စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ၂ နှစ်အကြာ
မြန်မာနွေဦးခရိုနီကယ် - မေ ၁၅ မြင်ကွင်း
(မိုးမခ) မေ ၁၆ ၊ ၂၀၂၆
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ၂ နှစ်အကြာ
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ၃ လ ကျော်အကြာ ၂၀၂၄ နှစ်ဆန်း ဖေဖော်ဝါရီလမှာ လူအများ မမျှော်လင့်ထားတဲ့ စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာချက် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့သူက ရှစ်လေးလုံးအရေးတော်ပုံပြီးနောက် နိုင်ငံကို နှစ်ပေါင်း ၂၀ ဝန်းကျင် အုပ်ချုပ်ခဲ့တဲ့ နအဖအစိုးရ ခေါင်းဆောင် သန်းရွှေ ဖြစ်ပြီး စစ်အစိုးရကနေ အရပ်သားအစိုးရ အသွင်ပြောင်းမှု ကြိုတင်ပြင်ဆင်မှု ဖြစ်စဥ်တွေထဲက တခုအဖြစ် ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ တရားဝင် အခေါ်အဝေါ်အရ ပြည်သူ့စစ်မှုထမ်း ဥပဒေလို့ ခေါ်ဆိုတဲ့ ဒီဥပဒေကို ၂၀၁၀ ခုနှစ်မှာ နအဖ ဥက္ကဋ္ဌအနေနဲ့ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပေမဲ့ အသက်မဝင်သေးဘဲ ဥပဒေအဖြစ်သာ တည်ရှိခဲ့ရာက ၁၄ နှစ်အကြာ ပြည်တွင်းစစ် အရှိန်အမြင့်ဆုံးကာလတွေမှာ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ဥပဒေ စတင်အသက်ဝင်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၇၀ ကျော်ကြာလာသည့်တိုင် မြန်မာနိုင်ငံမှာ အရွယ်ရောက်သူ လူငယ်တွေ စစ်မှုမထမ်းမနေရ ဥပဒေကို တကြိမ်တခါမျှ အသက်မသွင်းဖူးသေးပါဘူး။ ၁၉၄၉-၁၉၅၂ ပြည်တွင်းစစ်ကာလ အတွင်းမှာရော အဲဒီနောက် ဆယ်စုနှစ်တွေ ကြာရှည်လာတဲ့ ပြည်တွင်းစစ်ကာလတွေမှာပါ တကြိမ်တခါမျှ ပြဋ္ဌာန်း/အသက်သွင်းတာ မလုပ်ခဲ့ဖူးပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အရှိန်ကောင်းစွာနဲ့ ထွက်ပေါ်လာတဲ့ ပြည်တွင်းစစ်အတွင်းမှာ စတင် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ နှစ်အနည်းငယ်အလို၊ ၁၉၄၅ ခုနှစ် စက်တင်ဘာလမှာ ဗြိတိသျှ ကိုလိုနီအစိုးရလက်အောက်က မြန်မာ့တပ်မတော်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်း လွတ်လပ်ရေးလှုပ်ရှားမှုကနေ ပေါ်ထွက်လာတဲ့ မျိုးချစ်တပ်မတော်တို့ ဘယ်လို ပူးပေါင်းမလဲဆိုတာ အတွက် ဗြိတိသျှ နယ်ချဲ့အစိုးရဘက်က တောင်အာရှ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နဲ့ မြန်မာလွတ်လပ်ရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လက်ယျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်မောင်မောင်၊ စောဘဦးကြီး ၊ ဦးဘဖေ တို့ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ကန္ဒီသဘောတူညီမှုကို မြန်မာဘက်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဗြိတိသျှ နယ်ချဲ့အစိုးရရဲ့ အမြဲတမ်းမြန်မာ့တပ်မတော်မှာတော့ ဗမာသေနတ်ကိုင်တပ်ရင်းလို့ ခေါ်ဆိုတဲ့ Burma Riffles သာမက ကရင်၊ ကချင်၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ရင်းတွေပါ ဖွဲ့စည်းထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လက်နက်ကိုင် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ပေါ်ထွက်လာတဲ့ BIA/BDA/PBA စတဲ့အမည်တွေနဲ့ ခေတ်ကာလအလျောက်အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ဗမာ့တပ်မတော်တို့ ပေါင်းစည်းပြီး လွတ်လပ်ရေး ရပြီးနောက်မှာ မြန်မာ့တပ်မတော်အဖြစ် ဆက်လက် ဖွဲ့စည်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ကာလတွေ တလျှောက်လုံး စစ်မှုမထမ်းမနေရ ဥပဒေမျိုး တကြိမ် တခါမှ ပြဋ္ဌာန်းကျင့်သုံးဖို့ မလိုအပ်ခဲ့ပဲ အခုလတ်တလော ပြည်တွင်းစစ်ကာလမှာမှ စတင်ကျင့်သုံးလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုမရှိသေးဘဲ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့ နိုင်ငံလိုမျိုးမှာ စစ်မှုထမ်းခြင်းက အလုပ်အကိုင် အခွင့်အလမ်းတခုအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အခြားဒေသတွေထက် ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသတွေက တိုင်းရင်းသားလူငယ်တွေအဖို့ အရွယ်ရောက်လာတဲ့အခါ စစ်တပ်ထဲ ဝင်ခြင်းက အလုပ်အကိုင် အခွင့်အလမ်းတခုသဖွယ် ဖြစ်နေခဲ့တာပါ။ ပြည်တွင်းစစ် နှစ် ၇၀ ကျော်ကာလအတွင်း လက်နက်ကိုင် တော်လှန်ရေးတပ်တွေရှိတဲ့ တိုင်းရင်းသား လူမျိုးအချို့ကို အရာရှိ သင်တန်းဝင်ခွင့်နဲ့ တပ်သားသစ်အဖြစ် စုဆောင်းရာမှာ ကန့်သတ်ချက်၊ ခွဲခြားသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိပေမဲ့ ဆယ်စုနှစ်အတန်ကြာ တော်လှန်ရေး လက်နက်ကိုင်လှုပ်ရှားမှု မရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်တဲ့ ရခိုင်၊ ချင်းတို့လို တိုင်းရင်းသား အများအပြား မြန်မာစစ်တပ်ထဲမှာ ဝင်ရောက်အမှုထမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဖဆပလ အစိုးရခေတ်နောက်ပိုင်းမှာ မြန်မာစစ်တပ်ထဲမှာ ကိုလိုနီခေတ်ကလို တိုင်းရင်းသားလက်နက်ကိုင်တပ်ရင်းတွေ သီးသန့်မရှိကြတော့ပါဘူး။
တငွေ့ငွေ့လောင်နေတဲ့ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားတဲ့ မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းဖို့ ၂၀၂၄ ခုနှစ်ကျမှ ဖြစ်ပေါ်လာခဲ့ရာက အခု ၂ နှစ်အကြာကာလမှာ ပြန်သုံးသပ်ကြည့်ရာမှာ စစ်အစိုးရအဖို့ အကျိုးအမြတ် အများကြီး ရခဲ့တာတွေ့ရပါတယ်။ တလကို စစ်သားသစ် အကြမ်းဖျင်း ၅၀၀၀ နှုန်းနဲ့ စုဆောင်းခဲ့ရာမှာ ၂ နှစ်အတွင်း ၁ သိန်းကျော် စုဆောင်းနိုင်ခဲ့ပြီး ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်နေရတဲ့ စစ်မျက်နှာတွေကို လအနည်းငယ်အကြာ သင်တန်းတက်ရောက်ခဲ့သူတွေ ပို့ဆောင်ခံရကာ ပြည်တွင်းစစ်ပွဲရဲ့ စစ်မျက်နှာတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ကြရတာ ဖြစ်ပါတယ်။
ဒီဥပဒေ အသက်သွင်းတယ်ဆိုတဲ့ စတင်ခါစမှာ တွေးကြသလို စစ်မှုမထမ်းမနေရ ဆွဲခေါ်ခံရပြီးနောက် သင်တန်းဆင်း တပ်သားတွေ အနေနဲ့ သေနတ်ပြောင်းကို စစ်အာဏာရှင် အမိန့်ပေးသူတွေဘက် လှည့်ဖို့ ဆိုတဲ့ အတွေးက လက်တွေ့မှာ ဖြစ်နိုင်ခြေနည်းပါးမှန်း တွေ့လာကြရပါတယ်။ နောက် ရွေးချယ်စရာတခုက သင်တန်းဆင်းပြီးနောက် စစ်မြေပြင်ရောက်တဲ့အခါ လက်နက်ယူဆောင်ပြီး တော်လှန်ရေးအင်အားစုတွေဘက်ကို ကူးပြောင်းခိုလှုံဖို့ ဆိုတဲ့ လှုံ့ဆော်ချက် ဖြစ်ပါတယ်။
ဒီအယူအဆ၊ လှုံ့ဆော်မှုက ပထမ အယူအဆထက် ပိုပြီးလက်တွေ့ကျနိုင်ခြေရှိပြီး ပမာဏ အတိုင်းအတာတခုထိ လက်နက်ယူဆောင်ကာ တော်လှန်ရေးအင်အားစုတွေဘက် ခိုဝင်လာကြတာတွေ ရှိတာတွေ့ရပါတယ်။ သို့ပေမဲ့ နောက်ပိုင်းမှာ အဲဒီလို အဖြစ်အပျက်တွေ နည်းပါးလာတာတွေ့ရပါတယ်။
စစ်မှုမထမ်း မနေရ ဥပဒေအသက်သွင်းတဲ့ အာဏာရှင်စစ်အစိုးရ အနေနဲ့ ၄င်းတို့ လိုအပ်နေတဲ့ တပ်သားသစ်အင်အား ဖြည့်ဆည်းမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကောက်ချက်ချလိမ့်မှာ ဖြစ်ပါတယ်။
ဒီ ဥပဒေ အသက်သွင်းခြင်းကြောင့် သက်ရောက်မှုတွေ ဘက်ကိုကြည့်ရင် စီးပွားရေး၊ ပညာရေး၊ လုပ်သားအင်အားရှားပါးမှု၊ ပြည်ပကို ဖြစ်တဲ့နည်းနဲ့ ထွက်ခွာကြဖို့ ဆိုတဲ့ အကျိုးဆက်တွေ နယ်ပယ် အသီးသီးမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ စစ်မှုထမ်း စုဆောင်းမှုကို အကြောင်းပြပြီး စစ်တပ် ထောက်ခံသူ၊ အုပ်ချုပ်ရေးနဲ့ သတင်းပေးတွေက လူငယ်တွေကို ပြန်ပေးဆွဲတာ၊ စစ်မှုထမ်းစုဆောင်းရေး ယန္တရားမှာ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေထဲက သူတွေအဖို့ များပြားတဲ့ ငွေပမာဏကို လာဘ်ယူပြီး ပြန်လွှတ်ပေးတာ၊ အစားထိုးတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာ တွေ့ကြရပါတယ်။
စီးပွားရေး လုပ်ငန်းတွေ၊ အခြေခံစိုက်ပျိုးရေး နယ်ပယ်တွေ နဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ လူငယ်တွေ တဖြည်းဖြည်းနဲ့ လျော့နည်းလာနေပြီး ပြည်ပကို ဖြစ်တဲ့နည်းနဲ့ ထွက်ခွာမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍက ကမောက်ကမ ဖြစ်လာနေတဲ့ အနေအထားဖြစ်ပါတယ်။
ပြည်တွင်းစစ် ဆက်လက်အရှိန်မြင့်နေသေးသရွေ့ အာဏာသိမ်းစစ်တပ်က စစ်မှုမထမ်း မနေရ ဥပဒေကို ဆက်လက် အကောင်အထည်ဖော်နေဦးမှာ ဖြစ်ပြီး ပြည်ပကို မထွက်ခွာနိုင်သူတွေ၊ ကျောထောက်နောက်ခံမရှိသူတွေ တနေရာ၊ တမြို့ကနေ တမြို့ ရွှေ့ပြောင်းနေထိုင်ဖို့ ငွေကြေးအင်အား မရှိသူတွေက အောက်ဆုံးအလွှာမှာ အဆိုးဆုံးခံစားနေကြရမဲ့ အနေအထားမျိုးဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar