Breaking News

အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ - ၇ (နိဂုံး)

 


အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ  - ၇ (နိဂုံး)

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၀  

အမျိုးသားရေး ဝါဒ အောင်ပွဲခံခြင်း

[အမျိုးသားရေး ဝါဒ မည်သည့် အချိန်တွင် အောင်ပွဲခံသနည်း။ အောင်ပွဲခံမှု အဆင့်များ ရှိသလား။ အရေးနိမ့်သည့် အမျိုးသားရေး ဝါဒ ဆိုသည်မှာ မည်သည်။ မည်သည့်အချက်ကြောင်း အရေးနိမ့်ရသည်။ စသည်တို့ကို ရေးသားထားသည်]

အောင်ပွဲရသည့် အမျိုးသားရေး ဝါဒတိုင်းသည် အောင်ပွဲရပုံခြင်း ဆင်တူသည်။ အရေးနိမ့်သည့် အမျိုးသား ရေး ဝါဒ သည် နည်းလမ်း အသီးသီးဖြင့် အရေးနိမ့်ခြင်းဖြစ်သည်။

အောင်ပွဲရ အမျိုးသားရေး ဝါဒ သည် ၎င်းတို့ပစ်မှတ်ထားသူများကြားတွင် သိသာထင်ရှားသည့် ထောက်ခံမှု ရရှိထားသည်။ အမျိုးသားရေး လှုပ်ရှားမှုများကို နိုင်ငံတော် တစ်ရပ်၏ ကြန်အင်လက္ခဏာများ ဖြစ်အောင် ပြောင်းလဲနိုင်ကြသည်။ နိုင်ငံတကာ အသိုက်အဝန်းကို ကိုယ်စားပြုသည့် သြဇာကြီးမားသော အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှု ကို ရရှိသည်။ ယင်း သတ်မှတ်ချက် တစ်ခုခု နှင့် မကိုက်ညီပါက အဆိုပါ အမျိုးသားရေး အိုင်ဒီရော်လော်ဂျီ ကျရှုံးနေပြီ ဟု ပြောနိုင်သည်။

လူထုထောက်ခံမှု မရှိသော်လည်း သမိုင်းကြောင်းတစ်လျှောက်ပေါ်လာသည့် မတော်တဆဖြစ်ရပ်များ ကြောင့် နိုင်ငံတော် တစ်ရပ်ကို ပိုင်ဆိုင်ထားနိုင်သည်။ လူထုထောက်ခံမှုလည်း ရရှိထားသည်။ နိုင်ငံတော် တစ်ရပ်၏ ကြန်အင်လက္ခဏာများလည်းရှိသည်။ သို့သော် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှု မရှိ စသည့် အခြေအနေများ ကြုံတွေ့နိုင်သည်။ ယင်း အချက် ၃ ရပ်လုံး နှင့် ပြည့်စုံသည် လှုပ်ရှားမှုများသာ အောင်မြင်သည့် အမျိုးသားရေး အုပ်စုများ၊ အောင်မြင်သည့် အမျိုးသားရေး ဝါဒ များ ဖြစ်လာကြသည်။ ယင်းတို့တွင် ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ ရုရှား၊ တရုတ်၊ ဂျပန် နှင့် အခြားသော နိုင်ငံများ ပါဝင်သည်။

လူထုထောက်ခံမှု၊ နိုင်ငံတော် တည်ဆောက်နိုင်မှု၊ နိုင်ငံတကာ အသိအမှတ်ပြုမှု စသည့် အချက် ၃ ချက် သည် ပြီးပြည့်စုံခြင်းမရှိသော်လည်း အောင်မြင်သည့် အမျိုးသားရေး ဝါဒဟု သတ်မှတ်နိုင်သည့် အနိမ့်ဆုံးသော သတ်မှတ်ချက်များဖြစ်သည်။

အမျိုးသားရေးဝါဒ လေ့လာမှု၏ ရှေးအကျဆုံးသော သီအိုရီများသည် လူထု ထောက်ခံမှု အပေါ် လေ့လာခြင်း ဖြစ်ကာ ၁၉၄၀ နှင့် ၅၀ ပြည့်လွန်နှစ်များတွင် အခြေတည်ခဲ့ခြင်းဖြစ်သည်။  အမျိုးသားရေး ဝါဒ ကို နိုင်ငံတည်ဆောက်မှု အဖြစ် လေ့လာခြင်းသည် အထူးသဖြင့် လူမှုသိပ္ပံ နှင့် နိုင်ငံရေး သိပ္ပံတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွန်းခဲ့သည်။ အမျိုးသားရေး ဝါဒကို ဥပဒေပိုင်း၊ ဒဿနပိုင်း အမြင်ဖြင့် လေ့လာခြင်းသည် တတိယမြောက် ရှုဒေါင့်မှ ရှုမြင် ခြင်းဖြစ်သည်။ မည်သည့် အခြေအနေ အောက်တွင် နိုင်ငံတော်သစ်များကို အသိအမှတ်ပြုသင့်သနည်း။ လူသားမျိုးနွယ် နှင့် အမျိုးသားရေး အုပ်စုကြားတွင် မည်သို့သော ဆက်နွယ်မှု ရှိသနည်း။ ယင်းသို့သော အနိမ့်ဆုံးသော သတ်မှတ်ချက် ၃ ရပ် သည် အမျိုးသားရေး ဝါဒ အပေါ် ပညာရပ်ပိုင်း လေ့လာမှုများတွင် ပေါ်ပေါက်လျက် ရှိသည့် အဓိက ငြင်းခုံမှုများကို ကိုယ်စားပြုနိုင်သလို သာမန်အမြင်အားဖြင့် ရှုမြင်မှုဖြင့်လည်း ကိုက်ညီလျက်ရှိသည်။

အနိမ့်ဆုံးသော သတ်မှတ်ချက် ၃ ရပ် ဖြစ်သော လူထုထောက်ခံမှုလည်းမရှိ၊ နိုင်ငံတော် တစ်ရပ်လည်း မတည်ဆောက်နိုင်၊ အသိအမှတ်ပြုမှုလည်း မရသော အမျိုးသားရေး လှုပ်ရှားမှုများလည်း ရှိသည်။ အောင်မြင်သည့် အမျိုးသားရေး လှုပ်ရှားမှုများသည် ယင်း အချက် ၃ ရပ် လုံး နှင့် ကိုက်ညီလျက်ရှိသည်။ ယင်း အစွန်း ၂ ဘက်ကြားတွင် အမျိုးမျိုးသော အမျိုးသားရေး လှုပ်ရှားမှုများရှိသည်။ ယင်းအရာများကို ဇယား ( ၃ ဒသမ ၁ ) တွင် ဖော်ပြထားသည်။

ပထမ အမျိုးအစားသည် “အမျိုးသား နိုင်ငံတော်” ဖြစ်ကာ အနိမ့်ဆုံး သတ်မှတ်ချက် ၃ မျိုး နှင့် ကိုက်ညီသည်။ နောက်တစ်မျိုးသည် “ခေတ်ဟောင်း အမျိုးသားရေး ဝါဒ” ဖြစ်ကာ နိုင်ငံတကာနယ်ပယ်တွင် အတွေ့ရ များသည်။ အကြမ်းဖက်နည်းလမ်းများ အသုံးပြုကာ အောင်မြင်မှု တစ်ချို့ရအောင် လုပ်ဆောင် နိုင်သော်လည်း လူထုထောက်ခံမှု ရအောင် လုပ်ဆောင်နိုင်ခြင်းမရှိပေ။  လူတစ်ချို့၏ အမျိုးသားရေး အစွဲအလန်းကြီးမှု၊ နိုင်ငံရေးရာ အံ့ချော်မှု အဖြစ်သာ ရပ်တည်နိုင်သည်။ အခြားသော အမျိုးအစားသည် “အသိအမှတ် ပြုမခံရသည့် အမျိုးသား နိုင်ငံတော်” ဖြစ်သည်။ လူထုထောက်ခံမှု ရှိသလို နိုင်ငံတော် အင်စတီကျူးရှင်းများကို လက်တွေ့ တည်ဆောက်နိုင်သော်လည်း နိုင်ငံတကာ အသိအမှတ်ပြုမှု မရရှိပေ။ “ကျရှုံး နိုင်ငံတော်” သည် အပြည်ပြည် ဆိုင်ရာ အသိအမှတ်ပြုမှု ရရှိထားသော်လည်း လူထုထောက်ခံမှု မရှိသလို နိုင်ငံတော် အင်စတီကျူးရှင်းများ လက်တွေ့လည်ပတ်အောင် လုပ်ဆောင်နိုင်ခြင်းမရှိပေ။ “အားပျော့ အမျိုးသားနိုင်ငံတော်” တွင် ပြည်တွင်း နှင့် နိုင်ငံတကာ ထောက်ခံမှု  တစ်စုံတစ်ရာ ရရှိထားသော်လည်း နိုင်ငံတော် အင်စတီကျူးရှင်းများ လည်ပတ်ရေးမှာ ခိုင်မာမှု မရှိပေ။ “စစ်ဘုရင် နိုင်ငံတော်” များသည် သက်ဆိုင်ရာ နယ်မြေ တစ်ခု အပေါ် အတိုင်းအတာ တစ်ရပ်  ထိ ထိန်းချုပ်နိုင်သလို အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်သော်လည်း လူထု ထောက်ခံမှု၊ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှု နည်းပါးလျက်ရှိသည်။ “အမျိုးသားရေးအုပ်စု အရင် ပေါ်ထွန်းသော နိုင်ငံတော်” တွင်မူ နိုင်ငံတော် ပေါ်ထွန်းမှုသည် အမျိုးသားရေးရာ စည်းရုံးမှုများ မတိုင်ခင် ပေါ်ပေါက်ခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျင် အမျိုးသားရေး အုပ်စုသစ် တစ်ရပ် ပေါ်ထွန်းလာအောင် နိုင်ငံတော်က ရည်ရွယ်ချက် ရှိရှိ ဖန်တီးပေးရခြင်းဖြစ်သည်။ “ပေါ်ထွန်းစ အမျိုးသား နိုင်ငံတော်” များတွင် အမျိုးသားရေး စိတ်ဆန္ဒ နှင့် လှုပ်ရှားမှုများ ရှိပြီးဖြစ်သော်လည်း နိုင်ငံတော် အင်စတီကျူးရှင်းများ နှင့် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှုကို ရှေ့အနာဂတ်ကာလတွင်မှ လက်တွေ့ ရရှိနိုင်မည်။

