Breaking News

နန္ဒအောင် - မြန်မာ့ စာနယ်ဇင်း သမိုင်းကိုဖော်ပြနေတဲ့ ပြည်သူတို့၏ စကားပြန် ( ၅ ) နိဂုံးပိုင်း

 

မြန်မာ့ စာနယ်ဇင်း သမိုင်းကိုဖော်ပြနေတဲ့ 

ပြည်သူတို့၏ စကားပြန် ( ၅ ) နိဂုံးပိုင်း

နန္ဒအောင်

(မိုးမခ) မေ ၁၆၊ ၂၀၂၆ 


ပြည်သူတို့၏ စကားပြန် စာအုပ်ကို ဖတ်ရတာ ကျွန်တော်တို့ မမှီလိုက်ရတဲ့ သတင်းစာ ခေတ်ကောင်း၊ စာနယ်ဇင်း ခေတ်ကောင်းကို တွေ့မြင်လိုက်ရသလိုပါပဲ။ သတင်းစာနဲ့ မျက်နှာသစ်တဲ့ ခေတ်ကြီးဟာ ဘာလိုလိုနဲ့ အတော်ဝေးကွာ လာခဲ့ပြီပဲ။ သတင်းစာဖတ် ပရိသတ်အပေါ်  ဩဇာကြီးမားတဲ့ သတင်းစာတိုက်ကြီးတွေလည်း အတော့်ကို လွမ်းစရာတွေပါ။

အရင်ခေတ်က ပေါများခဲ့တဲ့ သတင်းထောက်၊ သတင်းဆောင်းပါးရှင်၊ သတင်း အယ်ဒီတာ၊ သတင်းစာတိုက်ကြီးတွေ ဘယ်ရောက်ကုန်ကြပြီလဲ။ အရည်အတွက်တင် ပေါများတာလား၊ မဟုတ်ပါ အရည်အသွေးပါ ပေါများတာပါ။ ပြည်သူတို့၏ စကားပြန် စာအုပ်ထဲမှာပါတဲ့ သတင်းစာ ဖတ်လိုအားနဲ့ သတင်းစာ ထုတ်ဝေနိုင်မှုစွမ်းအားမှာ သတင်းစာဖတ်လိုအားက များနေတာကို ကြည့်ယုံနဲ့ အရင်ခေတ် သတင်းစာစောင်တွေ
ရဲ့ အရည်အသွေးကို အကဲခတ်မိကြမှာပါ။

ပြည်သူတို့၏ စကားပြန် စာအုပ်ထဲမှာ ကျွန်တော် အကြိုက်တွေ့ဆုံး ဆောင်းပါးကတော့ စာရေးဆရာ၊ သတင်းစာ ဆရာမကြီး လူထုဒေါ်အမာရဲ့ “ သတင်းစာဟောင်း ဂျာနယ်ဟောင်း ” ဆိုတဲ့ ဆောင်းပါးပါ။ လူထုဒေါ်အမာရဲ့ ဆောင်းပါးဟာ အသေအချာ ဖတ်မှတ်လေ့လာပြီး လိုက်နာရေးသားရမယ့် ဆောင်းပါးလို့ ပြောချင်ပါတယ်။

သတင်းစာဟောင်း၊ ဂျာနယ်ဟောင်းတွေ အရေးပါပုံကို လူထုဒေါ်အမာက ဒီလိုရေးပါတယ်။

‘ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည် ဖော်ထုတ်တဲ့အခါ ဒါတွေက သိပ်အသုံးကျတာ မဟုတ်လား။ အကြောင်းအရာ တစုံတခုကို ကိုယ်ကပြောချင်တယ်ဆိုရင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်နေ့ထုတ် ဘယ်သတင်းစာက ဘယ်လိုရေးသားဖေါ်ပြတယ်ဆိုတာကို
များ ဆွဲထုတ်ပီး ကိုးကားပြနိုင်တယ်ဆိုရင် ကိုယ်ပြောလိုတဲ့ အကြောင်းအရာက အပုံကြီးခိုင်မာတောင့်တင်း သွားတော့တာကိုး။ ဒါကြောင့် တတ်နိုင်ရင် သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း၊ မဂ္ဂဇင်းဟောင်းတွေကို သိမ်းကြရတယ်။ ပိုးမထိုးခြမကိုက်အောင်လဲ အတတ်နိုင်ဆုံး စောင့်ရှောက်နေကြပါတယ်။ ’ ( စာမျက်နှာ - ၄၆ မှ )

ဒါက အချက်အလက်ပိုင်း ဆိုင်ရာ အရေးပါပုံကို ရေးပြထားတာပါ။ ကိုယ်ရေးလိုတဲ့ အကြောင်းအရာအတွက် အချက်အလက်တွေကို သတင်းစာဟောင်း၊ ဂျာနယ်ဟောင်းတွေဆီကနေ ရနိုင်ပါတယ်။ သတင်းစာဟောင်း၊ ဂျာနယ်ဟောင်းတွေက အသုံးဝင်ပေမယ့် တန်ဖိုးရှိရှိ အသုံးချနိုင်အောင် လူထုဒေါ်အမာက အခုလို သတိပေး ရေးသွားပါတယ်။

‘ ဒီလို အဖိုးတန် အသုံးဝင်ရာမှာ တခုတော့ သတိထားရပါတယ်။ ကိုယ်သုံးတဲ့ သတင်းပါတဲ့ သတင်းစာဂျာနယ် မဂ္ဂဇင်းဟာ ဘယ်လို အမျိုးအစားထဲက ဖြစ်တယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ကလဲ သတိထားဘို့လိုတယ်။ အထူးသဖြင့် ကိုယ်ကပြန်ပီး အသုံးချမယ်၊ အကိုးအကားပြုမယ်ဆိုရင်ပေါ့။ ဒါမှလဲကိုယ့်အကိုးအကားဟာ လေးနက်မှုရှိပါတယ်။

ဒီလိုမှ မဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင်က ဒီစာနယ်ဇင်း အဟောင်းဟာ ဘယ်အရည်အသွေးရှိတယ်ဆိုတာ မသိဘဲ သုံးရင် ကိုယ့်စာဟာ တန်ဖိုးတက်သင့်သလောက် မတက်ဘူး။ သိတော့သိတယ် ဒါပေမဲ့ မဖေါ်ပြဘဲ သုံးတယ်ဆိုရင်လဲ ရိုးသားမှုမရှိတဲ့ အနေအထားမို့ မလုပ်သင့်မလုပ်အပ်ဘူး။ ဒီစကားကို ရှင်းပါအုံးမယ်။

ပါလီမန် ဒီမိုကရေစီခေါ်တဲ့ အရင်းရှင် ဒီမိုကရေစီခေတ် ဗြိတိသျှ ကျွန်ဘဝခေတ်တွေတုန်းက သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေဆိုတာ အသွေးအရောင်အမျိုးမျိုးနဲ့ ထုတ်ဝေကြတာဖြစ်တယ်။ ပါလီမန် ဒီမိုကရေစီက အလုပ်သမားတွေကို တကယ်ကိုယ်စားပြုတဲ့ လက်ဝဲပါတီမျိုးကို တရားဝင် ရပ်တည်ခွင့်‌မပေးပေမဲ့၊ အရင်းရှင် ကိုယ်စားပြု၊ မြေရှင်ကိုယ်စားပြု ပါတီတွေကိုတော့ ဆိုင်းဘုတ်အမျိုးမျိုးနဲ့ ဘယ်နှစ်ပါတီဘဲဖွဲ့ဖွဲ့၊ ဘယ်နှစ်မျိုးဘဲပေါ်ပေါ် ထွက်ပေါ် ရပ်တည်ခွင့်ပေးပါတယ်။ ဒါတွေအတွက် ဝါဒဖြန့်စရာလဲ စာနယ်ဇင်း အမျိုးမျိုးကို လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ရှိပါတယ်။ ’ ( စာမျက်နှာ ၄၆ - ၄၇ မှ )

တချို့ သတင်းစာတိုက်တွေဟာ သတင်းစာတိုက် ပိုင်ရှင်အပေါ် မူတည်ပြီး သတင်းစာရဲ့ မူဝါဒ၊ အာဘော်ဟာ ပြောင်းလဲတတ်ပါတယ်။  တချို့ သတင်းစာစောင်တွေကတော့ ဝါဒဖြန့်ချိယုံသက်သက်သာ ရပ်တည်နေယုံပါ။ သတင်းစာဖတ် ပရိသတ်တွေရဲ့ အမြင်ကို လှည့်စားဖျက်ဆီးဖို့အတွက် ကြိုးပမ်းထားကြတာတွေပါ။ အမေ လူထုဒေါ်အမာကတော့ တိုက်ပိုင်ရှင်အပေါ် မူတည်တဲ့ ဝါဒအပြောင်းအလဲ၊ ဝါဒဖြန့်ချိယုံသက်သက် အကြောင်းအရာတွေကို အသေအချာ သတိပေး ရေးခဲ့တာပါ။ 

‘ အဲဒီလို အသုံးချရအောင်၊ ဒီလိုနာမည်ခံ သတင်းစာလေးတွေ ထုတ်ဝေကြတာ ဖြစ်တယ်။ ဒါကြောင့် ဟိုခေတ်ကဆိုရင် သတင်းစာတချို့က ထွက်နေတယ်ဆိုရုံ၊ သတင်းစာတစောင်လို့သာ ဆိုရတယ်၊ တနေ့မှစောင်ရေ ၃၀၀ နဲ့ ၅၀၀ ကြားသာ ရိုက်နှိပ်နေတာမျိုးလဲရှိတယ်

ဒါလောက်စောင်ရေနဲ့ဟာ စီးပွားရေးအရ ရပ်တည်နိုင်သလားလို့ အဲဒီခေတ်ကို အသိမှီလိုက်သူများက မေးချင်လိမ့်မယ်။ အံ့ဩနေလိမ့်မယ်။ ရပ်တည်နေခဲ့ပါတယ်။ တချို့များ အဲဒီစောင်ရေမျိုးနဲ့ ၁၅ နှစ်၊ နှစ် ၂၀ ကြာအောင် ထုတ်ဝေနေတာတောင် ရှိပါတယ်လို့ ဖြေကြားပါမယ်။ ’ ( စာမျက်နှာ - ၄၈ မှ )

သတင်းစာ ဆရာမကြီး လူထုဒေါ်အမာရဲ့ အရေးအသားဟာ သတိပြုဆင်ခြင်ပြီး ဖတ်ရမယ့် အရေးအသားမျိုးပါ။ ဒီနေ့ခေတ်လို  သတင်းတု၊ သတင်းမှားတွေ ပေါများပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ မှိုလိုပေါက်‌နေတဲ့  သတင်းမီဒီယာအမည်ခံတွေလည်း အများကြီးရှိနေတဲ့ ကာလကြီးထဲမှာ လူထုဒေါ်အမာရဲ့ အရေးအသားဟာ အတော်တန်ဖိုးရှိပါတယ်။ လူထုဒေါ်အမာကတော့ ဝါဒဖြန့်ချိယုံ နာမည်ခံ သတင်းစာတွေမှာ ‘ လူရိုသေ ရှင်ရိုသေ ကလောင်မျိုးတွေက ဒီလိုသတင်းစာတွေမှာ  မရေးကြဘူး၊  အဆင့်အတန်း မမှီလို့ ဘယ်ကမှ လက်မခံတဲ့ ဆောင်းပါးမျိုးပဲ ပါပါတယ် ’ လို့ ရေးသားထားပါတယ်။

သူရိယ သတင်းစာဆိုရင် စာဖတ်ပရိသတ်အပေါ် ဩဇာကြီးမားတဲ့ သတင်းစာ တစ်စောင်ပါ။ သက်တမ်းလည်း ရှည်တယ်။ သက်တမ်းရှည်သလောက် သတင်းစာရဲ့ မူဝါဒကလည်း တသမတ်တည်း မဟုတ်ဘဲ၊  မူဝါဒတွေ ပြောင်းလဲသွားတတ်တယ်။ ဒါကြောင့်လည်း လူထုဒေါ်အမာက ကိုယ်အသုံးချမယ့် သတင်းစာ၊ ဂျာနယ်ရဲ့ အရည်အသွေးကို သတိထားဖို့ လိုတယ်လို့ မှာကြားရေးသားခဲ့တာပါ။ သူရိယ သတင်းစာရဲ့ ပေါ်လစီမူဝါဒအပြောင်းအလဲ အကြောင်းကို လူထုဒေါ်အမာရဲ့ ဆောင်းပါးထဲကပဲ ကောက်နှုတ်ဖော်ပြပါ့မယ်။

‘ ဥပမာဆိုပါတော့ သူရိယသတင်းစာကြီး။ သက်တမ်းဟာ အနှစ် ၃၀ ကျော် ၄၀ နီးပါးရှည်ခဲ့တယ်၊ ပြည်သူကြားမှာ ဩဇာကြီးခဲ့တယ်၊ နို့ပေမဲ့ သူရိယသတင်းစာထဲမှာပါတဲ့ သတင်းကိုဖြစ်စေ၊ ခေါင်းကြီးကိုဖြစ်စေ၊ ဆောင်းပါးကိုဖြစ်စေ ကိုးကားဖေါ်ပြချင်တယ်ဆိုရင်ဖြင့်
ခုနှစ်သဣရာဇ်ကိုသာမက သူရိယသတင်းစာက ဘယ်ပေါ်လစီကို ကိုင်စွဲနေချိန်မှာဖြစ်တယ်ဆိုတာကိုပါ ဖေါ်ပြထိုက်ပါတယ်။

သူရိယ သတင်းစာဟာ ၁၉၁၁ ခုက စထွက်တယ်။ ၁၀ နှစ် ၁၁ နှစ်ကြာ ဝိုင်အိမ်ဘီအေ၊ ဂျီစီဘီအေတို့ရဲ့ ဝါဒ၊ အမျိုးသားလွတ်လပ်ရေးကို ကိုင်စွဲတယ်။ တိုင်းရင်းသား ပညာတတ် လူတန်းစားရဲ့အမြင်ကို ထင်ဟပ်တယ်။ နောက်ဂျီစီဘီအေ ၂ ခြမ်းကွဲပီး ၂၁ ဦး ဒိုင်အာခီကို လက်ခံတဲ့အချိန်၊ သူရိယကို အုပ်စီးတဲ့ ဦးဘဖေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ ၂၁ ဦး ခေါင်းဆောင်ကြီးတွေ ဖြစ်သွားတဲ့အချိန်မှာ သူရိယဟာ ဗြိတိသျှကိုလိုနီသမားနဲ့ လက်တွဲရေး
‘ ပူးသတ် ’ ဝါဒကိုကိုင်စွဲခဲ့တယ်။ ဂျီစီဘီအေတခြမ်းကို ဆန့်ကျင်တယ်။ ၁၉၃၀ ခုနှစ်ကလွန်တော့ ဦးဘဖေကြီးက သွေးသစ်လောင်းပါသော်ကောလို့ ဦးစောကို လက်သပ်မွေးလာတယ်။ အကြံကြီးလှတဲ့ ဦးစောက ဦးဘဖေရဲ့ မြှောက်စားချက်ကို အခွင့်ကောင်းယူပီး ဦးဘဖေကြီးကို ငြမ်းသဘွယ်အသုံးချတယ်။ သူရိယကို အပိုင်စီးတယ်။ သူအာဏာရရေးအတွက် လုံးလုံးအသုံးချတယ်။ ဒီအချိန်မှာ သူရိယဟာ တိုးတက်တဲ့ လူငယ်များ ဆန့်ကျင်ရေး သတင်းစာလုံးလုံး ဖြစ်လာတယ်။

ဒါကြောင့် သတင်းစာတစောင်တောင်မှ အချိန်အခါအလိုက်ထားရှိတဲ့ ပေါ်လစီ အပြောင်းအလဲတွေရှိနေတာမို့ နောက်လူတွေက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးများအတွက် သတင်းစာဟောင်းတွေကို ပြန်လည်ကိုးကားဖော်ပြတယ်ဆိုရင် အဲဒီသတင်းစာတွေဟာ ဘယ်သူတွေက ဦးစီးထုတ်ဝေတဲ့ ဘာပေါ်လစီရှိတဲ့ သတင်းစာ၊ ပြည်သူကြားမှာ ဩဇာတိဣမ ဘယ်လောက်သာရှိတဲ့ သတင်းစာဆိုတာကိုပါသိမှ ကိုးကားသင့်တယ်။ ကိုးကားရာမှာလဲ အဲဒီသတင်းစာရဲ့ အရေအရောင်ကို ဖော်ပြသင့်ပါတယ်။

ဒီလို မဟုတ်ဘဲ သာမန်ဆွဲထုတ်သုံးရင်တော့ အကျိုးထက်အပြစ်ဖြစ်နိုင်တယ်။ သိရက်နဲ့ လုပ်ရင်လဲ မရိုးသားမှုကြီးလွန်းတယ်လို့ဘဲ ဆိုရပါလိမ့်မယ်။ ’ ( စာမျက်နှာ ၅၀ - ၅၁ မှ )

