Breaking News

မောင်နောင်မွန် - မှိုင်းပျပျစိတ်ရနံ့

 
မှိုင်းပျပျစိတ်ရနံ့
မောင်နောင်မွန် -
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၀

မူးယစ်ရီဝေတဲ့ညတွေ၊ တိတ်ဆိတ်နေတာထက် လွှင့်မျောနေတာပိုတယ်ထင်မိတယ်။ ပထမကမ္ဘာစစ်အပြီးခေတ် ဘာမင်ဂမ်မြို့ပေါ်ကဂိုဏ်းစတားတွေအကြောင်းရိုက်ထားတဲ့ Peaky Blinders ဇာတ်လမ်းတွဲထဲက စစ်အတွင်းကစိတ်ဒဏ်ရာနဲ့ဇာတ်ဆောင်ပြောတဲ့ ဒိုင်ယာလောခ့်ကိုသတိရမိတယ်။

" ဘယ်သူကောင်ကင်ဘုံကိုတက်ချင်မှာလဲ၊ လူတွေကိုငရဲကိုလွယ်လွယ်ကူကူပို့ပေးလို့ရနေတဲ့ဟာ၊ ဘယ်သူကကောင်ကင်ဘုံကိုတက်ချင်မှာလဲ'' ဆိုတဲ့စကားနားထဲကြားတယ်။ အခန်းထဲမှာလူတွေက ရီဝေတဲ့အခိုးအငွေ့တွေနဲ့၊ ယစ်မူးနေတဲ့အရသာခါးခါးသက်သက်တွေနဲ့။ ပြီးတော့ တယောက်တပေါက်အော်ဟစ်ရင်း ပုလင်းတိုက်သံတွေနဲ့။

အဝါရောင်ခပ်ရင့်ရင့်ညနေခင်းတွေ ကုန်ဆုံးသွားတဲ့အခါ ဆေးဆိုးပန်းရိုက်အပြုံးတွေနဲ့ ညဉ့်ဦးယံတွေလမ်း လျှောက်ထွက်လာကြတယ်။ ဒါပါပဲ။ လွတ်လပ်နေတာလား၊ လေလွှင့်နေတာလားမသဲကွဲဘူး။ သေချာတာက တော့ အထီးကျန်ဆန်နေတာပဲ။ လက်ထဲမှာ အပေါစားမီးခြစ်နဲ့ ဆေးပေါ့လိပ်တလိပ်ပါတယ်။ ဦးတည်ချက်က ဘုံဆိုင်ကုပ်ကုပ်လေးဆီ။ ညီအကိုမသိတသိအချိန်တဲ့၊ ဘယ်သူများပြောခဲ့ပါလိမ့်၊ ကျနော်ဆီမှာတော့ ဘယ်သူကိုမှမသိနိုင်တော့ဘူး။ မူးယစ်ရီဝေနေတဲ့နွေဦးညနေတွေ၊ လေတိုးသံတွေနဲ့တောင်စကားပြောလို့ရနေပြီ။ ဒီလမ်းကျဉ်းလေးထဲက ဆိုင်ခန်းတွေဟာမီးရောင်မှိတ်စြပုနေပြီ။ လမ်းပေါ်မှာ ခွေးလေခွေးလွှင့်တကောင်တလေနဲ့ လူတွေရှင်းစပြုလာပြီ။ ဒါဆို ကျနော်သွားနေကြဘုံဆိုင်မှာလူတွေစည်နေပြီ။ ဒီနေ့တော့ကျနော်တယောက်တည်းပါပဲ။ အဖော်တွေမပါဘူး။ ထိုင်နေကြထောင့်ခုံလေးမှာထိုင်ပြီး မှာနေကြအဖြူလေးပဲမှာလိုက်တယ်။ ပြီးတော့ဆေးပေါ့လိပ်ကိုဖွာ အလကားလာချပေးတဲ့ မြေပဲဆားလှော်အမြည်းနဲ့ တယောက်တည်းထိုင်ငေးနေတော့တာပဲ။