အဆိုပါ ခွဲခြားသတ်မှတ်မှုများတွင်လည်း အားနည်းချက်များ ရှိနေကြောင်း ကြိုတင် သတိပေးလိုသည်။ အောင်မြင်မှု ရ မရ  ဆိုသည်မှာ သမိုင်း၏ မည်သည့် အချိန်ကာလကို ကြည့်ရှု သတ်မှတ် သနည်း ဆိုသည် အပေါ် မူတည်လျက်ရှိသည်။ ဟန်ဂေရီ အမျိုးသားရေး ဝါဒ သည် ၁၈၄၈ ခုနစ်တွင် အရေးနိမ့်ခဲ့သည်။ ၁၈၆၇ ခုနစ်တွင် အောင်ပွဲရသည်။ ၁၉၂၀ ခုနစ်တွင် ကျရှုံးပြန်သည်။ ယနေ့တွင်မူ အောင်ပွဲရရှိထားသည်။

ခရိုအေးရှား အမျိုးသားရေး ဝါဒသည် ၁၈၆၈ ခုနစ်တွင် အောင်ပွဲရသော်လည်း ၁၉၁၈ ခုနစ်တွင် ကျရှုံးခဲ့သည်။ ၁၉၄၁ ခုနစ်တွင် အောင်မြင်ခဲ့သော်လည်း ၁၉၄၅ ခုနစ်တွင် အရေးနိမ့်ခဲ့ပြန်သည်။ ၁၉၉၁ ခုနစ်တွင် အားကောင်းသည့် အောင်ပွဲ ရရှိခဲ့သည်။ ယင်းသို့ဆိုလျင် မည်သည့် အမှတ် လက္ခဏာ မျိုးကို အမျိုးသားရေး ဝါဒ ကျရှုံးမှု ဟု သတ်မှတ်နိုင်မည်နည်း။ မည်သည့်အချက်များက အောင်ပွဲဆီသို့ဦးတည် စေမည်နည်း။

အောင်ပွဲ အဆင့်များ

အမျိုးသားရေး အောင်ပွဲအဆင့်များကို လှုံဆော်မှုသာ လုပ်ဆောင်လိုက်သည့် အဆင့် ( လူ့အဖွဲ့အစည်း အတွင်း အမျိုးသားရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်ခြင်း )၊ အကြောင်းအရာ အောင်မြင်သည့် အဆင့် ( လှုပ်ရှားမှု၏ ရည်ရွယ်ချက်များကို နိုင်ငံတော် မူဝါဒ အခြေခံ အဖြစ် ကျင့်သုံးခြင်း )၊ နိုင်ငံရေး အောင်ပွဲ ( နိုင်ငံတော် ကို ထိန်းချုပ်နိုင်ခြင်း ) ဟူ၍ အဆင့် ၃ ဆင့် ခွဲခြားနိုင်သည်။

အချို့သော အမျိုးသားရေး ဝါဒများသာ နိုင်ငံရေးအရရော၊ လှုံဆော်မှုအရပါ အောင်ပွဲရခြင်းဖြစ်သည်။ သို့သော် လည်း လှုံဆော်မှု ပိုင်းဆိုင်ရာ အောင်ပွဲရပါက နိုင်ငံရေး အောင်ပွဲ ရရှိနိုင်ခြေများသည်။ ၁၉၈၀-၈၁ ခုနစ်တွင် ပေါ်ပေါက်ခဲ့သည့် ပိုလန် သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုသည် လှုံဆော်မှုပိုင်းအရ အောင်ပွဲရ ခဲ့သော်လည်း နိုင်ငံရေး အောင်ပွဲမရခြေ။ ယင်းသို့ဖြစ်ရခြင်းမှာ နိုင်ငံပြင်ပမှ အင်အားစုများ၏ လွှမ်းမိုးမှု၊ လူထုထောက်ခံမှု မရှိတော့သည့် အစိုးရက အာဏာမျှဝေကျင့်သုံးရန် ငြင်းဆန်နေမှုတို့ကြောင့် ဖြစ်နိုင်သည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲရခြင်းဖြစ်စဉ်တွင် ပြင်ပမှ ဝင်ရောက် စွက်ဖက်မည့် အင်အားမရှိခြင်း၊ အင်စတီကျူးရှင်းပိုင်း  အရ ထိန်းချုပ်ထားမှု ယိုင်လဲလာခြင်း၊ စိန်ခေါ်မှုပေါင်းစုံ ပေါ်ပေါက်နေခြင်းတို့ကြောင့် အမျိုးသားရေး လှုံဆော်မှု အောင်ပွဲများသည် နိုင်ငံရေးအောင်ပွဲများ အဖြစ် ကူးပြောင်းသွားခဲ့သည်။

ဆိုဗီယက်ဖြစ်စဉ်ကို နားလည်ရေး အရေးကြီးသည့်အချက်သည် အောက်ပါ အတိုင်းဖြစ်သည်။ လူထုလှုပ်ရှားမှုများ ပေါ်လာအောင် အမျိုးသားရေးရာ ပုံဖော်မှု မူဘောင်များက လုပ်ဆောင်နိုင်ခြင်းမရှိသည့်ကြားမှ နိုင်ငံရေး အရ အောင်ပွဲရရှိမှု ဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသားရေး ခံယူချက်များကို လူထုကြား ပျံ့နှံ့အောင် လှုံဆော် နိုင်ခြင်းမရှိဘဲ နိုင်ငံတော် အာဏာကို ချုပ်ကိုင်နိုင်မှုဖြစ်သည်။ ယင်းကဲ့သို့သော ဖြစ်ရပ်များကို ဆိုဗီယက် ပြည်ထောင်စု ဖြစ်စဉ်တွင် တွေ့ရသလို အမျိုးသားရေး လှုပ်ရှားမှုများတွင်လည်း တွေ့ရများသည်။ ဆိုဗီယက် ပြည်ထောင်စုကြီး ခိုင်မာအားကောင်းမှု ကျဆင်းလာချိန်တွင် အင်အားကြီးမားသည့် အုပ်စုများ၏ အမျိုးသားရေး လှုပ်ရှားမှုများကြောင့် နိုင်ငံရေး အခွင့်အရေး ပေါ်ပေါက်လာလေ့ရှိသည်။ ယင်း အခွင့်အရေးကို အခြားသော အမျိုးသားရေး အုပ်စုငယ်များသာမက နိုင်ငံရေး အင်အားစု အသီးသီးက အသုံးချတော့သည်။

ထို့ကြောင့် အမျိုးသားရေး ဝါဒ လှိုင်းလုံးထမှုအောက်တွင် ပေါ်ပေါက်လာနိုင်သည့် အခြေအနေ ၅ ရပ်ကို သုံးသပ်ကြည့်သင့်သည်။

၁။ ကိုက်ညီမှု မရှိခြင်း (ချမှတ်ထားသည့် မူဘောင် သည် အခြေအနေနှင့် ကိုက်ညီမှု မရှိ၊ ထို့ကြောင့် လူအများစု လက်မခံ ) 

၂။ လှုပ်ရှားမှု မလုပ်ဆောင်နိုင် (အခြေအနေနှင့် ကိုက်ညီသည့် မူဘောင်တစ်ရပ်သည် လူထု လှုပ်ရှားမှု တစ်ရပ် ဖြစ်မလာ )

၃။ လှုပ်ရှားမှု အရေးနိမ့် (အင်စတီကျူးရှင်းပိုင်း ထိန်းချုပ်မှုကို လျှော်လွှားနိုင်ရေး လုံလောက်သည့် လူထု ထောက်ခံမှု မရ)

၄။ လှုပ်ရှားမှု အရေးနိမ့် သို့သော် အကြောင်းအရာ အောင်မြင် (ထိရောက်သည့် လူထု လှုပ်ရှားမှု မရှိသော်လည်း အမျိုးသားရေး မူဘောင်ကို အာဏာပိုင် ပိုင်းက အသိအမှတ်ပြု ) 

၅။ လှုပ်ရှားမှု အောင်မြင် ( အမျိုးသားရေး မူဘောင်ကို လူထု အများစု ထောက်ခံ၊ အင်စတီကျူးရှင်းပိုင်း ထိန်းချုပ်မှုများကို ကျော်လွှားနိုင်၊ နိုင်ငံတော် အာဏာကို ထိန်းချုပ်နိုင် သို့မဟုတ် နိုင်ငံတော်၏ အာဂျင်ဒါ  များကို စီမံနိုင် )

အမှတ်အသား သရုပ် အပေါ် အခြေခံပြီး လူထုကို လှုံဆော်မှုသည် ကာလံဒေသံ၏ သက်ရောက်မှု ခံ နေရသည်။ အချို့သော အခြေအနေတွင် လှုပ်ရှားမှု ပြုလုပ်ရန် ရည်ရွယ်ထားသည့် ( လူမျိုးစု၊ လူအုပ်စု ) တွင် အမျိုးသားရေး လှုံဆော်မှု လုပ်ဆောင်ရန် အခြေအနေ ကောင်းများ ရှိနေတတ်ပြီး ကျန်အခြေအနေ တွင်မူ ယင်းသို့ အခြေအနေများ မရှိပေ။ အခြားသော အုပ်စုများ၏ လှုပ်ရှားမှုများကြောင့် အင်စတီကျူးရှင်းပိုင်း ထိန်းချုပ်မှု အားပျော့လာသည့် အခြေအနေကိုလည်း ကြုံတွေ့ရနိုင်သည်။  ဆိုဗီယက် နိုင်ငံတော် ကို ယူကရိန်း အမျိုးသားရေး ဝါဒ တစ်ခုတည်းကသာ အထီးတည်း အားပြိုင်ပါက ယူကရိန်း လွတ်လပ်ရေး မည်သည့် အခါမျှ အကောင်အထည် ပေါ်လာမည် မဟုတ်ပေ။

ထို့ကြောင့် အမျိုးသားရေး ဝါဒ တစ်ရပ် အောင်ပွဲရရန် နိုင်ငံရေး အခွင့်အလန်းသင့်ရမည်ဖြစ်သလို၊ လှိုင်းလုံး ထသလို အမျိုးသားရေး အင်အားစုမျိုးစုံကလည်း လှုပ်ရှားနေရမည်၊ သက်ဆိုင်ရာ အမျိုးသားရေး အုပ်စု တွင်လည်း အခြေအနေ ကောင်းများ ပိုင်ဆိုင်ထားရမည်။

အခြေအနေကောင်းများ

အမျိုးသားရေး ဝါဒ တစ်ရပ် အောင်ပွဲခံရေးအတွက် လိုအပ်သော အခြေအနေကောင်းများမှာ သက်ဆိုင်ရာ အုပ်စု၏ လူဦးရေ ပမာဏ၊ တည်ဆဲနိုင်ငံတော် တစ်ရပ်တွင်း ရရှိထားသည့် အဆိုပါ အုပ်စု၏ ဖတ်ဒရယ် အဆင့်အတန်း ( ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် မည်မျှ အထိရှိသည် )၊ ဘာသာစကားပိုင်း ပေါင်းစည်းမှု စသည်တို့ဖြစ်သည်။ လူဦးရေးလည်းများသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျယ်ကျယ်ပြန့်ပြန့်ရရှိထားသည်၊ မိမိ၏ ဘာသာစကားကို လည်း ထိန်းထားနိုင်သည်ဆိုပါက အမျိုးသားရေး လှိုင်းလုံးထသည့်အခါ အောင်ပွဲခံရန် အခြေအနေကောင်း သည်။

အဆိုပါ အခြေအနေ ၃ ရပ် အနက် လူဦးရေ ပမာဏ ဆိုသည့်အချက်သည် အမျိုးသားရေး ဝါဒ အောင်ပွဲ ရမရ ကို အတိကျဆုံး ခန့်မှန်းပေးနိုင်သည်။ လူဦးရေလည်း နည်းပါး၊ ဘာသာစကားပိုင်းအရလည်း ကိုယ်ပိုင် ဘာသာစကားကို မထိန်းနိုင် အသုံးများသည့် ဘာသာစကား လွမ်းမိုးမှုအောက်ရောက်နေသည် ဆိုပါက အမျိုးသားရေး လှုပ်ရှားမှု တစ်ရပ် လုပ်ဆောင်ရန် လွယ်ကူမည် မဟုတ်ပေ။ 

အရှုံးသမား အမျိုးသားရေး ဝါဒ

အမျိုးသားရေး ဝါဒ တွင် အမျိုးမျိုးသော အတွေးအခေါ်များ နှင့် သဘောထားအမြင်များ ရစ်ပတ် ချည်နှောင် လျက်ရှိသည်ကို တွေ့နိုင်သည်။ ရုရှား အမျိုးသားရေးဝါဒတွင် ဥရောပကို လှမ်းမျှော်ကြည့်သည့် အနောက်တိုင်း ဆန်သည့် မျက်နှာထားရှိသလို အရှေ့နှင့် ဗဟို ဥရောပရှိ ဆလပ်အမျိုးသားရေး အုပ်စုများ နှင့် ပူးပူးကပ်ကပ် နေလိုသည့် ဆလပ်ဆန်သည့် ရုပ်လည်း ရှိနေသည်။ ခေတ်သစ် တူရကီ အမျိုးသားရေး ဝါဒတွင်လည်း ဗဟို အာရှ စတတ်မြတ်ခင်းများရှိ မူလ တာ့ခ် တိုင်းရင်းသား ဇစ်မြစ်ကို တောင့်တလိုစိတ်လည်း ရှိသလို တာ့ခ် ဖြစ်မှု ကို ကျယ်ကျယ်ပြန့်ပြန့်စွာ ဖွင့်ဆိုလိုသည့် နီယို အော်တိုမန် အမြင်လည်း ရှိနေသည်။ ထို့ကြောင့် မည်ကဲ့သို့ သော အမျိုးသားရေး အမြင်များက သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွင် မည်သို့သော နည်းလမ်းဖြင့် အသာစီး ရလာသနည်းကို သိနိုင်ရန် သမိုင်း၌ အရှုံးသမားဖြစ်သွားသည့် အမျိုးသားရေး ဝါဒများကိုလည်း လေ့လာရန် လိုလာသည်။ ရှုပ်ထွေးလှသော သမိုင်းဆိုင်ရာဖြစ်စဉ်များတွင် အရှုံးသမားဖြစ်သွားသည့် အမျိုးသားရေး ဝါဒထံ မှ တူညီသည့် သင်ခန်းစာ ထုတ်ယူနိုင်မည်ဟု မျှော်လင့်ခြင်းမှာလည်း ထုံအမှုပင်ဖြစ်သည်။ အထက်တွင် ဖော်ပြပြီးသကဲ့သို့ပင် အရေးနိမ့်မှု အမျိုးမျိုးသည် ပုံစံ အသီးသီးဖြင့် အရေးနိမ့်ကြခြင်းဖြစ်သည်။ 

သို့သော်လည်း အရှုံးသမားများကို လေ့လာရာတွင် အသုံးပြုနိုင်မည့် နည်းလမ်းတစ်ရပ်သည် အမျိုးသားရေး ဝါဒ သတင်းစကားကို မည်သို့ပုံဖော်သနည်း ဆိုသည့် နည်းဖြစ်သည်။ အချို့သော အမျိုးသားရေး ဝါဒများ တွင် ၎င်းတို့၏ အတွင်းပိုင်းတွင်ပင် အချင်းချင်း ပဋိပက္ခ ဖြစ်နေသည့် အမြင်မျိုးကို အီလိခ်တို့ကိုယ်တိုင် ပုံသွင်း ခဲ့မိသည်။ ရှေ့နောက်မညီသည့် လုပ်ဆောင်ချက်များ၊ အတွင်းပိုင်း ပဋိပက္ခများကြောင့် အချို့သော အမျိုးသား ရေး ဝါဒများသည် အောင်ပွဲခံသည့် အဆင့်သို့ရောက်မလာဘဲ လမ်းခုလတ်တွင်ပင် ဇာတ်သိမ်းခဲ့ရသည်။

ကွန်ဖတ်ဒရိတ်၊ အရေးနိမ့်သွားသော အရေးတော်ပုံ

အမေရိကန် ကွန်ဖတ်ဒရိတ် ပြည်နယ်များ၏ အရေးတော်ပုံ ရှုံးနိမ့်မှုအကြောင်းကို သမိုင်းပညာရှင်များရော၊ အမျိုးသားရေး ဝါဒ လေ့လာသည့် ပညာရှင်များပါ မကြာခဏ သုံးသပ်လေ့ရှိသည်။ တောင်ပိုင်း၏ စက်မှု စွမ်းရည် နိမ့်ကျခြင်း၊ စစ်ရေး ထောက်ပံ့ပို့ဆောင်မှု မလုံလောက်ခြင်း၊ လူမှုရေးအရ ထက်အောက် ဖွဲ့စည်းပုံ ရှေးကျခြင်း၊ ကျွန်စနစ်အပေါ် အခြေခံထားသည့် လူမှုရေး နှင့် စီးပွားရေး စနစ်တွင်း အတွင်း ပဋိပက္ခ ဖြစ်ပေါ် နေခြင်း စသည့် အကြောင်းများကို တောင်ပိုင်းသမိုင်း လေ့လာရာတွင် ဖွတ်ဖွတ်ညတ်ညတ်ကျေအောင်  သုံးသပ်ခဲ့ကြပြီးဖြစ်သည်။

အမေရိကန် ပြည်တွင်းစစ်တွင် ရှုံးနိမ့်မှု၊ ပြည်တွင်းစစ်ပြီး ပြန်လည် ထူထောင်ရေး ကာလမှ ထားရှိခဲ့သည့် အမွေအနှစ်များ၊ ပြည်ထောင်စုနှင့်ပေါင်းစည်းရေး၊ နိုင်ငံသားအခွင့်အရေး  စသည်တို့အပေါ် ခုခံတွန်းလိုစိတ်  စသည်တို့သည် တောင်ပိုင်း ၏ အမှတ်လက္ခဏာ အထူးသဖြင့် တောင်ပိုင်း လူဖြူများ၏ အမှတ်လက္ခဏာ အဖြစ် ရာစုနှစ်တစ်ခုခွဲ ကျော် ရပ်တည်လျက်ရှိသည်။ ယင်းကာလတစ်လျှောက်တွင် တောင်ပိုင်းသား ပညာရှင် များသည် အတိတ်ကာလ၏ အရေးနိမ့်မှုများ ကို ဂုဏ်ယူလက်ခံကာ မိမိတို့၏ ယဉ်ကျေးမှု အဖြစ် ပြန်လည် တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့သလို လက်ရှိကာလ အပေါ် အာခံမှု အဖြစ်လည်း တောင်ပိုင်းအလံကို လွှင့်ထူ ခဲ့ကြသည်။

သို့သော်လည်း အမှတ်လက္ခဏာကို ဖန်တီး တည်ဆောက်မှုရာတွင်  အားနည်းချက်များရှိခြင်းကို တောင်ပိုင်း ဖြစ်စဉ်က ပြသလျက်ရှိသည်။

အမျိုးသားရေး အုပ်စု တစ်ခုနှင့် ပတ်သတ်လျင် စိတ်ကူးပုံဖော်မှု၏ အနားသတ်မျဉ်းများ မည်သည့်နေရာ တွင်ရှိသနည်း။ အမျိုးသားရေး ဇာတ်လမ်းအားလုံး ဆင်တူကြသလား။ အရှုံးဆီသို့ဦးတည်မည့် လမ်း အတိုင်း အမျိုးသားရေး အုပ်စု တစ်ခုကို ပညာရှင်များ နှင့် နိုင်ငံရေး အီလိခ်များ၏ ရွေးခြယ်မှု က ခေါ်ဆောင် သွားနိုင်သလား။

ကွန်ဖတ်ဒရိတ် အရေး နှင့် ပတ်သတ်လျင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ရှိနေသည့် အမြင် နှစ်ရပ်ရှိနေသည်။ လွန်လေပြီးသော လူ့အဖွဲ့အစည်းဟောင်း၏ အထူးသီးသန့်အစဉ်အလာများ အပေါ် အခြေခံပြီး အမျိုးသားရေး  ထူထောင်လိုစိတ် နှင့် အမေရိကန် လွတ်လပ်ရေး လှုပ်ရှားမှု အတွင်း ဖတ်ဒရယ် ပြည်ထောင်စု အဖြစ် ပေါင်းစည်းခဲ့မှုကို အလေးထားလိုစိတ်တို့ဖြစ်သည်။

အစဉ်အလာဟောင်းတွင် ဘာသာရေး နှင့် ဘာသာရေးယုံကြည်စိတ်၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ လူ့အဖွဲ့ အစည်း ၏ အောက်ခြေတွင် ကျွန်စနစ်ကို ထားရှိလိုမှု စသည်တို့ပါဝင်သည်။ သခင် နှင့် ကျွန်ကြား ရှိသည့် တာဝန် နှင့် တာဝန်ရှိမှု စည်းနှောင်မှုသည် တောင်ပိုင်းဘဝ၏ လက္ခဏာ တစ်ရပ်လည်းဖြစ်သည်။ ထို့အပြင် ကျွန်စနစ်သည် လူမှု နှင့် စီးပွားရေး စနစ် တစ်ခုလုံး၏ ကျောရိုး အဖြစ် တည်ရှိနေပြီး ယင်းစနစ် ကြောင့်ပင် အတော်ဆုံးသော သူများသည် ၎င်းတို့၏ အချိန်ကို ခေါင်းဆောင်မှု၊ အာဏာပိုင်မှု၊ အုပ်ချုပ်မှု တို့တွင် အပြည့်အဝ အသုံးချနိုင်သည်။

အခြားတစ်ဖက်တွင်လည်း ဗြိတိန် တို့ထံမှ လွတ်လပ်ရေး ရရှိရေး ရုန်းကန်လှုပ်ရှားမှုမှ ဆင်းသတ်လာသည့် အိုင်ဒီယာ နှင့် တန်ဖိုးများသည် တောင်ပိုင်း ကွန်ဖတ်ဒရိတ် အမျိုးသားရေး ဝါဒတွင် စူးဝင်လျက်ရှိသည်။

လွတ်လပ်ရေး စစ်ပွဲ အပြီးပေါ်ထွန်းလာသည့် ဖတ်ဒရယ် ပြည်ထောင်စုတွင် ပြည်နယ် အသီးသီး၏ အထူးအခွင့်အရေးများကို အသိအမှတ် ပြုထားသည်။ သို့သော်လည်း ပြည်တွင်းစစ်မတိုင်ခင် ကာလ တွင် ယင်း အခွင့်အရေးများကို ဖတ်ဒရယ် အစိုးရက ခြိမ်းခြောက်လာပြီဖြစ်သည်။ ထို့ကြောင့် ၁၈၆၁ ခုနစ် ဖြစ်စဉ်သည် ၁၇၇၆ ခုနစ် အိုင်ဒီယာများမှ လမ်းခွဲထွက်လာမှု မဟုတ်ဘဲ။ ယင်း အိုင်ဒီယာ အတိုင်း လိုက်နာသည့် ဖြစ်စဉ်သာဖြစ်သည်။

ယင်း အမြင် နှစ်ရပ်သည် ကွန်ဖတ်ဒရိတ် အမျိုးသားရေး ဝါဒအပေါ် လွမ်းမိုးလျက်ရှိသည်။ တောင်ပိုင်း အမျိုးသားရေး ဝါဒ သည် ၎င်းတို့နယ်မြေတွင်း နေထိုင်သူများအနက် လူ အများစုကို လက်အောက်ခံအဖြစ် သိမ်းသွင်းလိုသည့် ဝါဒဖြစ်သည်။ ယင်း လူများ နှင့် ၎င်းတို့၏ လူမှု အဆင့်အတန်းကို တောင်ပိုင်း အမျိုးသားရေး ဝါဒ ပရောဂျက်တွင် အရေးပါသည်ဟု မည်သည့်အခါမျှ ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ တစ်ချိန်တည်းတွင် ပြည်တွင်းစစ် ကာလတွင်း ပြိုင်ဘက်ဖြစ်သူများ၏ နိုင်ငံရေး နှင့် အတွေးအခေါ်ရေးပိုင်း အမွေအနှစ်များကိုလည်း အားကျလိုချင်လျက်ရှိသည်။ ယင်းကဲ့သို့ကိုယ့်ကိုယ်ကိုယ် ပိတ်ပင်ထားသည့် အတားအဆီး မျိုးကို အမျိုးသားရေး ဝါဒ အနည်းငယ်သာ ကြုံတွေ့ရလေ့ရှိသည်။

တောင်ပိုင်း အမျိုးသားရေး ဝါဒ ကို အချို့က အရူးအမူး စွဲလမ်းနေသလို တစ်ချိန်တည်းတွင် ယင်း ဝါဒ ကျရှုံး သွားရခြင်းသည် စစ်ရေး အရ ရှုံးနိမ့်မှုကြောင့် မဟုတ်ပေ။ ၎င်းကိုယ်တိုင်ချမှတ်ထားသည့် အတွင်းပိုင်း ပဋိပက္ခကြောင့် ပင် ဖြစ်တော့သည်။

စကော့၊ တောင်တန်းသားတို့၏ အိမ်မတ်

အမေရိကန် ပြည်တွင်းစစ် ဖြစ်ရခြင်း အဓိက အကြောင်းရင်းသည် ဆာ ဝါတာ စကော့ ကြောင့်ဟု အမေရိကန် စာရေးဆရာ မတ်တွိုင်းက ထင်ရှားစွာ မှတ်ချက်ပြုခဲ့သည်။ စကော့ကို စွဲစွဲလန်းလန်းဖတ်သည့် စာဖတ် ပရိတ်သတ်များသည် ကွန်ဖတ်ဒရိတ် အမျိုးသားရေး ဝါဒီများ နှင့် တောင်ပိုင်း ပြည်သူများ ဖြစ်သည်။ စိတ်ထား မြင့်မြတ်သည့် သူရဲကောင်းများ၊ က္ကဒြေကြီးသော်လည်း ရှိသမျှနှင့် ဖြစ်အောင် နေတတ်သည့် အမျိုးသမီးများ၊ အထက်အောက် အဆင့်အတန်းများဖြင့် ဖွဲ့စည်းထားသည့် လူ့အသိုက်အဝန်း စသည် တို့သည် ကွန်ဖတ်ဒရိတ်တို့၏ အတိတ်ကို ဖတ်တွယ်လိုစိတ် နှင့် အံ့ကိုက်လျက်ရှိသည်။ ယနေ့ခေတ် စကော့လူမျိုးတို့  အတွက်သည် မူ စာရေးဆရာ စကော့သည် ကိုးယိုးကားယားနိုင်မှု တစ်ခု သို့မဟုတ် အရှက်ရစရာ တစ်ခုထက် မပိုပေ။ စကော့ အမျိုးသားရေး ဝါဒမှာလည်း ယင်းကို အဓိက ပုံဖော်သူ တစ်ဦးဖြစ်သည့် စကော့၏ ကံကြမ္မာ အတိုင်းပင် ဖြစ်နေတော့သည်။

