်နက်အဖွဲ့အစည်း အများအပြား အားပြိုင်နေကြသည်။ အစိုးရ တပ်မတော်၊ တအာင်း(ပလောင်)အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။ ယခုလုပ်ကြံမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ ကမျှ သူတို့လက်ချက်ဟု ကြေညာခြင်းမရှိသော်လည်း အချင်းချင်း အကြားတွင်မူ မည်သူ့လက်ချက်ဆိုသည်ကို ခန့်မှန်း နိုင်သည်။ ယခင်သီတင်းပတ်အတွင်းကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ အိမ်ကို လက်နက်ကြီး များနှင့် ပစ်ခတ်ခံရမှုများဖြစ်ပေါ်ခဲ့သော်လည်း လက်သည်မပေါ်သေးပေ။ ကျောက်မဲမြို့တွင် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တရားခံများကိုဖမ်းဆီးရရှိမှု ရှားပါးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ၍ ကွယ်လွန်သွားခြင်း နှင့် စပ်လျဉ်း၍ 7Day News က လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သို့ ဆက်သွယ်မေးမြန်းခဲ့ကြောင်း သိရသည်။

“ဒါကတော့ တရားဥပဒေစိုး မိုးမှုမရှိခြင်းပေါ့နော်။ ဒီဒေသ တစ်ဝိုက်မှာ မြောက်မြားစွာသော ရာဇဝတ်မှုတွေ၊ ပြစ်မှုတွေဖြစ် နေတဲ့အရာကို 7Day နဲ့တကွ အားလုံးသော ပြည်သူတွေအပေါင်းလည်း သိကြမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဥစ္စာဟာ ငြိမ်းချမ်းရေးမရှိတဲ့အတွက် တရားဥပဒေ စိုးမိုးရေးမရှိဘူး။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အတွက် ဒီလိုမျိုးပြစ်မှုတွေဟာ ရဲရဲ တင်းတင်း၊ လက်ရဲဇက်ရဲချိုးဖောက်နေတယ်လို့ သုံးသပ်မိပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးရရှိအောင် အားလုံးလက်တွဲပြီး ကြိုးပမ်းကြဖို့လိုအပ်ပါတယ်။ ငြိမ်းချမ်းပြီ၊ တရားဥပဒေစိုးမိုးပြီဆိုရင်တော့ ဒီလိုရာဇဝတ်မှုမျိုးတွေဟာ ပပျောက် သွားလိမ့် မယ်။ တဖြည်းဖြည်း နည်းပါးရာကနေ ပပျောက်သွားလိမ့်မယ်လို့ယုံကြည်မိပါတယ်။ တရားဥပဒေစိုးမိုးရေးရှိမှသာ ပြည်သူ တွေဟာ နေ့အထိတ်ထိတ်၊ ညအထိတ်ထိတ်ဒုက္ခတွေ ကနေ နေ့စဉ်ဘဝတွေကနေ လွတ်မြောက်ပါလိမ့်မယ်။ ဒါကြောင့်မို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေတဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ကနေပြီးတော့ အားလုံးဝိုင်းဝန်းထောက်ပို့ပြီးတော့ပေါ့။ ငြိမ်းချမ်းရေးအမြန်ဆုံးရအောင် ကြိုးစားပေးကြပါလို့ ကျွန်တော် အနေနဲ့ တိုက်တွန်းချင်ပါတယ်။” ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် သူတို့ကိုယ် သူတို့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် ကြိုးစားတည်ဆောက် ခဲ့ကြသည်။ သောင်းကျန်းသူဟု ခေါ်လျှင် မကြိုက်ကြ။ အကြမ်းဖက်အဖွဲ့ဟု နာမည်ပေးခံရလျှင် ဆတ်ဆတ်ခါ နာကြ သည်။ နိုင်ငံရေးအရ မူဝါဒချမှတ်ထားသည့် အဖွဲ့များအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာ မကျဆင်းစေရန် အကြမ်းဖက် လုပ်ရပ်များကို တတ်နိုင်သမျှ ရှောင်ကြသည်။ RCSS နှင့် TNLA လက်နက်ကိုင် အဖွဲ့များ က ယခု လုပ်ကြံသတ်ဖြတ်မှုသည် သူတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ထို့ကြောင့် ယခု ဦးထိုက်ဇော်လုပ်ကြံမှုနှင့် ပတ်သက်၍ နိုင်ငံရေးအရ ဂုဏ်သိက္ခာမထိခိုက်စေရန် တရားခံရှာဖွေဖေါ်ထုတ် ရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) အနေဖြင့် အစိုးရနှင့် လက်တွဲဆောင်ရွက်ကြဖို့လိုသည်။ ယခုကဲ့သို့ အကြမ်း ဖက် လုပ်ကြံမှုသည် ဒေသခံ EAOs များ၏ ဂုဏ်သိက္ခာကိုလည်း သွယ်ဝိုက်သောနည်းဖြင့် ထိခိုက်သည်။ သို့ဖြစ်၍ လုပ်ကြံ သတ်ဖြတ်သူ တရားခံများကို ဖေါ်ထုတ်နိုင်ရေးအတွက် EAOs များကလည်း ပူးပေါင်းတာဝန်ယူသင့်သည်။ မည်သို့ဆိုစေ ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်မှုသည် Political Assassination ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ရှေ့လာမည့် ငါးနှစ်တာ နိုင်ငံရေးလုပ်ငန်းစဉ်များကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ NLD အား နိုင်ငံရေးသတိရှိရန် အချက်ပေး လိုက်သည့် ဖြစ်ရပ်ဟု ဆိုနိုင်သည်။ ဦးစွာအားဖြင့် ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်ကို သတ်ဖြတ်ခြင်းဖြင့် အချုပ်အခြာအာဏာနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်လာသည့် အကြမ်းဖက် လူသတ်ဝါဒကို ချေမှုန်းတိုက်ဖျက်ရန် နိုင်ငံရေးသန္နိဋ္ဌာန် ချရမည်။ လက်ရှိ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ထောက်ပြချက်ကို အလေးထား၍ လာမည့် အစိုးရသစ် လက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဥပဒေစိုးမိုးရေး ခိုင်မာအောင် လုပ်ရမည်ဟု သုံးသပ်မိသည်။။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၅၊ ၂၆ - ၁၁-၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။