တကယ်တော့အိမ်ပြေးဆိုတာက အိမ်ကိုလွမ်းနေသူတယောက်ပဲလေ။ ကျနော်နဲ့အတူဘုန်းကြီးကျောင်းထဲကပ်နေတဲ့သူ ၅ ယောက်ထဲက ၃ ယောက်က အိမ်ပြေးတွေပဲ။ ဘာလို့အိမ်ကထွက်ပြေးလာတယ်ဆိုတဲ့အကြောင်းပြချက်က မယ်မယ်ရရမရှိဘူး။ လွတ်လပ်မှုမရှိလို့ပဲကျနော်တို့ဖြေကြမယ်။ ဒါပါပဲ။ ဘာမှများများစားစားလိုချင်တဲ့ဘဝတော့မဟုတ်ပေမဲ့ လုပ်ချင်တာလုပ်နေရဖို့ပဲလေ။ အဲတော့ လုပ်ရဖို့အတွက် ကျနော်တို့တွေတိုက်ပွဲဝင်ခဲ့ကြရတယ်။ ဘာမှကြီးကြီးမားမားတိုက်ပွဲရယ်တော့မဟုတ်ပါဘူး။ အမေအဖေတွေအိပ်နေချိန် အိမ်ပေါ်ကနေ တိတ်တိတ်လေးခိုးထွက်လာခဲ့တာပဲ။ ကျနော်တို့ရဲ့ငယ်ဘဝမှာ ဆရာမြသန်းတင့်ဘာသာပြန်တဲ့ လေလွှင့်သူဝတ္ထုထဲက ဟိုးဒန်ကော့ဖီးလ်ကို အားကျခဲ့ရသူတွေလေ။ အိမ်ရဲ့ဟိုအဝေးကိုပြေးခဲ့ကြ၊ ရရစားစားနဲ့ကျော တနေရာစာအတွက် ဘုန်းကြီးကျောင်းတွေအားကိုးရနဲ့၊ ဘဝဆိုတာတိုက်ပွဲတဲ့၊ ဘာကိုတိုက်နေရမှန်းတော့မသိဘူး။ အိမ်ကနေပြေးထွက်လာကတည်းက ဝမ်းဗိုက်ကိုအရင်ဖြည့်ပေးနေရတယ်။ ခုတော့ ဘုန်းကျောင်းကဘဆရာတော်စွန့်တဲ့ဆွမ်းကျန်ကွမ်းကျန်လေးနဲ့အဆင်ပြေတာပေါ့။ မနက်ထတာနဲ့ လမ်းမပေါ် ထွက်ခဲ့ကြတာပဲ။ တခုခုကိုဆာလောင်မွတ်သိပ်ပြီးရှာဖွေနေတဲ့အနာဂတ်ရှိတဲ့သူတယောက်လို့ ဘေးလူတွေမြင်ရင်ထင်ချင်စရာရှိမယ်။ တကယ်တော့ဒီနေ့အတွက် ဂွင်(ခွင်)တခုကိုကြံဖန်ရှာဖွေနေတာပဲ။ နေ့ခင်းဘက်တွေ တွေ့ကရာအလုပ်တွေလုပ်၊ တွေ့ကရာအပေါင်းအဖော်တွေနဲ့ ဖတ်ခဲ့ဖူးတဲ့စာအုပ်ထဲက အကြောင်းအရာတွေကိုလေကြီးမိုးကြီးပြော၊ မသိရင် ကမ္ဘာကိုပြောင်းလဲနိုင်မဲ့ပညာရှင်ကို၊ တကယ့်အနုပညာမြောက်တဲ့ အနုပညာတခုခုကိုချပြနိုင်တော့မဲ့ ပါရမီရှင်လူငယ်လို၊ ဘာမှတော့ ရေရေရာရာမရှိပါဘူး၊ ဟိုစပ်စပ်ဒီစပ်စပ်တွေလျှောက်တွေးရင်း လျှောက်တို့ထိထားတာပဲ။ ''သိတာတွေအရမ်းများနေရင် နေရတာအဆင်ပြေမနေဘူး'' ဆိုတဲ့ အသိတယောက်ပြောဖူးတယ်။ အဲတော့ ကျနော်တို့ခမျာ ခံစားတတ်နေပြန်ရော၊ မြင်သမျှကို ကိုယ့်အတွေးနဲ့ဝင်ခံစားလိုက်ကြတာပေါ့။ အဲတော့ ဘာမှအရေအဖတ်မရပဲ အီပေါလောကြီးဖြစ်၊ ကောင်းပါတယ်။ အတူတူနေသူငယ်ချင်းတယောက်အပြင်ကြပန်လာတော့ ဝိ ရိုက်ထားတဲ့ ဆေးပေါ့လိပ်တလိပ်ပါလာတယ်။ အတူတူဖွာရှိုက်ကြပေါ့။ ပြီးတော့ မူးယစ်ရီဝေ ကိုယ့်ဖီလင်နဲ့ကိုယ် ဖီလ်းကြပြန်၊ ညနေဘက်တွေကတော့ သွားနေကြဘုံဆိုင်ကိုချီတက်ကြတယ်။ တခါတလေ အုပ်စုနဲ့ တခါတခါကျတော့လည်း တယောက်တည်းပေါ့လေ။ အဆင်ပြေတဲ့ကောင်ကရှင်းပေါ့။ တခါတလေ ဘုံဆိုင်ကတရုတ်ကြီးကို မျက်နှာချိုသွေးပြီး အကြွေးထားရတယ်။ 

လွတ်လပ်ပါတယ်။ ဒါကကျနော်တို့ရဲ့လောကနိဗ္ဗာန်ပဲလေ။ မူးလာရင် တွေ့ကရာမြက်ခင်းပြင်ကျောခင်းချလိုက်တာပဲ။ တခါတခါကြယ်တွေရေတွက်ကြတယ်။ မရေတွက်နိုင်ပဲ ကျောခင်းလိုက်တာနဲ့ ဇက်ကျိုးပြီး အိပ်ပျော်သွားကြတာကများပါတယ်။ တရေးနိုးရင် ဘုန်းကျောင်းထဲက အခန်းကျဉ်းလေးထဲထပြန်ပေါ့။

ဘာမှလိုအပ်ချက်တော့မရှိပါဘူး။ တခါတရံအော်ရယ်ချင်ပေမဲ့ ဆရာတော်နိုးသွားမှာစိုးလို့ အောင့်အီးသည်းခံရတာပဲရှိတယ်။ ဒီလောက်ပါပဲ။ ပျော်လားဆိုတော့၊ နေတတ်ရင်ပျော်စရာပဲလေ။ ဘာမှဆုံးရှုံးစရာမရှိတာ၊ ပြီးတော့ ဘာမှလဲတိုးပွားစရာမရှိတော့ဘူးလေ။ မိသားစုနဲ့အဆက်အသွယ်ရလားဆိုတော့၊ ကျနော်ကတကူးတကမဆက်သွယ်တော့တာ။ အိမ်ကပြေးလာတာတောင်အတော်ကြာပြီလေ။ အဲတော့ တခါတခါကျနော်ဟာ အိမ်ရဲ့သေလူစာရင်းထဲဝင်သွားမှာပေါ့။ အဲတော့လည်းကျနော်ကိုစိတ်ပူမဲ့သူမရှိဘူး။ ခုဒီမှာအတူတူနေတဲ့ကောင်တွေတောင် ကျနော့်နာမည်ရင်းမသိဘူး။ ခေါ်ချင်သလိုခေါ်တာပဲ။ အဲတော့ ကျနော်လောက် ကမ္ဘာပေါ်မှာတိုးတိုး တိတ်တိတ်နေနိုင်မဲ့သူရှိဦးမလား။ ဘာလိုချင်လဲ ဘာမလိုချင်ဘူးလေ။ ဒီလို တိုးတိုးတိတ်တိတ်ပျောက်ကွယ်သွားခဲ့တာကိုပဲလိုချင်တာလေ။ အနည်းဆုံးတော့ ကျနော်ကြောင့်ဘယ်သူမှ မငိုကြွေးရတော့ဘူးလေ။ ဒီကမ္ဘာပေါ်မှာ ကျနော်ရှင်သန်ခဲ့တာ ကျနော်တယောက်ပဲသိရင်လုံလောက်ပြီလေ၊ ဘယ်သူမှသိအောင်လုပ်စရာမှမလိုတာ၊ အဲတော့ ပျောက်ကွယ်သွားတဲ့အခါ ဆေးလိပ်ငွေ့လိုလေထဲလွှင့်ထွက်သွားမယ်၊ ပြီးရင် ခုလိုပဲ ငရဲခန်းတခုခုဆီရောက်ရှိသွားဦးမှာပါပဲ။ ။

မောင်နောင်မွန်