Breaking News

ဧရာ(မန္တလေး) - တက်တက်စင်လွဲတဲ့ နိုင်ငံရေးဟောကိန်းနဲ့ လူ့အသိစိတ်



ဧရာ(မန္တလေး) - တက်တက်စင်လွဲတဲ့ နိုင်ငံရေးဟောကိန်းနဲ့ လူ့အသိစိတ်

(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၀

ဒီရက်သတ္တပတ် နှစ်ခုမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲသတင်းတွေထဲ နစ်နေခဲ့တယ်။ ရေးလက်စ ‘ပဋ္ဌာန်းနဲ့ ဒဿန’ ကို ပြန်ဆက်ဖို့ လုပ်ရင်း ဆက်စပ် စဉ်းစားမိတာရှိတယ်။ 

နိုင်ငံရေးလေ့လာသူ အမည်ခံထားသူ အချို့ရဲ့ ရယ်စရာ ‘နိုင်ငံရေးဟောကိန်း’ နဲ့ ‘ပြီးသွားတဲ့ ရွေးကောက်ပွဲအပေါ် သုံးသက်ချက်’ ဗီဒီယိုကလစ် တချို့ကို ကြည့်မိလို့ပါ။ သူတို့ဘာကြောင့် ‘တက်တက်စင်အောင် လွဲရသလဲ”။ ပကတိ နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်လို့ လွဲတာလို့ ရုတ်တရက် ဖြေလို့ ရတယ်။ ဒါပေမယ့် ပကတိ အခြေအနေတွေကို စနစ်တကျ ဆန်းစစ် သုံးသပ်နိုင်တဲ့ Huntington, Fukuyama စတဲ့ နိုင်ငံရေးပညာရှင်တွေရဲ့ ဟောကိန်းတွေမှာလည်း အလွဲတွေ ရှိတာပါပဲ။ သူတို့ရဲ့ ဘိုးအေကြီးတွေလည်း လွဲတာပါပဲ...။ ဒီနောက်ကွယ်မှာ နက်ရှိုင်းတဲ့ အကြောင်းရင်း ရှိနေနိုင်ပါတယ်။ (မြန်မာပြည်က နိုင်ငံရေးလေ့လာသူ ဆိုသူတွေကတော့ အဖြေမှန် ထုတ်ပေးထားတာတောင် ပုစ္ဆာကို နားမလည်သေးတဲ့ သဘော ဖြစ်နေပါတယ်)။

နိုင်ငံရေးပညာကို ‘နိုင်ငံရေးသိပ္ပံ’ လို့ ခေါ်ကြတာက (အခြား သိပ္ပံပညာရပ်တွေ လိုပဲ) လူတွေရဲ့ သဘာဝတွေ, ပထဝီနိုင်ငံရေး အခြေအနေတွေ, အတိတ်သမိုင်းဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပြီး သီအိုရီတွေ ထုတ်ကြတယ်။ ဒီသီအိုရီတွေထဲမှာ လက်ရှိပေးထားချက်တွေကို ထည့်ပြီး အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ ဟောကိန်းထုတ်ကြတာကိုး။ ဗေဒင်ဆရာတွေကလည်း လူတွေရဲ့ အတ္ထုပ္ပတ္တိတွေ, နက္ခတ်တာရာ အနေအထားတွေရဲ့ ဆက်သွယ်ချက်တွေကို စနစ်တကျသုံးသပ်လေ့လာပြီး သီအိုရီတွေထုတ်ကြတယ်၊ လူတစ်ယောက်ရဲ့ ဇာတာအချက်အလက် ပေးထားချက်တွေကို သူတို့ရဲ့ သီအိုရီထဲမှာ ထည့်ပြီး ဟောကိန်းထုတ်ကြတယ်။

ဒါပေမယ့် ဗေဒင်ဟောကိန်း, နိုင်ငံရေးဟောကိန်းတွေက ဂြိုဟ်တွေ, subatomic particles တွေရဲ့ အနာဂတ်ကို တွက်ချက်တဲ့ ရူပဗေဒ ဟောကိန်းလောက်တော့ မှန်ဖို့ မလွယ်ဘူး။ ဘာလို့လဲဆိုတော့ လူတွေက သက်မဲ့ ကျောက်တုံးတွေ မဟုတ်လို့ပါ။ နိုင်ငံတခုမှာ ရှိတဲ့ လူတွေက စစ်တုရင်ကစားကွက်ပေါ်က နယ်ရုပ်တွေ မဟုတ်ကြလို့ပါ။ (ရူပဗေဒမှာတောင် observer affect ဆိုတာ ရှိပါတယ်)။

လူ့ဘဝကို ကြည့်တဲ့အခါ ဖြစ်တည်မှုဝါဒီ Sartre က facticity နဲ့ transcendence ဆိုပြီး နှစ်ပိုင်းခွဲမြင်တယ်။ facticity ဆိုတာက လူတစ်ယောက်ရဲ့ လက်ရှိ ပကတိအနေအထား။ ဒါကို ဂျာမန် ဒဿနဆရာ Heidegger က Thrownness (Geworfenheit) လို့ သုံးတယ်။ လောကထဲကို ပစ်ချခံထားရတဲ့ လူသားရဲ့ ဖြစ်တည်မှုဘဝ being-in-the-world ကို ဆိုလိုတယ်။ လူတစ်ယောက်က ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားလာမယ်, စစ်မက် ဖြစ်ပွားနေတဲ့ ဒေသမှာ မွေးဖွားလာမယ်, ဟားဗတ်တက္ကသိုလ်မှာ တက်နေမယ်, လယ်ယာလုပ်ကိုင် စားသောက်သူတစ်ဦး ဖြစ်မယ်… စသဖြင့် ဒါတွေက လူတစ်ယောက်ရဲ့ ပကတိလက်ရှိ အနေအထားပါပဲ။ being-in-the-world လို့ စကားလုံးတွေကို ခွဲမရေးဘဲ hyphenated word (hyphen နဲ့ တွဲပြီး) ရေးထားတယ်။ subject နဲ့ object, consciousness နဲ့ world သီးခြားခွဲမထားဘဲ လူနဲ့ သူဖြစ်တည်ကျင်လည်တဲ့ လောက ခွဲထားလို့ မရဘူးဆိုတဲ့ သဘောပါ။ 

facticity အပိုင်းအရ ပြောရင် လူက ‘စစ်တုရင်ကစားကွက်ပေါ်က နယ်ရုပ်’ နဲ့ သိပ်မခြားလှသေးပါဘူး။ လူတစ်ယောက်ကို သူအတိတ်က ဘာတွေလုပ်ခဲ့သလဲ, အခုလက်ရှိ သူ ဘယ်နေရာ ဘယ်အဆင့်မှာ ရောက်နေသလဲ ဆိုတဲ့ facticity ကို ကြည့်ပြီး သူဘာဖြစ်မလဲ ဆိုတဲ့ သူ့ကြမ္မာကို ခန့်မှန်းနိုင်တယ်။ ဗေဒင်ဆရာကလည်း သူ့အတတ်ပညာနဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာ အတက်အကျနဲ့ ဖြစ်နိုင်ခြေတွေကို တွက်ထုတ်နိုင်တယ်။ နိုင်ငံရေးပရောဟိတ်ကလည်း သူ့အတတ်ပညာနဲ့ နိုင်ငံရဲ့ လက်ရှိပကတိအခြေအနေကို သုံးသပ်ပြီး အနာဂတ်ကို ဟောကိန်းထုတ်နိုင်တယ်။ 

ဒါပေမယ့် လူက ကံကြမ္မာရဲ့ စေစားခြင်းကို ခံနေရတဲ့ ‘စစ်တုရင်ကစားကွက်ပေါ်က နယ်ရုပ်’ သက်သက်သဘော မဟုတ်ဘူး၊ facticity သက်သက် မဟုတ်ဘူး။ လူ့အသိစိတ်က ဒီပကတိအခြေနေတွေကို ဆန့်ကျင်ဖက် လုပ်ပစ်နိုင်တယ်။ လူက စစ်တုရင်ခုံကို ပြောင်းပစ်နိုင်တယ်၊ ကစားတဲ့ စည်းမျဉ်းတွေကို ပြောင်းပစ်နိုင်တယ်။ နယ်ရုပ်ကနေ ဘုရင် လုပ်နိုင်တယ်, ကစားပွဲမှာ မရှိသေးတဲ့ အရုပ်သစ် တစ်ခုခုကို ဖန်တီးနိုင်တယ်။ ဒီလို လက်ရှိအခြေအနေကနေ လွန်မြောက်အောင် လုပ်နိုင်လို့ လူ့အသိစိတ်ကို transcendence လို့ ခေါ်တယ်။ အနာဂတ်အတွက် ဖြစ်နိုင်ခြေတွေကို ပစ်လွှတ်ဖန်တီးနေတာ (projecting possibilities) ဖြစ်တယ်။ တနည်းပြောရင် လူ့ရဲ့ အသိစိတ်က လွတ်လပ်တဲ့ စိတ်ဆန္ဒဖြစ်တယ်လို့ ဆိုလိုတယ်။ facticity ဆိုတာက ပစ်ချခံထားရတဲ့ passive သဘော။ transcendence ဆိုတာက အနာဂတ်ကို ပစ်လွှတ်လိုက်တဲ့ active သဘော။

လူမှာ facticity သာမက transcendence သဘောလည်း ပါနေတယ်။ လူ့ရဲ့ facticity အစိတ်အပိုင်းကို ကြည့်ပြီး အနာဂတ်ကံကြမ္မာကို ဟောကိန်းထုတ်နိုင်တယ်။ တဖက်ကလည်း လူ့ရဲ့transcendence အစိတ်အပိုင်းက အနာဂတ်ကို ရွေးချယ် ဖန်တီးနိုင်တဲ့ အတွက် ဟောကိန်းတွေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိတယ်။ ဒါပေမယ့် လူအချို့က ‘ငါတို့တော့ ဘာမှလုပ်လို့ မရနိုင်တော့ဘူး’ ဆိုပြီး ကိုယ့်ရဲ့ အနာဂတ်အတွက် ရွေးချယ်ရမယ့် တာဝန်ကို ရှောင်ဖယ်တယ်။ ဒါကို ဖြစ်တည်မှုဝါဒီတွေက bad faith, inauthentic living စသဖြင့် ခေါ်ကြတယ်။ ပစ္စုပ္ပန်မှာ ရှိနေတဲ့ ဖန်တီးနိုင်စွမ်းကို လစ်လျူရှုထားပြီး, ပြုပြင်မရနိုင်တော့တဲ့ အတိတ်မှာ ပိတ်မိနေတဲ့ အမြင်မျိုး ဖြစ်တယ်။ ထို့အတူပဲ facticity ပိုင်း ဖြစ်တဲ့ လက်ရှိ အခြေအနေနဲ့ ပေးထားချက်တွေကို လစ်လျူရှုပြီး ‘လုပ်ချင်ရာကို ဘာမဆို လွတ်လပ်စွာ လုပ်နိုင်တယ်’ လို့ ဆိုရင်လည်း ပြည့်စုံမှန်ကန်မှု မရှိပါဘူး။

ဘာသာရေး သဘောအရ ကြည့်ရင် facticity ဆိုတာက သူလုပ်ခဲ့တဲ့ အတိတ်ကံတွေနဲ့ အတိတ်ကံကြောင့် ရလာတဲ့ ဘဝ, ကိုယ်ရေကိုယ်သွေး, နေထိုင်ကြီးပြင်းရတဲ့ ခေတ်ကာလ စတဲ့ အခြေအနေတွေ ဖြစ်တယ်။ လက်ရှိပစ္စုပ္ပန်မှာ ဆန္ဒ, ဝီရိယတွေနဲ့ အားထုတ်တဲ့ ကံတရားအသစ်တွေကတော့ ဖြစ်တည်မှုဝါဒီတွေ ပြောတဲ့ transcendence သဘောပါပဲ။ အတိတ်ကံတွေက လယ်ယာမြေနဲ့ တူပြီး အသိစိတ် ဝိညာဏ်ရဲ့ အားထုတ်မှုတွေက (တနည်း ကံသစ်တွေက) မျိုးစေ့နဲ့ တူပါတယ်။ မျိုးစေ့ကောင်းပေမယ့် ဖုန်းဆိုးမြေပေါ်မှာ ရှင်သန်ကြီးထွားဖို့ ခက်ခဲသလို၊ လယ်ယာမြေကောင်း ဖြစ်ပေမယ့် အဆိပ်မျိုးစေ့ချခဲ့ ရင်တော့ အဆိပ်ပင်သာ ပေါက်ပါလိမ့်မယ်။

အကယ်၍ အရာရာ ဖြစ်သမျှကို အတိတ် ကံဟောင်းတွေကြောင့်ချည်းပဲလို့ ယုံကြည်ပြီး၊ အနာဂတ်အတွက် ဖန်တီးနေတဲ့ အသိစိတ် ဝိညာဏ် တနည်း ကံသစ်တွေရဲ့ အခန်းကဏ္ဍကို မျက်ကွယ်ပြုထားတာကို ‘ပုဗ္ဗေကတဟေတုဒိဋ္ဌိ’ လို့ ခေါ်ပါတယ်။ ‘ကမ္မဿကတဉာဏ်’ အမြင်တောင် မရှိဘူး လို့ ဆိုလိုပါတယ်။ ဒီအမြင်မျိုး ရှိနေရင် “ကိုယ် လုပ်သင့်တာတွေကို လုပ်ဖို့၊ မလုပ်သင့်တာတွေကို ရှောင်ကြဉ်ဖို့အတွက် ဆန္ဒနဲ့ ကြိုစားအားထုတ်မှုတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာက လုပ်သင့်တဲ့ အလုပ်, ဘာက မလုပ်သင့်တဲ့ အလုပ်လို့လည်း မှန်မှန်ကန်ကန် သိမှာ မဟုတ်တော့သလို သတိနဲ့ စောင့်ထိန်းမှာလည်း မဟုတ်တော့ဘူး...” လို့ တိတ္ထာယတနသုတ်မှာ ဟောထားပါတယ်။ 

‘ကမ္မဿကတဉာဏ်’ ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကိုယ်တာဝန်ယူရမယ် ဆိုတဲ့ အသိရှိရပါတယ်။ အတိတ်ပေးထားချက် ဖြစ်တဲ့ အတိတ် ကံဟောင်းတွေရဲ့ အကျိုးသက်ရောက်မှုကို နားလည်လက်ခံရုံသာမက၊ အနာဂတ်ကို ဖန်တီးမယ့် ကံသစ်တွေကို ယုံကြည်စွာ ဆန္ဒ, ဝီရိယ, သတိတရားတွေနဲ့ အားထုတ်ကြရပါတယ်။ 

အစကပြောခဲ့တာကို ပြန်ကောက်ရရင် … လူဆိုတာ ရူပဗေဒဘာသာရပ်မှာ တွက်ချက်ဟောကိန်းထုတ်တဲ့ သက်မဲ့ အရာဝတ္ထုတစ်ခု မဟုတ်ဘဲ၊ ‘အသိစိတ်’ ရှိတဲ့ လူသား ဖြစ်နေလို့ ဟောကိန်းထုတ်ဖို့ ခက်တယ်။ ဟောကိန်းတွေကို ချေဖျက်ပစ်နိုင်စွမ်း ရှိတယ်။ ဒီလိုပဲ ‘အသိစိတ်’ ရှိတဲ့ လူသားတွေ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကလည်း နိုင်ငံရေးပရောဟိတ်တွေရဲ့ ဟောကိန်းအတိုင်း ဖြစ်ချင်မှ ဖြစ်လာမယ်။ အတိတ်ရဲ့ ကောင်းမွေ ဆိုးမွေကို ဆက်ခံရတယ် ဆိုတာမှန်ပေမယ့်၊ နိုင်ငံရေးကံကြမ္မာ အတက်အကျကိုတော့ နိုင်ငံသားတွေရဲ့ တာဝန်သိစိတ်, တာဝန်ယူစိတ်နဲ့ ကြိုးစားအားထုတ်ကြတဲ့ ဆန္ဒ, ဝီရိယ, သတိတရားတွေ မရှိမှု - ရှိမှုက အဆုံးအဖြတ်ပေးပါလိမ့်မယ်။ 

ပြည်သူတွေရဲ့ ဆန္ဒ, ဝီရိယ, သတိတရားတွေက ပဓာနပါ။

++++

P.S. ဖြစ်တည်မှုဝါဒမှာတော့ သိစိတ် ဝိညာဏ်ရဲ့ facticity ကနေ လွန်မြောက်နိုင်တာကိုပဲ transcendence လို့ သုံးပါတယ်။ ဗုဒ္ဓဝါဒမှာတော့ တဏှာရာဂ ချုပ်လို့ ကံဟောင်းရော, ကံသစ်ပါ ကုန်ခမ်းခြင်းကိုသာ လောကမှ လွန်မြောက်ခြင်း = လောကုတ္တရာ (Transcendence) လို့ ခေါ်ပါတယ်။