တစ်ဖက်တွင်လည်း စကော့ ဖြစ်မှုကို သတ်မှတ်ရေး လိုသည်ထက် ပိုသည့် အရည်အသွေးများကို စကော့  တို့ ပိုင်ဆိုင်ထားသည်။ ခပ်ကားကား စကော့ ဂါဝန်တိုမှသည် စကော့ လေမှုတ်တူရိကာ၊ ခုန်ပေါက်လျက်ရှိသည့် တယ်ရီကာ ခွေးကလေး စသည့် အမှတ်လက္ခဏာတို့သည် စကော့ဖြစ်မှုကို သိသာထင်ရှားစေသည့် အရာများဖြစ်သည်။ သို့သော်လည်း ယင်းသို့သော တိုးရစ် အများစု စိတ်ဝင်စားသည့်အရာများကို စကော့ အမျိုးသားရေး ဝါဒီများ စိတ်ဝင်စားလေ့မရှိပေ။ ကုန်လွန်ခဲ့သည့်  ရာစုနှစ် ၄ ခု စလုံး စကော့ အမျိုးသားရေး ဝါဒီ သည် နိုင်ငံရေး ဘက်မှ ကြည့်လျင် ရှုံးနိမ့်ခဲ့သည်။ စကော့တလန် အမျိုးသားရေး ဝါဒ ကို လှုပ်ရှားမှုများ၊ ချီတက်ပွဲများ၊ အရေးယူ လုပ်ဆောင်ရန် တောင်းဆိုချက်များတွင် တွေ့ရခဲပြီး အများအားဖြင့် စကော့ ပြည်သူ့ဘဝ မှ ကင်းလွတ် တည်ရှိနေသည်။

၁၆၀၉ ခုနစ်တွင် စကော့တလန် ထီးနန်းကို အင်္ဂလန် နှင့် ပူးပေါင်းခဲ့သည်။ နောက် နှစ်တရာအကြာ ၁၇၀၇ ခုနစ်တွင် ပါလီမန် နှစ်ရပ်ပါ ပူးပေါင်းခဲ့သည်။ ယင်းနောက်တွင် ပူးတွဲ ဘုရင်စနစ်ကို အာခံသည့် ပုန်ကန်မှုများ တခါတရံ ပေါ်ထွက်ခဲ့သော်လည်း အောင်ပွဲမရခဲ့ပေ။ ပူးတွဲ ဘုရင်စနစ် အဓိက စိုးရိမ်သည့်အရာမှာ ပြင်သစ် နိုင်ငံခြားရေး မူဝါဒ ၏ လျှို့ဝှက်အကြံအစည်များ၊ ပရိုတတ်စတင့် လူများစု နိုင်ငံတွင် ကတ်သလစ် လူနည်းစုတို့၏ မကျေနပ်ချက်၊ ပဒေသရာဇ် သီးသန့်အခွင့်အရေးများ ဆုံးရှုံးလာမှုကို ရင်ဆိုင်လာရသည့် တောင်ပေါ်ဒေသမှ လူမျိုးစုခေါင်းဆောင်များ၏ အကြံအစည် စသည်တို့သာဖြစ်သည်။

မင်းနိုင်ငံတော်တွင်း စကော့တလန် ဆက်လက် ပါဝင်ရေးသည် အဓိကအားဖြင့် အချက် ၂ ရပ် အပေါ် မူတည် လျက်ရှိသည်။ ပထမ အချက်မှာ ၁၇၀၇ ခုနစ် နိုင်ငံရေး သဘောတူညီချက်အရ စကော့ အင်စတီကျူးရှင်းများ ကို ဒေသဆိုင်ရာ လွတ်လပ်ခွင့် ကြီးကြီးမားမား ပေးအပ်ထားမှုဖြစ်သည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဆုံးသတ်ပြီး သည့် ကာလတွင်ပင် အစဉ်အလာ ဥပဒေများ၊ ပညာရေးစနစ်၊ သီးခြား ဘုရားကျောင်းတော် စသည်တို့ တည်ရှိခွင့်ပြုသဖြင့် စကော့ဖြစ်မှု မပွန်းပဲ့ခဲ့ပေ။ ဒုတိယအချက်မှာ တောင်ပေါ်ရှိ လူမျိုးစု ခေါင်းဆောင်များ နေရာ တွင် မြေပိုင်ရှင်များ အစားထိုးဝင်ရောက်လာမှု သို့မဟုတ် လူမျိုးစု ခေါင်းဆောင်များ ကိုယ်တိုင် မြေပိုင်ရှင်ဖြစ်လာမှု ဖြစ်သည်။ ယင်းအပြောင်းအလဲသည် မျိုးဆက် တစ်ခုတာ ကာလတွင်း ဖြစ်ပွားခဲ့သလို စကော့တလန်၏ စီးပွားရေးမှာလည်း ကုန်းမြင့်ပိုင်းမှ မြေပြန့်ပိုင်းသို့ပြောင်းရွေ့လာခဲ့ကာ အင်္ဂလန် နှင့် ပိုမို နီးကပ်သွားသည်။ ယင်းသို့ စကော့ စီးပွားရေး တောင်ပိုင်းသို့အခြေချလာသော်လည်း စကော့ဖြစ်မှု အမှတ်အသားကို ကုန်းမြင့်ပိုင်း လက္ခဏာများဖြင့်သာ တွဲမှတ်လေ့ရှိသည်။ စကော့ အမျိုးသားရေး လက္ခဏာဟု ယနေ့တွင် မှတ်ယူထားသည့်အရာ အများစုကို ၁၉ ရာစုတွင်း ဖန်တီးခဲ့ကြခြင်းဖြစ်ကာ ယင်းတို့အနက် အများစုမှာ ဝါတာ စကော့ထံမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။`

နိုင်ငံရေး လှုပ်ရှားမှု တစ်ရပ် အနေနှင့် စကော့ အမျိုးသားရေး ဝါဒ၏ အားနည်းချက်သည် ၎င်းတွင် မျိုးကွဲများစွာ ရှိနေမှု ဖြစ်သည်။ ရပ်တန့်သွားပြီဖြစ်သည့် စကော့ ဘုရင်စနစ် ပြန်လည် ထူထောင်ရေး အတွက်ပင် စတူးဝပ် နှင့် ဂျက်ကိုဘိုက် အမြင်ဆို၍ မူကွဲ နှစ်ရပ်ရှိနေသည်။ မြေပြန့်ပိုင်း၏ ဒေသစွဲ ဝါဒသည်လည်း ကုန်းမြင့်ပိုင်း၏ အမြင်နှင့် မတူပေ။ အင်္ဂလန် နှင့် ပေါင်းစည်းနေမှသာ စကော့တလန် ဘုရားကျောင်းတော် ရရှိနေသည့် အခွင့်ထူးများကို အကောင်းဆုံး ထိန်းသိမ်းနိုင်မည်ဟုလည်း စကော့ ကျောင်းတော်က နားလည်ထားသည်။ စကော့ ခွဲထွက်ရေး ဝါဒီများက ကျောင်းတော်၏ ယင်းသို့သော ရပ်တည်ချက်ကို မလိုလားပေ။ ဒွန်ဒီ နှင့် ဂလတ်ဂို တို့ရှိ စက်ရုံများ၊ သင်္ဘောကျင်းများမှ ပေါက်ဖွားလာသည့် အလုပ်သမား လူတန်းစား၏ အမျိုးသားရေး ဝါဒ က စကော့ဖြစ်မှုသည် လူတန်းစားလွတ်မြောက်ရေး၊ ကမ္ဘာ့တော်လှန်ရေး ပေါ်ပေါက်ရေး အဆင့် တစ်ခု ဖြစ်သည်ဟု ရှုမြင်ကြသည်။ သို့သော် တိုးတက်သော နိုင်ငံရေးသမားများကမူ ( အင်္ဂလန် နှင့် ပေါင်းစည်းထားသည့် ) တစ်နိုင်ငံလုံး သဘောဆောင်သည့် လေဘာပါတီကသာ အလုပ်သမားများ၏ အကျိုးစီးပွားကို အကောင်းဆုံး အာမခံနိုင်မည်ဟု ရှုမြင်သည်။  အမျိုးသားရေး ဆိုင်ရာ သတင်းစကားများသည် ရွေးကောက်ပွဲတွင် အသုံးဝင်သည့် ကိရိယာဖြစ်ကြောင်း ယင်းပါတီကပင် လက်ခံထားပြန်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် စကော့တလန် အမျိုးသား ပါတီ ( SNP ) ဆိုသည့် ပါတီသစ် တစ်ရပ် ပေါ်ပေါက်လာပြီး စကော့ အမျိုးသားရေး ဝါဒ ပုံစံသစ် တစ်မျိုး ပေါ်ထွက်လာပြန်သည်။  ဗဟုစုံယဉ်ကျေးမှုကို လက်ခံထားပြီး စကော့ဖြစ်မှုကို နယ်မြေ အပေါ် အခြေခံ ထားသည့် အမျိုးသားရေး ဝါဒ ကို ယင်းပါတီသစ်က လက်ကိုင်ထားသည်။ ယင်း အခြေခံမှ တစ်ဆင့် ပိုမိုကျယ်ပြန့် သည့် ဥရောပဘုံ အမှတ်လက္ခဏာကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။

ထို့ကြောင့် ခေတ်သစ် စကော့ အမျိုးသားရေး ဝါဒ သည် ဝါတာ စကော့ တီထွင်ခဲ့သည့် စကော့ဖြစ်မှု နှင့် လားလားမျှ မဆိုင်တော့ပေ။ ဗဟုစုံ ယဉ်ကျေးမှုကို လက်ခံထားသည့် စကော့ အမျိုးသားရေး ပါတီ SNP ၏ ပထမဆုံးသော ကြီးကျယ်သည့် အောင်ပွဲသည် ရှေးရိုးဆန်သည့် ကျေးလတ် ဒေသတွင် ပေါ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ မြို့ဆန်သည့် မြေပြန့်ဒေသ၊ အင်္ဂလိပ်စကားပြော တောင်ပိုင်း ဒေသ၌ ၁၉၆၇ ခုနစ်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ယင်းသို့အောင်ပွဲရခြင်းမှာ လက်ဝဲပါတီများ အထူးသဖြင့် လေဘာပါတီကို စကော့ ရွေးကောက်ပွဲမှ မောင်းထုတ်နိုင်ခဲ့မှုကြောင့်ဖြစ်သည်။ အီဒင်ဘတ်ရှိ ပါလီမန် ပြန်လည် အသက်သွင်းရန် စကော့ နိုင်ငံသားများ ၁၉၉၇ ခုနစ်တွင် မဲပေးဆုံးဖြတ်လိုက်သည့်အခါ ပြင်ပလူများ မျက်စိယဉ်နေသည့် မုတ်ဆုတ်မွေးတိုတို၊ စကော့ ပလွှေမှုတ် အမျိုးသားရေး ဝါဒ ပေါ်ထွက်မလာတော့ဘဲ နယ်မြေ နှင့် နိုင်ငံသားဖြစ်မှု အပေါ် အခြေပြုထားသည့် ဥရောပ ( နှင့်စည်းရေး )လိုလားသည့် စကော့ဖြစ်မှု ပေါ်ပေါက်လာသည်။ အမျိုးသားရေး ဝါဒ သည် သမဂ္ဂဖွဲ့မှု ပုံစံ တစ်မျိုး နှင့် မကိုက်လျင်တောင် အခြားသော သမဂ္ဂဖွဲ့မှု ပုံစံ နှင့် ကိုက်ညီသည်ကို စကော့ ဥပမာက ပြသလျက်ရှိသည်။ ဗြိတိန် နှင့် ပူးပေါင်းမှုထက် ဥရောပသမဂ္ဂ နှင့် ပူးပေါင်းမှုကို လိုလားကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံထားသည့် စကော့ အမျိုးသားရေး ဝါဒ ကို ပြီးခဲ့သည့် ရာစုနှစ်များ အတွင်း ဖန်တီးခဲ့ကြသော်လည်း ယနေ့ခေတ်တွင် မကိုက်ညီတော့သည်ကို စကော့ လွတ်လပ်ရေး လိုလားသူများ တွေ့လာ ကြသည်။ ဘတ်၊ ကတ်တလန်၊ ဖလန်းနှစ် အမျိုးသားရေး ဝါဒ တို့သည် ယဉ်ကျေးမှု တူညီမှု၊ တိုင်းရင်းသားဖြစ်မှုကို ဆက်လက် ချီးမြောက်လျက်ရှိသော်လည်း စကော့ အမျိုးသားရေး ဝါဒမှာမူ လူတိုင်းပါဝင်နိုင်မှု၊ တာဝန်ယူမှု ရှိသော အုပ်ချုပ်မှု၊ ဆိုရှယ် ဒီမိုကရေစီတို့ ကို ၎င်း၏ ပင်မ တန်ဖိုး အဖြစ် လက်ခံ လျက်ရှိသည်။ ယင်းခေတ်သစ် အမျိုးသားရေး ဝါဒကြောင့်ပင် နှစ်ပေါင်း လေးရာကျော် အောင်ပွဲ မရသေးသည့် စကော့ အမျိုးသားရေး ဝါဒ ဆက်လက် အရေးနိမ့်နေခြင်းဖြစ်သည်။ သို့သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့် ဗြိတိန်၊ ဒေသဆိုင်ရာ သဘော ပိုဆန်လာသည့် ဥရောပသမဂ္ဂတို့တွင် အောင်ပွဲရရန် လမ်းပွင့်လျက်ရှိသည်။

စာကေးရှန်း၊ ကံဆိုးမှုများ၏ အသုံးဝင်မှု

ရုရှား အင်ပါယာ၏ တောင်ပိုင်းနယ်မြေများသို့၁၉ ရာစုနှစ် အတွင်း ခရီးလှည့်လည်မည်ဆိုပါက စကော့လေသံဝဲ နေသည့် စကားသံကို ယူရေးရှား စတတ် မြတ်ခင်းပြင်များ၊ ကော့ကေးဆပ် တောင်တန်း များကြားတွင် ကြားရလိမ့်မည်ဖြစ်သည်။ ယင်းမှာ ဂျွန် အေဘာခရွန်ဘီ၏ အသံဖြစ်နိုင်သည်။ တောင်ပိုင်းဒေသ တွင် နေစရာတစ်နေရာ ရရေး ၎င်းထံတောင်းဆိုနိုင်သလို ဒေသခံ အရာရှိများထံသို့မိတ်ဆက်စာ၊ ရန်လိုသည့် စတတ်မြတ်ခင်းများ တစ်လျှောက် ဘေးရန်ကင်းစွာ သွားလာပိုင်ခွင့်တို့ကို ၎င်းထံမှ ရယူနိုင်သည်။ ( ၁၉ ရာစုခရီးသွားများက ၎င်း နာမည်ကို မကြာခဏ ညွန်းဆိုလေ့ရှိသည်။ )

အေဘာခရွန်ဘီဟု နာမည်ခံထားသော်လည်း ၎င်းသည် စကော့ တစ်ယောက်မဟုတ်ချေ။ ၎င်းသည် စာကေးရှန်း တစ်ဦး (Circassian) ဖြစ်သည်။ ကေ့ကေးဆပ် ဒေသ၏ အနောက်မြောက်ခြမ်းတွင် နေထိုင်ကြသည့် ဌာနေ တိုင်းရင်းသား အုပ်စု တစ်ခုဖြစ်သည်။ အဆိုပါ ဒေသတွင်းသို့ရုရှားတို့နယ်မြေချဲ့ထွင်မှုကို အဓိက တားဆီးနေသူများလည်း  ဖြစ်သည်။ ထို့အပြင် ၁၉ ရာစုအစောပိုင်းတွင်း အဆိုပါ ဒေသသို့ဝင်ရောက်လာသည့် စကော့ သာသနာပြုများ၏ အာရုံစိုက် ခြင်းခံရသူများလည်းဖြစ်သည်။ သမ္မာကျမ်းစာ၏ တစ်စိတ်တစ်ပိုင်း ကိုပင် စကော့များက ဒေသဆိုင်ရာ ဘာသာဖြင့် ပြန်ဆိုခဲ့ပြီးဖြစ်သည်။ ရိုးရာ ဘာသာ သို့မဟုတ် အစ္စလာမ် ကိုးကွယ် လျက်ရှိသည့် စာကေးရှန်းများကို ဘာသာကူးပြောင်းရန် စကော့ ဘာသာနာပြုများက ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် စာကေးရှန်းကလေးငယ်များကို ၎င်းတို့၏ မိဘများထံမှ ဝယ်ယူကာ ခရစ်ယာန်များ အဖြစ် ပျိုးထောင်ခဲ့ရသည်။ အေဘာခရွန်ဘီမှာ ယင်းသို့ဝယ်ယူခံခဲ့ရသည့် ကလေးငယ် တစ်ဦး ဖြစ်သည်။ ထို့ကြောင့်လည်း ရုရှား အင်ပါယာတွင်းသို့ရောက်ရှိလာသည့် နိုင်ငံခြား ခရီးသွားများသည် စကော့သံဝဲနေသည့် အေဘာခရွန်ဘီ ကို ဒေသခံလမ်းညွန်အဖြစ် အားကိုးနိုင်ခဲ့သည်။

ဘာသာနာပြုရေး လုပ်ဆောင်ချက်များအပြင် စာကေးရှန်းများ အပေါ် အခြားသော နည်းဖြင့်လည်း အနောက် ဥရောပ နိုင်ငံများ စိတ်ဝင်စားခဲ့သည်။ ရုရှားတို့ထံမှ လွတ်မြောက်၍ သီးခြားနေလိုသည့် စာကေးရှန်းများ အရေးသည် ၁၉ ရာစု အစောပိုင်းတွင် စာကေးရှန်း မေးခွန်း အဖြစ် ထင်ရှားခဲ့သည်။ နာမည်ကြီး သတင်းစာ အသီးသီးမှ သတင်းထောက်များသည် စာကေးရှန်း ဒေသသို့သွားရောက်ခဲ့ကြသည်။ စာကေးရှန်းများကို စုစည်းညီညွတ်သည့် စစ်အင်အားဖြစ်လာစေရန် ဗြိတိန် သူလျှိုများ ကြိုးပမ်းခဲ့သည်။ ကော့ကေးဆပ် အနောက်မြောက်ပိုင်း နှင့် စာကေးရှန်း ဒိုင်ယာစပိုရာများ လွှင့်ထူလေ့ရှိသည့် ကြယ် နှင့် မျှား များ ပါသည့် စာကေးရှန်း အလံကို စကော့ လူမျိုး ဒေးဗစ် အာကွာဟတ် က ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယင်းအားထုတ်မှုများမှ အသီးအပွင့် အနည်းငယ်သာ ရရှိခဲ့သည်။ စာကေးရှန်း အမျိုးသားရေး ဝါဒ အောင်ပွဲရခြင်းမရှိပေ။ ယင်းသို့သော အရေးနိမ့်သွားသည့် အမျိုးသားရေး လှုပ်ရှားမှု အကြောင်း ပြန်လည် သုံးသပ်ကာ စာကေးရှန်း ခေါင်းဆောင် ၂ ဦးက ဝိတိုရိရ ဘုရင်မထံသို့၁၈၆၀ ပြည့်လွန်နှစ် များတွင် စာရေးသားခဲ့သည်။

“ကရိုင်းမီးယား စစ်ပွဲတွင်းမှာ ကျွန်တော်တို့ဟာ ဘုံရန်သူကို မတိုက်တဲ့ အတွက် ရိုးသားမှု မရှိဘူး ဆိုပြီး မဟာမိတ် ပါဝါတွေက စွပ်စွဲကြပါတယ်။ အဲဒါဟာ အမှန်ပါဘူး။ ဒါက ကျွန်တော်တို့အမျိုးသား အုပ်စုရဲ့အမှားမဟုတ်ပါဘူး။ ကျွန်တော်တို့ခေါင်းဆောင်တွေကြားထဲမှာ ပေါင်းစည်းညီညွတ်ရန် လိုအပ်မှု၊ စွမ်းအားလိုအပ်မှုတွေကနေ အဲလိုတွေ ဖြစ်လာတာပါ”  ယင်းသို့ပေါင်းစည်းရေး မလုပ်ဆောင်နိုင်ခဲ့မှုသည် စာကေးရှန်း အမျိုးသားရေး ဝါဒ၏ အရေးနိမ့်မှုဖြင့်သာ ရပ်တန့် မနေပေ။ ကော့ကေးဆပ် ဒေသကို ရုရှားတို့သိမ်းယူမှု နောက်ဆုံး အဆင့်တွင် စာကေးရှန်း ဘာသာစကား ပြောဆိုသူများ အားလုံး နီးပါးကို ၎င်းတို့၏ အိမ်များ၊ အစဉ်အလာနေထိုင်ခဲ့သည့် နယ်မြေများမှ မောင်းထုတ် ခဲ့ကြသည်။ ၁၈၆၀ နှင့် ၁၈၆၄ ခုနစ်တွင် လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများတွင် ကော့ကေးဆပ် အနောက်မြောက်ပိုင်း ဒေသ နှင့် ပင်လယ်နက် ကမ်းရိုးတန်းဒေသတို့ တစ်ခုလုံးတွင် ဌာန တိုင်းရင်းသားများ ကင်းမဲ့သွားတော့သည်။ လူသေ အလောင်းများကို မီးရှို့ဖျောက်ဖြတ်ခဲ့သည်။ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ ကြသည်။ ဖိအားပေး ရွေ့ပြောင်းခံခဲ့ရသူများကို မြောက်ပိုင်း မြေပြန့်ဒေသကို ခြေလျင်လျှောက်လျင်လျှောက် မဟုတ်လျှင် ကမ်းရိုးတန်း ဒေသသို့မောင်းထုတ်ကာ ယင်းမှ တစ်ဆင့် ပင်လယ်နက်ကို သင်္ဘောဖြင့် ဖြတ်သန်း ပြီး အော်တိုမန် အင်ပါယာသို့စေလွှတ်ခဲ့သည်။ သန်းဝတ်ခန့်ရှိသည့် စာကေးရှန်း လူမျိုးအားလုံး နီးပါး မောင်းထုတ်၊ သတ်ဖြတ်ခံခဲ့ရကာ ယနေ့ခေတ် အသုံးဖြင့်ဆိုလျင် လူမျိုးတုံး သတ်ဖြတ်မှုပင်ဖြစ်သည်။ “တောင်တန်းတွေမှာ အခုတော့ ဝတ်ဝံတွေနဲ့ဝံပုလွေတွေပဲ တွေ့ရတော့တယ်။ တောင်တန်းသားတွေ တစ်ယောက်မှ မရှိတော့ဘူး” ဟု ခေတ်ပြိုင် လေ့လာသူ တစ်ဦးက ရေးသားခဲ့သည်။

သို့သော် စာကေးရှန်း အမျိုးသားရေး ဝါဒ အမြစ်ပြုတ်ခြင်း မရှိပေ။ ၁၈၆၀ ပြည့်လွန်နှစ်များတွင် မောင်းထုတ် ခံခဲ့ရမှုကြောင့် စာကေးရှန်းများစွာ အသက်ဆုံးရှုံးခဲ့ရသော်လည်း ယနေ့ခေတ် တူရကီ၊ ဂျော်ဒန်၊ အရှေ့ အလယ်ပိုင်း၊ ပတ်တာဆန် နှင့် နယူးဂျာဆီ ဒေသတို့အထိ ပါ စာကေးရှန်းများ ပျံ့နှံ့ရောက်ရှိသွားသည်။ ယင်း ဒိုင်ယာစပိုရာ စင်တာများတွင် စာကေးရှန်း ပညာရှင်များသည် ၎င်းတို့၏ ဖခင်များ နှင့် အဘိုးများ လုပ်ဆောင်ခဲ့သည့် ညီညွတ်မှု နှင့် ခုခံတွန်းလှန်းမှုကို ဆက်လက် ပြုစု ပျိုးထောင်ခဲ့ကြသည်။

နိ်ုင်ငံရေး ပရောဂျက် တစ်ခု အနေနှင့်မူ စာကေးရှန်း အမျိုးသားရေး ဝါဒ ဆက်လက် ရှုံးနိမ့်လျက်ရှိ သည်။ ၁၉၁၇ ခုနစ် ရုရှား တော်လှန်ရေးကာလတွင် အမိမြေတွင် ကျန်ရှိနေသေးသည့် စာကေးရှန်း အချို့က သက်ဆိုးမရှည်သည့် သမ္မတ နိုင်ငံ တစ်ခုကို ခဏတာ ထူထောင်နိုင်ခဲ့သေးသည်။ သို့သော်လည်း အောင်ပွဲရ ဘော်ရှီဗစ်များက ယင်းနိုင်ငံသစ်ကို ချေမှုန်းခဲ့သည်။ စာကေးရှန်း ဒေသကို သီးခြား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ သမ္မတ နိုင်ငံနယ်မြေများ အဖြစ် ပိုင်းခြားကာ ဆိုဗီယက် ပြည်ထောင်စုတွင်း သွပ်သွင်းခဲ့သော်လည်း ဆိုဗီယက်ခေတ် အတွေ့အကြုံအရပင် စာကေးရှန်း ဖြစ်မှု ဆိုသည့် အမြင်ပိုမိုအားကောင်းလာခဲ့သည်။  ဆိုဗီယက် ပြည်သူဆို သည့် ပိုမိုကျယ်ပြန့်သည့် အခွံအောက်တွင် စာကေးရှန်း အမှတ်လက္ခဏာသည် တရားဝင် အကအဖွဲ့များ၊ ရိုးရာပုံပြော အဖွဲ့များ၊ သမိုင်းသင်ခန်းစာများမှ တစ်ဆင့် ရှင်သန်ခဲ့သည်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့သည့် ၁၉၉၁ ခုနစ်တွင် စာကေးရှန်းတို့ထပ်မံ တိုက်ပွဲ ဝင်ခဲ့ပြန်သည်။  သို့ သော်လည်း တိုက်ပွဲဝင်လို စိတ်သူ အနည်းငယ်သာရှိတော့သည်။ ဒေသ တစ်ခုလုံးတွင် ရုရှားတို့သည် လူများစု ဖြစ်နေကာ စာကေးရှန်းတို့မှာ လူနည်းစုဖြစ်နေသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု ရှိသည့် အနက် ၁ ခုတွင်သာ စာကေးရှန်းတို့က လူများစုဖြစ်နေသည်။ သီးခြားဖြစ်မှု လက္ခဏာကို ဂီတ၊ အက နှင့် အခြား အစဉ်အလာ ဓလေ့ပုံစံများဖြင့်သာ ဖော်ပြလေ့ရှိကြပြီး နိုင်ငံရေး အားဖြင့် မပြကြတော့ပေ။ သို့သော်လည်း ဒိုင်ယာစပိုရာ စာကေးရှန်းများ အမိမြေသို့ပြန်လာသည်နှင့်အမျှ ( ၂၀၁၄ ခုနစ် ဆိုချီ အိုလံပစ် သည် စာကေးရှန်း ကမ်းရိုးတန်း ဒေသတွင် လုပ်ဆောင်ခြင်းဖြစ်သည် ) စာကေးရှန်းဖြစ်မှုသည် စကော့ တစ်ဦး တီထွင်ပေးသည့် အလံကို လွှင့်ထူမှုထက် ပိုလာနိုင်သည်။

နိဂုံးချုပ်

ယနေ့ခေတ်တွင် တောင်ပိုင်းသားတို့သည် ရှေးဟောင်း အမျိုးသားရေး အုပ်စုဝင်များဖြစ်နေကြပြီ။ စကော့တို့ သည် ပေါ်ထွန်းစ အမျိုးသားရေး အုပ်စုဖြစ်လျက်ရှိသည်။ စာကေးရှန်းတို့မှာမူ ယင်း နှစ်ခုကြား နယ်နိမိတ်တွင် ရောက်ရှိလျက်ရှိသည်။  ယင်း အမျိုးသားရေး ဝါဒ ၃ ရပ် လုံးသည် မတူညီသည့် အကြောင်း တရားများကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ကွန်ဖတ်ဒရိတ်တို့သည် လွတ်လပ်သော နိုင်ငံတော်တစ်ရပ် ထူထောင်နိုင်ခြင်းမရှိခဲ့သလို၊ တောင်ပိုင်း အမှတ်လက္ခဏာ၏ မရှိမဖြစ် လိုအပ်သော အရည်အသွေးများ ဟု အတိတ်ကာလက သတ်မှတ်ခဲ့မှုများကို ယနေ့ခေတ် နိုင်ငံရေးသမား နှင့် တက်ကြွလှုပ်ရှားသူ အနည်းငယ်ကသာ လက်ခံလျက်ရှိသည်။ တောင်ပိုင်း အလံများ လွှင့်ထူနေဆဲ ဖြစ်သော်လည်း ဒေသ၏ သီးခြား ဖြစ်မှုကို ကိုယ်စားပြုမှု အနေဖြင့်သာ ရှိနေတော့သည်။ စကော့ အမျိုးသားရေး ဝါဒမှာလည်း ဝိတိုရီယခေတ်သား တစ်ဦး၏ ထုတ်ကုန် အဖြစ်သာ ယနေ့တွင် ရပ်တည်လျက်ရှိသည်။ ဥရောပသမဂ္ဂ ဖွဲ့စည်းမှု ကျယ်ပြန့်လာသည်နှင့်အတူ ( ယင်းစာအုပ်ရေးသားချိန် အခြေအနေ) ဒေသဆိုင်ရာ အုပ်ချုပ်ရေး တိုးမြှင့်လိုစိတ် အဖြစ်သာ တည်ရှိနေနိုင်တော့သည်။ စာကေးရှန်း အမျိုးသားရေး ဝါဒမှာမူ တက်လိုက်၊ ကျလိုက် ဖြစ်နေသည်။ ၁၈၆၀ ခုနစ်များတွင် ကျရှုံးခဲ့ပြီး ၁၉၁၇ ခုနစ်တွင် ခဏတာ ပေါ်ထွက်လာကာ ၁၉၉၀ ပြည့်လွန်နှစ် များတွင် ပြန်လည် ကျဆုံးခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ စာကေးရှန်း ဒိုင်ယာစပိုရာများကြား စာကေးရှန်းဖြစ်မှု ဆိုသည့် အယူအဆ တစ်ရပ်၊ ငါတို့လူ့အဖွဲ့အစည်း ဆိုသည့် ခံစားမှု တစ်ရပ် အဖြစ် ရပ်တည်နိုင်လျက်ရှိ သည်။

ယင်းသို့သော အရှုံးသမား အမျိုးသားရေး ဝါဒများကို လေ့လာခြင်းဖြင့် အကျိုးအမြတ် ၄ ရပ် ရရှိနိုင်သည်။   အမျိုးအစား ခွဲခြားမှု များထက် ဘာကြောင့် ဘယ်လို ဖြစ်ရသည် ဆိုသည့် ဆက်နွယ်မှုကို အာရုံစိုက် နိုင်မှုသည် ပထမဆုံးသော အကျိုးအမြတ်ဖြစ်သည်။ အမျိုးသားရေး ဝါဒ တစ်ရပ် ကျရှုံးရခြင်းကို အချိန်ကာလ နှင့် ချိတ်ဆက်ဖော်ပြခြင်း၊ ထူးခြားသည့် အကြောင်းတရားများဖြင့် ပြသခြင်းဖြင့် အမျိုးသားရေး ဝါဒများကို အုပ်စုခွဲမှု  သက်သက်ထက် ကြောင်းဆိုးဆက်နွယ်မှုကို ပြသနိုင်ပေမည်။ ( နိုင်ငံသားဖြစ်မှု ပေါ် အခြေခံသည့် အမျိုးသားရေး ဝါဒ ၊ တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည့် အမျိုးသားရေး ဝါဒ စသည်ဖြင့် ခွဲခြားမှု )

ဒုတိယ အချက် အနေနှင့် အုပ်စုဖွဲ့မှု ပုံစံ အမျိုးမျိုးကို အာရုံစိုက်နိုင်မည်ဖြစ်သည်။ အမျိုးသားရေး ဝါဒ တစ်ရပ်သည် အုပ်စုဖွဲ့မှုပင်ဖြစ်သည်။ သို့သော်လည်း အတိတ်ကာလ တွင် အမျိုးသားရေး ဝါဒ တစ်ရပ်  ကိုင်စွဲခဲ့သည့် အုပ်စုဖွဲ့မှု ပုံစံများကို သွားရောက် လေ့လာမိခြင်းကြောင့် လက်ရှိတွင် ပေါ်နေသည့် အမျိုးသားရေး ဝါဒ အကြောင်း မသိနိုင်တော့ပေ။ ရှုံးနိမ့်မှုများကို လေ့လာခြင်းကြောင့် အမျိုးသားရေး ဝါဒ တစ်ရပ် ပေါ်ထွက်လာသည့် သမိုင်းဖြစ်စဉ်များကို အာရုံစိုက်စရာ မလိုတော့ပေ။ မည်သည့် အတွက် အုပ်စုဖွဲ့မှု ပုံစံ တစ်ရပ်သည် အခြားသော ပုံစံများကို လွှမ်းမိုးသွားသနည်း စသည့် မေးခွန်းများ နောက်ကို အာရုံစိုက်နိုင် မည်။

တတိယ အချက်အနေနှင့် အမျိုးသားရေး ဝါဒ ကို ၎င်းတွင် ပါဝင်စုဖွဲ့ထားသည့် အစိတ်အပိုင်းများ အတိုင်း အမျိုးမျိုး ပိုင်းခြား လေ့လာနိုင်မည်။ အိုင်ဒီရော်လော်ဂျီပိုင်း၊ လူမှု လှုပ်ရှားမှုပိုင်း၊ နိုင်ငံတည်ဆောက်မှုပိုင်း၊ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှုပိုင်း စသည်ဖြင့် အမျိုးသားရေး ဝါဒ တွင် အစိတ်အပိုင်း အသီးသီးရှိသည်။ ယင်းတို့တွင် သူ့အကြောင်း၊ သူ့အကျိုးနှင့် သူရှိနေသည်။ ယင်းအစိတ်အပိုင်း တစ်ခုခုကို လေ့လာနေသည့် ပညာရှင်များသည် အမျိုးသားရေး ဝါဒ တစ်ခုလုံးကို လေ့လာနေသည်ဟု မှားယွင်း ကြွေးကြော်လေ့ရှိသည်။ ဥပမာအားဖြင့် “အမျိုးသားရေး လှုပ်ရှားမှု” ဟု ခေါင်းစဉ်တပ်ထားသည့် လူမှု ဖြစ်စဉ်တစ်ရပ် သည် “ လူတန်းစား လှုပ်ရှားမှု” ဟု ခေါင်းစဉ်တပ်ထားသည့် အခြားသော လူမှု ဖြစ်စဉ် နှင့် ကွာခြားမှု ရှိသလား။ ရှိလျင်လည်း မည်သို့ မည်ပုံ ရှိသနည်း။ စသည့် မေးခွန်းများဖြစ်သည်။

နောက်ဆုံး အနေနှင့် ရှုံးနိမ့်မှု ကို လေ့လာခြင်းမှာ စိတ်ဓာတ်ကျဖွယ် လုပ်ငန်းပင်ဖြစ်သည်။  အရှုံးသမား အမျိုးသားရေး ဝါဒများတွင် စိတ်ညှိးနွမ်းဖွယ်၊ စိတ်ပျက်ဖွယ်၊ တစ်ခါတစ်ရံ ကိုးရိုးကားရားနိုင်ဖွယ်၊ ဝမ်းနည်းဖွယ် အဆုံးသတ်များရှိသည်။ သို့သော်လည်း ယင်းသည်ပင် ခေတ်သစ် အမျိုးသားရေး ဝါဒ ဇာတ်လမ်း၏ ဇာတ်ကွက် အချို့ပင်ဖြစ်သည်။

လေထဲတွင် တလူလူလွင့်နေသည့် ရောင်စုံအလံလေး တစ်ခုအတွက် မည်သည့်အတွက်ကြောင့် လူသားများ အသက်အသေခံကြသည်၊ ငိုကြွေးကြသည်၊ ရွင်မြူးကြသည်၊ လှောင်ပြောင်ကြသည် ဆိုခြင်းအပေါ် ကျွနိုပ်တို့၏ သိနားလည်မှုသည် အရှုံးသမား အမျိုးသားရေး ဝါဒများကို အလေးအနက်ထား လေ့လာခြင်းဖြင့် ပြီးပြည့်စုံ လာနိုင်မည်ဖြစ်သည်။

ပြီး။

ဘာသာပြန်ဆိုသူ-အောင်ငြိမ်းချမ်း

ကိုးကား- (1) Extreme Politics by Charles King Chapter 3 Loser Nationalisms, (2) Nationalist mobilization and the collapse of the Soviet State by Mark R. Beissinger Chapter 5 Tides and the failure of nationalist mobilization