Breaking News

မောင်စွမ်းရည် - တက္ကသိုလ်ရာပြည့်ပွဲနှင့် သမဂ္ဂအဆောက်အဦ



မောင်စွမ်းရည် - တက္ကသိုလ်ရာပြည့်ပွဲနှင့် သမဂ္ဂအဆောက်အဦ

(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၀

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲကြီး ဆင်နွှဲသံတွေ အဝေးက ကြားနေရပါတယ်။ အထူးသဖြင့်တော့ ဆိုကြ၊ ကကြ၊ ပျော်ကြ ပါးကြတာတွေပါပဲ။ ပျော်ရမယ့်ပွဲ ဆိုတော့ ပျော်ပျော်ကြီး ဆင်နွှဲကြတာ ကောင်းတာပေါ့။ ကိုယ်တိုင် ပါဝင်ဆင်နွှဲခြင်းမပြုနိုင်တာကိုပဲ အားမလိုအားမရ ဖြစ်မိပါတယ်။

‘ဒီအဘိုးကြီးက မန်းတက္ကသိုလ်က မဟုတ်လား၊ ရန်ကုန်တက္ကသိုလ် ကပွဲကို ဘာဝင်ရှုပ်ချင်ရပြန်တာလဲ’ လို့ တချို့က ပြောချင်လည်း ပြောမှာပေါ့။ တကယ်တော့ ကျွန်တော်လည်း ရန်ကုန်တက္ကသိုလ်ကို တက်ပြီး ဒီပလိုမာဘွဲ့ နှစ်ခုကို ယူခဲ့ဖူးပါတယ်။ ပညာရေးဒီပလိုမာနဲ့ စာကြည့်တိုက်ဒီပလိုမာဘွဲ့ပါ။ ဒါပေမဲ့ ကျွန်တော် ရောက်တဲ့အချိန်က တက္ကသိုလ်က တက္ကသိုလ်နဲ့ မတူတော့ပါဘူး။ တက္ကသိုလ်နဲ့ တူတဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ လှုပ်ရှားမှုတွေလည်း မရှိတော့ပါဘူး။

ကျွန်တော်တို့ မန်းတက္ကသိုလ် တက်စကာလက မန်းတက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်ခံ ကောလိပ်ကျောင်းအဆင့်ပဲ ရှိပါသေးတယ်။ နောက်တနှစ် နှစ်နှစ်နေမှ သီးခြားတက္ကသိုလ် ဖြစ်လာခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီကာလမှာ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းပေါင်းစုံ ယဉ်ကျေးမှုနဲ့ အားကစားပွဲတွေ ပူးတွဲကျင်းပခဲ့ကြတာကြောင့် မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်တက္ကသိုလ် ကောလိပ်တွေကို တလှည့်စီ သွားနေကြရတာပါ။

ဒါတွေကို ပြန်တွေးရင် အထူးလွမ်းဆွတ်သတိရမိတာကတော့ သူငယ်ချင်းရဲဘော်၊ တေးရေး အဆိုတော်၊ ရုပ်ရှင်မင်းသား မြတ်လေးပါပဲ။ ရဲဘော်တွေအားလုံးက သူ့ကို ‘ဖိုးမြတ်’လို့ ခေါ်ကြပါတယ်။ ဘာဖြစ်လို့ သူ့ကို အထူးသတိရမိသလဲဆိုတော့ ကျွန်တော်တို့ ကျင်းပကြတဲ့ ပွဲတွေမှာ သူကပဲ သီချင်းရေးပေးလေ့ရှိခဲ့လို့ပါ။ သူက ရေးပြီး စန္ဒရားချစ်ဆွေက တီးပါတယ်။ တခြား တေးရေးဆရာ ကိုမောင်မောင်ကြီး၊ ကိုမောင်မောင်ညွန့် တို့လည်း ရှိပေမဲ့ သူတို့နဲ့တော့ မရင်းနှီးခဲ့ပါ။ ဖိုးမြတ်က မန္တလေးမှာ ဘဏ်စာရေးလုပ်ခဲ့ဖူးတော့ မန္တလေး အနုပညာအသိုင်းအဝိုင်းနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။

