Breaking News

ကိုဗစ်၁၉ ကို တွန်းလှန်ဖို့ တိုင်းပြည်မှာ ဘာလိုသလဲ


ကိုဗစ်၁၉ ကို တွန်းလှန်ဖို့ တိုင်းပြည်မှာ ဘာလိုသလဲ

(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၀

ကိုဗစ်ဆေးမပေါ်မီက ကာကွယ်ဆေးအမြန်ဆုံး ဖော်စပ်နိုင်ဖို့ အနည်းဆုံး ၄ နှစ် အချိန်ယူရပါတယ်။ ပါးချိတ်ယောင်နာ ကာကွယ်ဆေးကို ၄ နှစ်အတွင်း ဖော်နိုင်ခဲ့တယ်။ ကာကွယ်ဆေးအများစုမှာ ၁၀နှစ်လောက် အချိန်ယူပြီး သုတေသနလုပ်ရ စမ်းသပ်ရပါတယ်။ 

တနေ့ကတော့ အဲသည်လို မဟုတ်တော့။ ကိုဗစ်ပိုးကို ရှာတွေ့ပြီး ၁ နှစ်အကြာမှာ ကိုဗစ်ကာကွယ်ဆေးကို အမေရိကန်၊ နယူးယောက်၊ ကွင်းစ်မြို့နယ်က သူနာပြုအမျိုးသမီးကို ပထဦးဆုံး ထိုးပေးနိုင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီပြယုဂ်က သိပ္ပံ၏အံမခန်းအောင်မြင်မှုကို ပြနေပါတယ်။

သမိုင်းကို နောက်ကြောင်းပြန်ကြည့်ရင် သည်လိုမှတ်တိုင်မျိုးတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်၏ နည်းပညာပိုင်းဆိုင်ရာ ထူးခြားသော တီထွင်ဖန်တီးမှုတိုင်းဟာ ပုဂ္ဂလိကကဏ္ဍကနေ ထွက်ပေါ်ခဲ့တာ မဟုတ်ပါ။ အစိုးရနဲ့ အပြင်လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ကြခြင်းကနေ ပေါ်လာတဲ့ ရလဒ်တွေချည်းသာ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ် (ကာကွယ်ရေးဝန်ကြီးဌာန) က အင်တာနက်ကို တည်ဆောက်ခဲ့တယ်။ အစိုးရရဲ့ သုတေသနနဲ့ ဖွံဖြိုးမှုလုပ်ငန်းတွေက ထရန်စစ္စတာ၊ စီလီကွန်ချစ်၊ ရေဒါ၊ ဂျက်လေယျာဉ်၊ ဂြိုလ်တု၊ ခြေတုလက်တု၊ ပဋိဇီ၀ဆေး၊ တီဗီအပြားနဲ့ အခြားပစ္စည်းမျိူးစုံကို တီထွင်ဖန်တီးရာတွင် ဦးဆောင်လမ်းပြခဲ့ပါတယ်။ အဲသည်အကြောင်းကို စီးပွားရေးပညာရှင်များ ဖြစ်တဲ့ Jonathan Gruber နှင့် Simon Johnson ရဲ့ “ Jump-Starting America” (အမေရိကားကို အမြန်စက်နိုးခြင်း) စာအုပ်တွင်ဖော်ပြထားပါတယ်။

သူတို့ထောက်ပြတာကတော့ အခုသုံးနေတဲ့ ကွန်ပြူတာနဲ့ ပတ်သက်သမျှအရာတွေအားလုံးဟာ အစိုးရရဲ့ထောက်ပံ့မှုတွေနဲ့ အစပြုခဲ့ကြတာချည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသနလုပ်ငန်းဆိုတာက ငွေကုန်ကြေးကျ အလွန်များပြီး သေချာရေရာမှုကလည်း မရှိပါဘူး။ ပုဂ္ဂလိကလုပ်ငန်းတွေက ဒီလိုမျိုး မတတ်နိုင်ကြပါဘူး။ အနာဂတ်မှာ ဘယ်လိုထုတ်ကုန်မျိုး ဖြစ်ပေါ်လာမယ်ဆိုတာကို သုတေသနအလုပ်ကလည်း ကြိုမတွက်ဆနိုင်ပါဘူး။ စစ်တပ်က သုတေသနလုပ်ရင်း ရလဒ်အဖြစ် မိုက်ခရိုဝေ့အော်ဗင်ဖြစ်လာတာမျိုးကို ဘယ်မီးဖိုချောင် ပစ္စည်းထုတ်လုပ်ငန်းကမှ စိတ်ကူးယဉ်ဖူးခဲ့မှာ မဟုတ်ဘူး။ (ဖြည့်စာ - ဂြိုလ်တုကနေ ပဲ့ထိန်းစနစ် တီထွင်ရင်းနဲ့ အခု လူတွေလက်ထဲအသုံးများတဲ့ GPS လမ်းညွှန်ဆိုပြီး အသွင်ပြောင်းဖြစ်လာခဲ့တာလည်း ရှိပါတယ်)။

အခု ကာကွယ်ဆေးထုတ်နိုင်ပြီဖြစ်တဲ့ ဖိုင်ဇာနဲ့ မိုဒါနာတို့ကလည်း အစိုးရရဲ့ နှစ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံထားတဲ့ ဗိုင်းရပ်စ်ပိုးဆိုင်ရာ အချက်အလက်တွေ သုတေသနတွေကို အားကိုးပြီး လုပ်ခဲ့ကြရတာပါ။ ဒီအစိုးရသုတေသန အရင်းအနှီးတွေဟာ ဗိုင်းရပ်စ်ပိုးကို တုန့်ပြန်နိုင်ဖို့အတွက် ပင်မအခြေခံအရင်းအမြစ်တွေ ဖြစ်တယ်လို့ ကိုင်ဇာဆေးဘက်ဆိုင်ရာသတင်းတပုဒ်က ထောက်ပြပါတယ်။

အစိုးရရဲ့ အကူအညီ အထောက်အပံ့တွေက ဒီနှစ်မှာ အရှိန်တိုးပြီး ပိုရရှိခဲ့တယ်။ မိုဒါနာဆေးကုမ္မဏီကို အစိုးရက ကူငွေ ထုတ်ပေးတယ်။ ဘီလျံဒေါ်လာနဲ့ချီပြီး အကုန်ခံလို့ ကာကွယ်ဆေးထုတ်နိုင်တာ ဖြစ်ပါတယ်။ အတ္တလန်တိ သတင်းစာက အက်ဒ်ယန်း ပြောတာကတော့ - ဖိုင်ဇာဆေးကုမ္မဏီက အစိုးရအကူ တိုက်ရိုက်မယူခဲ့ပေမယ့် အစိုးရဆီက ဆေးဖိုးကြိုတင်ငွေ ၂ ဘီလျံဒေါ်လာဖိုး စာချုပ်ချုပ်ရယူခဲ့တာမျိုးတွေ ရှိပါတယ် တဲ့။

စာရေးသူရဲ့ မိတ်ဆွေ နီးလ်အာဝင်ရေးတာကတော့ - ကိုးဗစ်ကပ်ဆိုက်တဲ့ ၉ လ တာ ကာလအတွင်းမှာ အခုလိုခေတ်မီတဲ့တိုင်းပြည်အတွင်းမှာ အရင်းရှင်စနစ်သည်သာ အားကိုးရာ ကယ်တင်ရှင်ဖြစ်တယ် ဆိုတာပဲ တဲ့။ ဒါပေမယ့် အဲသည်အရင်းရှင်စနစ်ဆိုတာမှာ အစိုးရက စီးပွားရေးကို ကယ်ဖို့ အာဏာသုံးရတယ်၊ ဆုံးရှုံးမှုတွေကိုလည်း ပုခုံးနဲ့ ထမ်းပြီး ခံနိုင်ရည် ရှိပေးရတယ်။ ကိုဗစ်အရင်းရှင်ခေတ်မှာ သင်ခန်းစာကတော့ ကုမ္မဏီကြီးတွေ လိုအပ်သလို အစိုးရကြီးကြီးတွေလည်း လိုအပ်တယ်။ အပြန်အလှန် မှီခိုနေရတယ်။

ကိုဗစ်အလွန်ခေတ်အတွက် ပြင်ဆင်ရမယ့် သင်ခန်းစာက ဘာဖြစ်လဲ။ အကြီးကျယ်ဆုံးစိန်ခေါ်မှုက - ရာသီဥတုပြောင်းလဲမှုကို တုန့်ပြန်နိုင်ဖို့အတွက် အစိုးရအခမ်းကဏ္ဍကော ပုဂ္ဂလိက၏ ပတ်သက်မှုတွေ ပေါင်းစပ်နိုင်ဖို့ ဖြစ်ပါတယ်။

သို့သော် - စာအုပ်မှာ Gruber နှင့် Johnson တို့ ထောက်ပြထားတာကတော့ အခုအချိန်မှာ အမေရိကန်အစိုးရ၏ သုတေသနအပေါ် ရင်းနှီးမြုတ်နှံသုံးစွဲခြင်းဖြင့် အမေရိကန်စီးပွားရေးကို အားပေးနေခြင်းသည် အားအနည်းဆုံး ကာလဖြစ်နေပါတယ်။ ကိုဗစ်အရေးအတွက် မြုတ်နှံပေးချက်တခုသာလျင် ခြွင်းချက်ဖြစ်ပါတယ်။ သည်အတိုင်းဆက်သွားနေလို့ကတော့ စွန့်ဦးတီထွင်တိုင်းပြည်အဖြစ် တွင်ကျယ်နေခဲ့တဲ့အမေရိကန်ဆိုတာ နောင်အနာဂတ်မှာ ဆက်ရှိနေဖို့ သိပ်မသေချာတော့ပါဘူး တဲ့။

(နယူးယောက်တိုင်းသတင်းစာ၏ မနေ့ကအာဘော်ကို ကိုးကားပြီး ရေးပါတယ်)