လူထုဒေါ်အမာက သူရိယ သတင်းစာ တစ်စောင်တည်းကိုပဲ ဥပမာအနေနဲ့ ရေးပြသွားပေမယ့် သုတေသနသမားတွေအတွက် အရေးပါတဲ့ ဆောင်းပါးဆိုတာ အသေအချာပါပဲ။ သုတေသနသမားတွေတင် မဟုတ်ဘဲ သတင်းသမားတွေလည်း လေ့လာဖတ်မှတ်သင့်ပါတယ်။

လူထုဒေါ်အမာကပဲ ‘ ဒါကြောင့် သတင်းစာသမိုင်းကို ရေးကြဘို့ ကြိုးစားမယ်၊ ပြန်လည်ဖေါ်ထုတ်မယ်ဆိုတဲ့ အခါမှာလဲ ဘယ်သတင်းစာက ဘယ်နိုင်ငံရေးပါတီအတွက် ဘယ်သူထောက်ပံ့တဲ့ ငွေကြေးနဲ့ ထွက်ပေါ်လာတာ၊ ဘယ်ဝါဒအတွက် ရေးသားတာဆိုတဲ့ သတင်းစာရဲ့ ရှင်သန်ရာ အသက်သွေးကြောကိုလဲ တိတိကျကျထုတ်ဖေါ်ဘို့လိုပါလိမ့်
မယ် ’ ( စာမျက်နှာ - ၅၁ မှ ) လို့ ရေးသားခဲ့တယ်။

သတင်းစာ တစ်စောင်ရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ၊ ပါဝင်ပတ်သက်သူတွေက ဘယ်သူတွေဆိုတာကို စာဖတ်ပရိသတ်အနေနဲ့ သိသင့်ပါတယ်။ ဒါမှလည်း သတင်းစာရဲ့ မူဝါဒကို သိပြီး ဒီသတင်းတစ်ပုဒ်ဟာ ဘယ်ပါတီ၊ ဘယ်လူမျိုး၊ ဘယ်လူတန်းစားကို ကိုယ်စားပြုတာလဲဆိုတာ ခန့်မှန်းကြည့်လို့ ရမှာပါ။ လူထု ဒေါ်အမာရဲ့ ဆောင်းပါးဟာ တန်ဖိုးရှိတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။  သူများရဲ့ အတွေးအခေါ်ကို တရား‌သေ တင်ကူးလက်မခံဘဲ ဘာလို့၊ ဘာကြောင့်ဆိုတဲ့ ဆင်ခြင်ခြင်းကို အခြေခံဖို့ အရေးကြီးကြောင်း တိုက်တွန်းထားတဲ့ သဘောမျိုးပါ။

အနှစ်ချုပ် ပြန်ပြောင်းရေးရရင် “ ပြည်သူတို့၏ စကားပြန် ” စာအုပ်ဟာ မြန်မာ့ စာနယ်ဇင်း သမိုင်းအချို့ကို ဖော်ပြနေတယ်ဆိုတာ အသေအချာပါပဲ။ သတင်းစာဖတ် ပရိသတ်ရဲ့ ဖတ်လိုအားကို တွေ့ရ၊ မြင်ရတာဟာ ဒီနေ့ခေတ် သတင်းတစ်ပုဒ်အပေါ် ယုံကြည်မှု လျော့နည်းလာတာနဲ့ ပြောင်းပြန်အချိုးကျပါတယ်။ သတင်းစာအသက် တစ်မနက်  ဆောင်ပုဒ်ကတော့ သဘောကျစရာပါ။ မနက် မိုးလင်းလို့ အိပ်ရာထ မျက်နှာသစ်ပြီး မနက်စာစားတဲ့အချိန်မှာ သတင်းစာ ဖတ်သင့်ပါတယ်။ ( တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ သတင်းစာမျိုးပေါ့ ။ ) မြန်မာ့ သတင်းစာ လောကမှာ ‘ စာအုပ်စင်ကဏ္ဍ ’ ဆိုတာ တစိုက်မတ်မတ် ရှိလာခဲ့တာကိုလည်း ‌အခိုင်အမာ တွေ့ရပါတယ်။ စာအုပ်ကဏ္ဍ၊ စာပေဝေဖန်ရေးတွေကြောင့် အတော်ပွဲဆူခဲ့ရတဲ့ ဆရာသိန်းဖေမြင့်ရဲ့ ပုံရိပ်တွေကိုလည်း တွေ့မြင်ဖတ်ခဲ့ရတယ်။

သတင်းစာတိုက်ကြီးတွေရဲ့ နောက်ကွယ်မှာ ရှိနေတတ်တဲ့ လက်မည်းကြီးတွေ‌အကြောင်းကို သတိထားကြည့်ဖို့ ဆင်ခြင်စရာလေးတွေလည်း အသိရခဲ့တယ်။ ကျွန်တော် ကိုးကား ရည်ညွှန်းရေးသားတဲ့ “ ပြည်သူတို့၏ စကားပြန် ” စာအုပ်ဟာ ၁၉၇၄ ဒီဇင်ဘာလထုတ် ပထမအကြိမ်မြောက် အုပ်ရေ ၃,၀၀၀  ပါ။ တန်ဖိုးကတော့ ‘ ခုနစ်ကျပ် ’ ပါ။ မျက်နှာဖုံး ပန်းချီကတော့ ‘ မောင်ဝင်းမောင် ’ ပါ။ အဖုံးရိုက်ကတော့ ‘ ကြီးပွားရေး ပုံနှိပ်တိုက် ’ ပါ။


ကျွန်တော် ရည်ညွှန်းရေးသားတဲ့ “ ပြည်သူတို့၏ စကားပြန် ” စာအုပ်အကြောင်းကို ဂူဂဲလ် ( Google ) မှာကော၊ ခုနောက်ပိုင်း ခေတ်စားလာတဲ့ Gemini မှာပါ ရှာဖွေကြည့်ပါသေးတယ်။ ဂူဂဲလ်မှာလည်း ရှာလို့မတွေ့၊ ဉာဏ်ရည်တု နာမည်ကြီး Gemini မှာလည်း အထပ်ထပ်အခါခါ အချက်အလက် အလွဲတွေ ပြန်ဖြေနေတာပဲ တွေ့ရပါတယ်။ ကျွန်တော် ကိုးကားတဲ့ စာအုပ်ဟာ ၁၉၇၄ ခုနှစ်ထုတ်  စာအုပ်ဆိုတော့ ဒီစာအုပ်ရဲ့ သက်တမ်းဟာ ၅၂ နှစ်ခန့် ရှိလာပါပြီ။ ပထအကြိမ် ထုတ်ပါ။ နောက်ထပ်အကြိမ်ရေမြောက်တွေ ထုတ်ဝေဖြစ်လား မသိရပါ။

နှစ်ပေါင်း ငါးဆယ်ကျော်လွန်လာတဲ့ ကာလတလျှောက်မှာ နောက်ထပ်အကြိမ်ရေမြောက်တွေ မထုတ်ဝေဖြစ်ရင် ‘ ပြည်သူတို့၏ စကားပြန် ’ စာအုပ်ဟာ စာဖတ်ပရိသတ်နဲ့ အဆက်အသွယ် ပြတ်သလို ဖြစ်နေမှာပါ။ ‌ပြည်သူတို့၏ စကားပြန် စာအုပ်ဟာ စာအုပ်စင်တွေဆီမှာ ရှိသင့်တဲ့ စာအုပ်မျိုးဆိုတာလည်း အသေအချာပါ။ သုတေသနသမားတိုင်းအတွက်လည်း လိုအပ်ပါတယ်။ ဒီလိုစာအုပ်မျိုးကို ပြန်လည်ထုတ်ဝေသင့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် “ ပြည်သူတို့၏ စကားပြန် ” စာအုပ်ကို စာပေမျိုးရိုး အစဉ်အလာကြီးမားတဲ့ ( ပထမအကြိမ်ထုတ်မှာလည်း အဖုံးရိုက်နှိပ်ပေးတဲ့ ) လူထုကြီးပွားရေး ပုံနှိပ်တိုက်ကဖြစ်ဖြစ်၊ စာအုပ်ကောင်းတွေ ထုတ်ဝေတဲ့ နာမည်ကောင်းရှိပြီးသား ‘ ရာပြည့်စာအုပ်တိုက် ’ က ဖြစ်ဖြစ်၊ ခုနောက်ပိုင်းခေတ်မှာ စာအုပ်ကောင်းတွေ ထုတ်ဝေနေတဲ့ ‘ စိတ်ကူးချိုချို’ က ဖြစ်ဖြစ် ပြန်လည် ထုတ်ဝေသင့်ပါတယ်။

( ပြီးပါပြီ )

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar