ဆားပုလင်းသာပိန် — ရာဇဝတ်အိုးထဲမှာ ကြင်စိုးကိုထားရစ်ခဲ့ (၈)
ဆားပုလင်းသာပိန် — ရာဇဝတ်အိုးထဲမှာ ကြင်စိုးကိုထားရစ်ခဲ့ (၈)
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၂
ကြင်စိုးတစ်ယောက်
စိတ်ထဲမှာ အတော်လေး မကျေမလည်ဖြစ်နေပါတယ်၊ အာဆီယံမှာ မျက်နှာပြခွင့်ရလေ မလားဆိုပြီး
ဟွန်ဆန်ကို အတင်းကာရော ဝင်လုံး၊ လက်ဆောင်တွေ ပေးလိုက်ပေမယ့် အခုတော့ ဘာအရာမှ မထင်၊
ဒုံရင်းက ဒုံရင်း။ အာဆီယံ အစည်းအဝေးဆိုရင် ဇွန်းမီတင် (Zoom Meeting) ပဲဖြစ်ဖြစ်၊
ခက်ရင်းမီတင် ပဲဖြစ်ဖြစ် တက်ရဖို့ နန့်နန့်တက်နေမိပေမယ့် ဟွန်ဆန်နဲ့ပဲ အွန်လိုင်းပေါ်မှာ
ထပ်တွေ့ရပြန်တယ်။ ကြာလာရင် ရပ်ကွက်ထဲက ပိုပိုအထင်အမြင်သေးလာကြတော့မယ်ဆိုတာ
ကြင်စိုး ရိပ်မိပြီး ခေါင်းထဲက ဒီအကြောင်းကို ထုတ်မရ ဖြစ်နေပါတော့တယ်။
ကြင်စိုးတစ်ယောက်တည်း
ဦးနှောက်စားနေတုန်း မဲလုံး ရောက်လာတာနဲ့ ကြုံလို့ “မင်းလည်း ရသလောက်
စဥ်းစားကြည့်ဦးကွာ၊ ရော့ မင်းအတွက် ကော်ဖီ၊ အရမ်းပူသေးတယ်၊ ချက်ချင်းမသောက်နဲ့ဦး”လို့
တလက်စတည်း ပြောလိုက်တယ်။ ဆရာ တပည့်နှစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ခဏငြိမ်နေကြပြီးသကာလ
မဲလုံးက အဘ ဆိုပြီး အစချီကာ သူ့ရဲ့ မဟာအကြံဉာဏ်ကို ပြောပြလိုက်တယ်။ ကြင်စိုးတစ်ယောက် သူ့နားကိုသူ မယုံနိုင်အောင် ဖြစ်သွားတယ်၊
မဲလုံးကိုလည်း တအံ့တဩနဲ့ စိုက်ကြည့်ပြီးတော့ ”ငါ့မှာကွာ ညညဆို ဒီကိစ္စဘယ်
လိုလုပ်ရင် ကောင်းမလဲဆိုတာ စဥ်းစားပြီး အိပ်လို့တောင် မပျော်ဘူး၊ ဘေးနားက မင်းတို့’မေကြင်’ကို
အကြံတောင်းတော့လည်း သူကအိပ်ချင်မူးတူးနဲ့ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ မဟန်ပါဘူး၊ မင်းအကြံလောက် ကောင်းတာထွက်မလာဘူး၊ နောက်ဆိုရင်
မင်းကိုပဲ ညည အနားခေါ် အိပ်ရမလိုဖြစ်နေပြီ”ဆိုပြီးပြောလိုက်တယ်။
တကယ်ကတော့
ကြင်စိုးက စကားအဖြစ် ရိုးရိုးပြောလိုက်တာပါ။ ဒါပေမဲ့ ‘ရှမ်းပျိုမဲ’တန်ခိုးနဲ့ ကြင်စိုးအပေါ်
ဟိုလိုလို ဒီလိုလို ဖြစ်နေတဲ့ မဲလုံးတစ်ယောက် ဒီစကားကို ကြားလိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ
တလှပ်လှပ်နဲ့ ကယောင်ချောက်ချား ဖြစ်သွားကာ ‘ပူသေးတယ် မသောက်နဲ့ဦး’ ဆိုတဲ့ ကော်ဖီကို
ယောင်ပြီး မော့သောက်လိုက်မိပါတယ်၊ ကျွက်ကျွက်ဆူအောင် ပူနေသေးလို့ လျှာအပူလောင်ပြီး
ပြန်သီးထွက်ကာ လက်ပေါ်ကိုလည်း ကော်ဖီပူတွေ ဖိတ်ကျပါတော့တယ်။ ဒါနဲ့ ရောင်ရမ်းပြီး
ကိုင်ထားတဲ့ ကော်ဖီခွက်ကို လွှတ်ချလိုက်မိလို့
ကြမ်းပြင်ပေါ်ကျပြီး ခွက်က ကွဲပါလေရော၊ လန့်ဖျပ်ပြီး ကော်ဖီခွက်အကွဲစတွေ
စားပွဲအောက် ဝင်ကောက်ရင်း လက်ရှသွားပြန်တဲ့ မဲလုံး ရုတ်တရက် ပြန်အထမှာ မာဘယ်ကျောက်စားပွဲစွန်းနဲ့
ခေါင်းနဲ့ ဒိန်းခနဲ တိုက်မိလို့ ငယ်သံပါအောင် ထအော်ရပါတော့တယ်။ စိတ်ထဲကလည်း
“တော်ပြီ ငါတော့ ဒီရှမ်းပျိုမဲဆေးကို ဖြတ်မှဖြစ်တော့မယ်” လို့လည်း တွေးမိလိုက်တယ်။
ကြင်စိုးကတော့ သူ့အတွေးနဲ့သူမို့ မဲလုံးတစ်ယောက် သူ့ဘာသာ ယောက်ယက်ခတ်နေတာကို သတိထားမိဟန်မပေါ်ပါဘူး။
မဲလုံးအကြံဥာဏ်နဲ့ ရုပ်လုံးပြနိုင်မယ့် အာဆီယံ အစည်းအဝေးမှာ ဘယ်ဆွစ်ဇာလန်နာရီကို
ပတ်ပြရရင်ကောင်းမလဲဆိုတာ စဥ်းစားနေပါတယ်။
ဒီလိုနဲ့ပဲ
မဲလုံးရဲ့ ရွှေဥာဏ်တော်စူးရောက်မှုကို
အခြေပြုထားတဲ့ အာဆီယံ ဇွန်းမီတင်ကို ကြင်စိုးတို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ
ကြည့်ရှုခွင့်ရလာပါတော့တယ်။ မဲလုံးကိုယ်တိုင် ကြင်စိုးနဲ့တိုင်ပင်ပြီး ဆန်ခါတင် ရွေးချယ်ထားသူတွေပဲ ကြည့်ခွင့်ရမှာပါ။ ကြင်စိုး ပြောသမျှလုပ်သမျှ
လက်ခုပ်လက်ဝါးတီး မျက်စိမှိတ် ထောက်ခံသူများ ဖြစ်ဖို့လိုတဲ့အတွက်
‘ဘောမ’ဆိုတာလောက်နဲ့တင် မလုံလောက်တော့ပါဘူး၊ ’ပယ်ပယ်နယ်နယ်မ၊ မဟားဒရားမ၊ ပိုးစိုးပက်စက်မ၊ မြိန်ရည်ယှက်ရည်မ’ဆိုတဲ့ အုပ်စုတွေထဲကသာ အဖိတ်ခံရပါတယ်။ ’တို့ကနန်း ဆိတ်ကနန်းမ၊ တိတ်တခိုးလေးမ၊ မရဲတရဲမ၊ ဝတ်ကျေတန်းကျေမ’ အဆင့်တွေကတော့
အနားကို သီခွင့်တောင် မရကြရှာပါ။
ကြည့်ခွင့်ရသူတွေကလည်း
ခါတိုင်း ကြက်ခြံသွား၊ ငှက်ပျောပင်ကြည့် ဆိုတာမျိုးကိုတောင် တတိုင်းပြည်လုံး ပြသရာကနေ
ဘာကြောင့် ‘အာဆီယံမီတင်’ဆိုတာကြီးကို တိုးတိုးတိတ်တိတ် လူရွေးပြရသလဲဆိုတာ မစဥ်းစားမိကြသလို
စဥ်းစားရကောင်းမှန်းလည်း မသိတဲ့ ဦးနှောက်ပိုင်ရှင်တွေ ဖြစ်နေကြတာကလည်း အဆန်းတော့ မဟုတ်ပါဘူး။
နေပြည်တော်အပါအဝင် စစ်ဌာနချုပ်ခန်းမတွေမှာ အဖိတ်ခံရသူများသာ ကြည့်ရမယ် ဆိုတာနဲ့တင်
‘ငါလိုလူ ဇမ္ဗူမှာ ရှိသေးရဲ့လား’ ဆိုပြီး ဖြစ်နေကြတာပါ။
ကြင်စိုးပုံကြီး
ပေါ်လာမယ့် ဧရာမဖန်သားပြင်ရှေ့မှာ ရက်ကောဒ့်လုပ်ဖို့ ချိန်ထားတဲ့ မိုဘိုင်းဖုန်းတွေကလည်း
ဗုန်းပေါလအော၊ မဲလုံးလည်း မနေနိုင်လို့ ‘ငါတို့တပ်ထဲမှာ ဖုန်းတွေ ပေါလှချည်လား’လို့
ပြောလိုက်မိတော့ အနားမှာရှိတဲ့ ’ပယ်ပယ်နယ်နယ်မ’တစ်ယောက်က ‘အရန်ကော’ဆိုတဲ့
အကြည့်နဲ့ ကြည့်လိုက်တယ်။ အလုပ်ရှုပ်နေတဲ့ မဲလုံးက သိပ်တော့အာရုံမစိုက်နိုင်ဘဲ
သူ့မိုဘိုင်းဖုန်းထဲမှာရှိတဲ့ အစီအစဥ်ဇယားကို ဖင်ပြန်ခေါင်းပြန် ပြန်ကြည့်နေတယ်။ အမှန်ပြောရရင်
မဲလုံးကိုယ်တိုင်လည်း အတော်ရင်ခုန်နေပါတယ်၊ ဒီပရောဂျက်က သူ့ခြေ သူ့လက် ဆိုတော့ သူတို့ရပ်ကွက်ထဲက
ဘယ်လိုတုံ့ပြန်လေမလဲဆိုတာ တွေးရင်း သူ အတော်စိတ်လှုပ်ရှားနေပါတယ်။ ကြင်စိုး ထိုင်ခုံမလှုပ်စေဖို့ သူတို့ရပ်ကွက်သူရပ်ကွက်သားတွေကို
စည်းရုံးရေးဆင်းတာလို့လည်း ဆိုနိုင်ပါတယ်။ ပြည်သူတွေဘက်ကတော့ ဘာပြောပြော
ယုံကြမယ့်သူတွေ မဟုတ်လေတော့ လက်လျှော့ထားလိုက်ကြပါပြီ။
အချိန်ကျတာနဲ့
မဲလုံးက အချက်ပြလိုက်တယ်။ အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ မျက်တွင်းဟောက်ပက်နဲ့
ကြင်စိုးဟာ ဒေါ်လာသောင်းချီတန်နာရီ ပိုပေါ်အောင်လို့ ကုတ်အင်္ကျီလက်ကို
အသာဆွဲတင်ရင်း စကားစပြောဖို့ ဟန်ပြင်လိုက်တဲ့ပုံက ဖန်သားပြင်မှာ ပေါ်လာပါတယ်။ တခြားအာဆီယံခေါင်းဆောင်တွေရဲ့
ပုံကိုလည်း ဖန်သားပြင်ရဲ့ ထောင့်တစ်နေရာမှာ မြင်ရပါတယ်။ အမေရိကန်ပြော အင်္ဂလိပ်လေသံမျိုးတောင်
မဟုတ်ဘူး၊ ဂျိမ်းစ်ဘွန်းမင်းသားတွေလို အင်္ဂလိပ်အသံထွက် ပီပီသသကြီးနဲ့ ကြင်စိုး စကားစပြောလိုက်တာကို ကြားလိုက်တယ်ဆိုရင်ပဲ
‘မြိန်ရည်ရှက်ရည်မ’တို့တစ်သိုက် အံ့ဩတကြီးဖြစ်သူကဖြစ်၊ လက်ခေါက်မှုတ်သူက မှုတ်နဲ့
ဆူညံပွက်သွားပါတော့တယ်။ စပီကာတွေဆီက ထွက်လာတဲ့ အင်္ဂလိပ်စကားသံကို တလုံးတလေမှ နားလည်ကြဟန်မတူလည်း
တီဗီမျက်နှာပြင်အောက်ခြေက ကပေါက်တိကပေါက်ချာပေါ်လာတဲ့ မြန်မာ၊ အာဆီယံ၊ ဆီလျှော့စားရန်၊
မြေအောက်ရထား၊ လျှပ်စစ်ကား၊ VPN မသုံးရ၊ ငှက်ပျောပင်စိုက်ကြ စတဲ့စာသားတွေကိုလည်း
ဘယ်သူကမှ အရေးတယူ ဖတ်မနေကြပါဘူး။ ကြင်စိုး ပါးစပ်လှုပ်တာနဲ့ အသံထွက် ကွဲနေတာမျိုးကို
သတိပြုမိဖို့ဆိုရင် ဝေလာဝေးပေါ့။
ကြင်စိုး
ကြည့်ရတာ ပြောရင်းပြောရင်းနဲ့ အရှိန်ရလာတဲ့ပုံပါပဲ၊ ဟန်အမူအရာတွေလည်း ပါလာတယ်။ ပြုံးလိုက်၊
မဲ့လိုက်၊ တည်လိုက်၊ ရယ်လိုက်၊ မျက်ရည်ဝဲလိုက်လည်း လုပ်နေပါတယ်။ ဒါတွေဟာ ကြင်စိုးအတွက်တော့
အထူးကြိုးစားအားထုတ်စရာ မလိုပါဘူး၊ အရင်က ရေးခဲ့ဖူးပါတယ်။ ကြင်စိုးဟာ သမီးရဲ့ ရုပ်ရှင်ကုမ္ပဏီကနေ
“မင်းက နေတိုး၊ ငါက မအလ”(မအလကို တိုင်းသိပြည်သိ ခေါ်ကြသလို အသံထွက်ပေးပါရန်) ဆိုတဲ့
ရုပ်ရှင်ဇာတ်ကားကြီးကို နှစ်ရှည်စာချုပ်ချုပ်ထားတဲ့ မင်းသားနဲ့ ရိုက်ကူးဖို့
ပြင်ဆင်ထားသူ ဖြစ်လို့ပါ။
အဲဒီနောက်
ကြင်စိုးဟာ စားပွဲပေါ်က ပလတ်စတစ် ရေသန့်ပုလင်းကို လက်ဖဝါးထဲထည့်ပြီး ကိုင်ညှစ်ပြဖို့
ကြိုးစားတယ်။ ရေတွေကျန်နေသေးလို့ ညှစ်မရတာနဲ့ အရင်ကုန်အောင် မော့သောက်ချလိုက်တယ်။
ပြီးတော့မှ လက်ဖဝါးနှစ်ဖက်နဲ့ ပြားကပ်သွားအောင် ကာယဗလမောင်ပုံစံနဲ့ ဖိပြလိုက်တယ်၊
အစကတော့ လက်ဖဝါး တစ်ဖက်တည်းနဲ့ လုပ်ပြမလို့၊ ပလတ်စတစ်က အမာစားဖြစ်နေတော့
ပင်စင်သက်ကျော်လွန်နေသူ သူ့အတွက် သိပ်မလွယ်ကူလှလို့ပါ။
တကယ်ကတော့
လက်တစ်ဖက်ပဲနဲ့ဖြစ်ဖြစ်၊ နှစ်ဖက်နဲ့ပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ပါးစပ်နဲ့ပဲ ကိုက်ပြပါစေအုံးတော့၊
သေသေချာချာ ရွေးဖိတ်ထားတဲ့ လက်ရွေးစင်ဘောမသမားများက လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ ကြင်စိုး
လုပ်သမျှကို အားပေးကြမှာပါ။ အခုလည်းပဲ သဘောတွေကျပြီးကျရင်း ပြောလိုက်သေးတယ် ”တွေ့လား
ဘကြင်စိုး ဗလထုတ်ပြလိုက်တာ ကျန်တဲ့အာဆီယံကလူတွေများ ငြိမ်လို့၊ တုတ်တုတ်တောင် မလှုပ်ရဲကြဘူး၊
မျက်တောင်လည်းမခတ် အသက်ရောရှူကြသေးရဲ့လားတောင် မသိပါဘူး” လို့လည်း ပြောကြပြန်ပါတယ်။
တိုတိုပြောရရင်
မဲလုံးစီစဥ်တဲ့ပွဲ အောင်မြင်တယ်လို့ပဲ ဆိုရတော့မှာပါ၊ သူတို့ရပ်ကွက်ထဲမှာ ကြင်စိုး
‘အာဆီယံဇွန်းမီတင်’ တက်ရုံမကပဲ ၊ ခြိမ်းလားခြောက်လားနဲ့ ဗလတောင် ပြလိုက်သေးတယ်ပေါ့။
အင်္ဂလိပ်လို ကလည်း ရွှတ်ခနဲ ဒက်ခနဲနဲ့ ဆိုပြီး ဒို့အဘကြင်စိုးကွ ဘာညာနဲ့ ကြင်စိုးအတော်လေး
အသက်ရှူချောင်သွားသတဲ့။ ဗိုလ်စောမောင် ရောဂါမျိုး ဖြစ်နေလေရဲ့ ဆိုပြီး တီးတိုးသတင်းဖြန့်နေတဲ့
လက်ဖက်ခြောက်တို့ အုပ်စုတောင် ကိုယ်ရှိန်သတ်သွားကြတယ်။ ကြင်စိုးကလည်း မဲလုံးကို
ချီးကျူးသလား မပြောနဲ့၊ နောက်နှစ်မှာ ‘သား ရေစီးသူ၊ သားရေယိုသူ၊ သားရေကျသူ’စတဲ့ ဘွဲ့တစ်ခုခုရမယ်ဆိုပဲ၊
အင်း သူ အိုးစားမကွဲသေးရင် ဖြစ်မှာပေါ့။
မဲလုံးလည်း
အခုမှ သက်ပြင်းတွေ ဘာတွေ ချနိုင်ပါတော့တယ်။ သူက ဉာဏ်နီဉာဏ်နက် ဉာဏ်စိမ်းဉာဏ်ပြာတွေ အတော်ထုတ်သုံးလိုက်ရတဲ့သူလေ။
တကယ်တော့ မဲလုံးရဲ့ အာဆီယံအစည်းအဝေး ဆိုတာက ဖိတ်သူမရှိ၊ တက်သူမရှိတဲ့ “အင်ဆီယံ
အင်စည်းအင်ဝေး” ‘အင်’ဇာတ်လမ်းကြီးပါ။ ဒါ့ကြောင့် တပြည်လုံး မလွှင့်ဘဲ လူရွေးပြီး အခွေထိုးပြလိုက်တာဖြစ်ပါတယ်။ အခုခေတ်ကာလက
ဇွန်းမီတင်နဲ့ တင်ပြီးတာ ဆိုတော့ ကြင်စိုး တယောက်တည်း ဟိုပြော ဒီပြောလုပ်နေတာကို
ဗွီဒီယိုရိုက်ကူးထားတာပါ၊ ’အာဆီယံဇွန်းမီတင်’ အဟောင်းရဲ့ ‘ကလစ်’တွေကို
ဖြတ်ညှပ်ကပ်ပြီး ကြင်စိုးဗွီဒီယိုထဲမှာ ရောသမမွှေထားတာပါ။ ဒါ့ကြောင့် လက်ရွေးစင် ဘောမသမားတွေက
မျက်တောင်လည်းမခတ်၊ လှုပ်လည်းမလှုပ် ဆိုပြီး
ပြောကြခြင်း ဖြစ်ပါတယ်။ သိပ်တော့ မခက်လှပါဘူး၊ နည်းနည်းပါးပါး ဗွီဒီယို ရုပ်သံတည်းဖြတ်တတ်ရင်ပဲ
ရပါပြီ။
ဒီလိုဆိုလိုက်တော့
အားလုံးလွယ်လွယ်ကူကူလို့လည်း မပြောနိုင်ပါဘူး။ ဘကြင်စိုးကတမှောင့်၊ အစက အင်္ဂလိပ်လို
သူကိုယ်တိုင်ပြောချင်တယ်ဆိုပြီး လုပ်လာသေးတယ်။ မဲလုံးက ဖြစ်မှာမဟုတ်ဘူးဆိုပြီး
အဲဒီကတည်းက တားချင်နေတာ မပြောရဲလို့။ ဒီလိုပြောလို့ ကြင်စိုးအပေါ်မှာ
အထင်အမြင်တော့ သေးမသွားစေချင်ပါဘူး။မျှ မျှတတပြောရရင် ကြင်စိုးက ‘ဒါဟာ စာအုပ်တစ်အုပ်ဖြစ်ပါတယ်’လို့
အင်္ဂလိပ်လိုပြောတဲ့အခါ တချို့တွေလို “သစ်စအစ်စ အေဘွတ်ခ” ဆိုပြီးပြောတဲ့အဆင့်ထက်
အများကြီးသာပါတယ်။ လေ့လာအားထုတ်မှု အသင့်အတင့်ရှိသူ တစ်ယောက်ဆိုတော့ “သစ်စစ်အေ
ဘီအိုအိုခေ”လို့ ပီပီသသထွက်နိုင်သူပါ။ အလုပ်များတဲ့ကြားက Non-CDM မူလတန်းပြဆရာ ဆရာမတွေနဲ့ အပြင်းအထန်
စကားပြောသင်ကြား လေ့ကျင့်ခဲ့ပေမယ့် စိတ်ကျေနပ်ရလောက်အောင် တိုးတက်မလာလို့
ကြည့်လက်စ ဂျိမ်းစ်ဘွန်းအခွေသစ်က စကားပြောသံတွေကို ဖြတ်ထည့်လိုက်တာပါ။ ဒါ့ကြောင့် ကြင်စိုး
ပါးစပ်လှုပ်တာနဲ့ စပီကာကထွက်လာတဲ့ အသံတလွဲစီ ဖြစ်နေ ရတာပေါ့။
ကြင်စိုးတစ်ယောက်အတွက်ပဲ
ဦးနှောက်စားရတာ မဟုတ်ပါဘူး၊ မဒမ်ကြင်စိုးကလည်း ပြဿနာပါ။ပြောရရင် မဲလုံးနဂိုကတည်းက
‘ဂျေ’ဝင်နေရတဲ့ကြား အခု သူက အမှတ်ဝင်ယူသွားပြန်ပါတယ်။ ဖြစ်ပုံကဒီလို၊ အားလုံး ရိုက်ကူး
တည်းဖြတ်ပြီးခါမှ သူ့ကြောင့် အစကပြန်ရိုက်ရပါတယ်။ မဒမ်ကြင်စိုး ထောက်ပြတာက မဲလုံးတို့ရဲ့
ဇွန်းမီတင်က ယုတ္တိမရှိဘူးတဲ့။ ကြားခါစက မဲလုံး တော်တော်စိတ်ဆိုးသွားပါတယ်၊နောက်မှပြန်စဥ်းစားကြည့်
တော့ မဒမ်ကြင်စိုး ပြောတာ ဟုတ်ပေသားပဲဆိုပြီး သူ ပေးတဲ့အကြံအတိုင်း ပြန်ရိုက်လိုက်ကြတယ်၊
မဒမ်ကြင်စိုးပြောတာက
‘’ဇွန်းမီတင်သာဆိုတယ် ဘေးကဗွီဒီယိုခိုးရိုက်တဲ့သူလည်း မပါဘူး”တဲ့၊ “ဇွန်းမီတင် အစစ်ဆိုရင်
ဘေးကဗွီဒီယိုခိုးရိုက်တဲ့သူ ရှိကိုရှိရမယ်”တဲ့။
ဒါလည်း ဟုတ်တုတ်တုတ်ပဲ၊ နွေဦးကာလမှာ ဖြစ်ပျက်သွားပုံက ဘေးကဗွီဒီယို ခိုးရိုက်တဲ့သူမရှိရင်
ဒါဟာ ဇွန်းမီတင်အစစ်အမှန်ရယ်လို့ ဘယ်သူကမှ မယုံရေးချ မယုံကြတော့ဘူးဆိုပဲ၊ ဪ
ခေတ်ကာလများကလည်းလို့ မချိတင်ကဲ ညည်းတွားကြရုံမှတပါး ဘာများတတ်နိုင်ကြပါဦးမည်နည်း
ဟူ၍သာ။
ဆားပုလင်းသာပိန်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar