Breaking News

ဆောင်းယွန်းလ - "ခေတ်"

Art - Than Htay Maung


ဆောင်းယွန်းလ - "ခေတ်"

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၀

ခေတ်က
ခိုးခိုးခစ်ခစ်ဘဲ ရယ်ရတော့မလိုလို
ရှိုက်ကြီးတငင်ဘဲ ငိုချရတော့မလိုလိုနဲ့
စစ်ကြီးပြီးသွားတာကြာပြီပြောပြီး
စစ်ငယ်တွေ တဖွဲဖွဲ
ကမ္ဘာကြီး ပြာမကျရုံတမယ်ဘဲရှိတော့တယ်

ခေတ်က
ဘုရားသာသနာခေတ်လည်းမဟုတ်
သိကြားသာသနာခေတ်လည်းမဟုတ်
နွားပလာတာကျွေးနေရတဲ့ ခေတ်

ခေတ်မှာ
ဘုံရန်သူဆိုတာလည်းမရှိတော့ဘူး
ဘုံမိတ်ဆွေဆိုတာလည်းမရှိတော့ဘူး
ခေတ်က
ဘုံဆိုင်မှာ အေးအေးလူလူထိုင်သောက်ရင်း
သောက်တင်းမှန်သမျှကို
ဖုန်းကလေးရှေ့ချထားပြီး
တဖြေးဖြေးချင်းနားထောင်နေရတဲ့ ခေတ်

ခေတ်က
အဆောက်အအုံနဲ့
ရုပ်ဝတ္ထုပစ္စည်းတွေရှေ့ကိုရွေ့နေပြီး
လူ့စိတ်ဓာတ်တွေ နောက်ပြန်ရွေ့နေတဲ့ ခေတ်

ခေတ်က
ခေတ်မကောင်းသေးဘူးလို့ ပြောရပါများလို့
အမြည်းမပါဘဲသောက်ရတဲ့ အရက်ပြင်းလိုမျိုး
ကောင်းတော့ ကောင်းတယ်
တစ်ခုခုလိုနေတယ်ဆိုတာမျိုး။

ဆောင်းယွန်းလ