ခုအခါ ရာပြည့်ပွဲမှာ ဆိုကြ၊ ကကြတာတွေ ကြားပေမဲ့ ကိုမြတ်လေးရဲ့ သီချင်းသံများကိုတော့ ကျွန်တော်တို့ မကြားမိသေးပါ။ မတော်တဆ လွတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ခု လုပ်နေကြတဲ့ ပွဲတွေမှာ သက်ရှိထင်ရှား အသက်တရာနီးပါး ဆရာ၊ ဆရာမကြီးတွေကို ဖော်ထုတ် ကန်တော့ကြတာ တွေ့ရပေမဲ့ အနုပညာလောက၊ အားကစားလောကနဲ့ ကျောင်းသားသမဂ္ဂလောက ပိုင်းက ကျောင်းသားဟောင်းကြီးတွေ ထင်ထင်ရှားရှား ပါလာကြတာတော့ မတွေ့ရသေးပါ။ ကိုမြတ်လေး တို့၊ ကိုမောင်မောင်ညွန့် တို့ရဲ့ ကျောင်းသားလှုပ်ရှားမှုဆိုင်ရာ သီချင်းတွေလည်း ပြန်လည်ဖော်ထုတ်သီဆိုကြတာ မကြားမိသေးပါ။ အဲဒီကာလမှာ ခုအခါ ဂီတမိခင်ကြီးလို့တောင် ခေါ်နေကြတဲ့ ဒေါ်မာမာအေးကတော့ ရန်ကုန်၊ ကမာရွတ်ထဲက အ.ထ.က (၁) ကမာရွတ်အမှာ အလယ်တန်းကျောင်းသူလေးပဲ ရှိပါသေးတယ်။ တချို့ ငြိမ်းချမ်းရေး သီချင်းတွေနဲ့ ကျောင်းသားသမဂ္ဂသီချင်းတွေကို မာမာအေးလေးကို ခေါ်ပြီး သီဆိုစေခဲ့တာပါ။ ခုအခါ တေးဂီတလောကထဲမှာ ကိုမြတ်လေးတို့ အသိုင်းအဝိုင်းထဲက ဆိုရင် ကျွန်တော် သိရသလောက်ကတော့ မာမာအေး လောက်ပဲ ရှိတော့တာပါ။ မာမာအေးက ခုအခါ တိုင်းတပါးမှာပဲ ရောက်ရှိနေပါတယ်။ သူ့ကို ဖိတ်ခေါ်ပြီး ရာပြည့်ပွဲမှာ ကိုမြတ်လေးတို့ သီချင်းတွေ ဖော်ထုတ်သီဆိုကြရင်း ရာပြည့်ပွဲရဲ့ ဟာကွက်ကလေး တခုတော့ ပြည့်စုံသွားမယ် ထင်ပါတယ်။

ဒေါ်မာမာအေးက တက္ကသိုလ် သီချင်းတွေ၊ ငြိမ်းချမ်းရေးသီချင်းတွေကို ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်အဦထဲမှာ စန္ဒရားချစ်ဆွေနဲ့ သီဆိုခဲ့တာပါ။ သမဂ္ဂ ဆိုတာ တက္ကသိုလ်ရဲ့ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ နိုင်ငံရေးသမား အကျော်အမော်တွေ မွေးထုတ်ရာဌာနကြီးတခုပါ။ သမဂ္ဂ ဆိုတာလည်း တက္ကသိုလ်နဲ့ သက်တမ်းတူ ရှိရတာမျိုးပါ။ ကျောင်းသားရှိရင် ကျောင်းသားအဖွဲ့အစည်း ဆိုတာ ပေါ်လာရတာပါပဲ။ တက္ကသိုလ်ကြီး စတင် တည်ထောင်ဖွင့်လှစ်ပြီ ဆိုကတည်းက ဘွဲ့နှင်းသဘင်ခန်းမှ စာကြည့်တိုက်၊ အားကစားရုံ၊ အားကစားကွင်းသမဂ္ဂ အဆောက်အဦ စတာတွေလည်း တပါတည်း တည်ဆောက်ကြရပါတယ်။

သမဂ္ဂ အဆောက်အဦ ဆိုတာ ကျောင်းသားသမဂ္ဂအဖွဲ့အစည်း တခုတည်းသာ ပိုင်ဆိုင်တာ မဟုတ်ပါ။ ကျောင်းသားတွေအားလုံး ဝင်ရောက် နားနေနိုင်ပါတယ်။ မိတ်ဆုံစကားပြောနိုင်ပါတယ်။ စာဖတ်ခန်း၊ စားသောက်ခန်း၊ ဆံသဌာန ဆိုတာတွေလည်း ရှိပါတယ်။ စာသင်ခန်းတွေမှာ သက်ဆိုင်ရာ ဘာသာရပ်တခုစီနဲ့ သက်ဆိုင်ရာ ဘာသာရပ်ကို ယူသူ ကျောင်းသား၊ ကျောင်းသူတွေသာ စုဝေးနိုင်ပြီး သက်ဆိုင်ရာ ဆရာများကသာ သင်ကြားပို့ချတဲ့ သီးသန့်နေရာတွေပါ။ ကျောင်းသားစုံ ပေါင်းသင်းဆက်ဆံနိုင်တဲ့ နေရာက သမဂ္ဂအဆောက်အဦပါ။

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်အစိုးရက တည်ထောင် ဖွင့်လှစ်ခဲ့တာပါ။ အင်္ဂလိပ်အစိုးရဟာ နယ်ချဲ့အစိုးရ ဖြစ်ပေမဲ့ အင်္ဂလိပ်အစိုးရ ကျင့်သုံးတာဟာ ဒီမိုကရေစီစနစ်ပါ။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကိုလည်း အောက်စဖို့ဒ်တက္ကသိုလ်လိုပဲ အဆောင်အယောင်တွေ ပြည့်စုံအောင် ဖြည့်ဆည်းပေးခဲ့ပါတယ်။ စာကြည့်တိုက်၊ အားကစားရုံ၊ သမဂ္ဂအဆောက်အဦတွေကို တက္ကသိုလ် အာဏာပိုင်များကပဲ ဆောက်လုပ် ဖြည့်ဆည်းပေးခဲ့တာပါ။ တကသ အဆောက်အဦလို၊ အားကစားရုံလို၊ ဓမ္မာရုံလို၊ ဝတ်ကျောင်းလို ဟာတွေကို တချို့က ပြင်ပကုသိုလ်ရှင်တွေ ပါဝင်ပေမဲ့ အင်္ဂလိပ်အစိုးရကပဲ စည်းရုံးခွင့်ပြုပြီး ဆောက်လုပ်စေခဲ့တာပါ။ အင်္ဂလိပ်နယ်ချဲ့အစိုးရက တာဝန်ကျေခဲ့ပေမဲ့ မြန်မာပြည် လွတ်လပ်ရေး ရတော့မှ ဗိုလ်နေဝင်းတို့လို စစ်ဗိုလ်တွေက မိုင်းဗုံးနဲ့ ဖြိုခွဲဖျက်ဆီးပစ်ခဲ့တာပါ။

တကသ ဆိုတာ ဝန်ကြီးချုပ်တို့၊ စစ်ဗိုလ်ချုပ်တို့လို ပုဂ္ဂိုလ်ကြီးတွေ၊ နိုင်ငံရေးသမားကြီးတွေ၊ စာပေ၊ ဂီတ၊ ပန်းချီ စတဲ့ အနုပညာရှင်ကြီးတွေ မွေးထုတ်ပေးခဲ့တဲ့ သမိုင်းဝင်အဆောက်အဦပါ။ ဒီသမိုင်းကို မနာလို မရှုဆိတ်နိုင်တဲ့ ဗိုလ်နေဝင်းက ဖျက်ဆီးပစ်ခဲ့တာပါ။ အဆောက်အဦ ဆိုတဲ့ ရုပ်ဝတ္ထု အုတ်တိုက်ကြီးကိုသာ မိုင်းဗုံးနဲ့ ဖြိုချနိုင်ပေမဲ့ သမိုင်းကိုတော့ ဖြိုချ၊ ဖျောက်ဖျက်လို့ မရနိုင်ပါ။ အဆောက်အဦကို စစ်ဗိုလ်ချုပ်ဟာ ဖြိုဖျက်ခဲ့လေရဲ့ ဆိုတဲ့ သမိုင်းတခုပဲ ထိုးသွားခဲ့တာပါ။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ မအုန်း၊ မအမာ၊ ကိုဌေးမြိုင်(ဒဂုန်တာရာ)… ထူးချွန်တဲ့ နိုင်ငံရေးသမားတွေ ပညာရှင်တွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေ။ သူတို့ဟာ တကသ စားပွဲ၊ တကသ အရိပ်က ထွက်လာတဲ့ လူကျော်လူမော်တွေ၊ အများပြည်သူ လူထုကလည်း လေးစားတန်ဖိုးထားခံရတဲ့ သူတွေ။ သူတို့ဂုဏ်သိက္ခာ၊ သူတို့အပေါ် ပြည်သူလူထုက မေတ္တာထားမှု၊ လေးစားတန်ဖိုးထားမှု။

ဒါတွေကို မြင်းပွဲက ထလာပြီး ရဲဘော်သုံးကျိပ်ဝင် မတော်တဆ ဖြစ်လာသူ ဗိုလ်နေဝင်းက မနာလို မရှုဆိတ်ပါဘူး။ သူတို့ရဲ့ သမိုင်းနဲ့၊ သူတို့သမိုင်းကို ဆက်ခံတဲ့ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်လေးများကိုလည်း အားပေးအားမြှောက် မပြုလိုပါဘူး။ ဒါပေမဲ့ သမဂ္ဂအဆောက်အဦကို မဝင်နဲ့၊ မထွက်နဲ့လို့ တားဆီးလို့လည်း မရနိုင်တဲ့အပြင် အဆောက်အဦကိုလည်း တံခါးပိတ်၊ သော့ခတ်ထားလို့ မဖြစ်နိုင်ဘူး မဟုတ်လား။ ဒါကြောင့် ဒီအဆောက်အဦကို ကိစ္စတုံး ဖျောက်ဖျက်ပစ်လိုက်တာပါ။ တကယ်တော့ အဆောက်အဦဆိုတာ အုတ်၊ ကျောက်၊ ထုံး၊ သဲတို့ ရှိရင် ပြန်ဆောက်လို့ရတာပါပဲ။ သက်မဲ့ အဆောက်အဦ ပြန်ဆောက်လို့ရသလို သက်ရှိကျောင်းသားအဖွဲ့အစည်း ဆိုတာလည်း ဘာကြောင့် ပြန်မဖွဲ့နိုင်ရမှာလဲ။

ကဲ… ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေတို့ကို အမွေခံမယ့် ကျောင်းသားသမဂ္ဂကိုလည်း ပြန်ဖွဲ့ပြီးကြပြီလား။ အင်္ဂလိပ်အစိုးရက ဆောက်လုပ်ပေးသလို လက်ရှိ အစိုးရတွေရဲ့ ဆောက်လုပ်ရေး ဌာနကကော သမဂ္ဂအဆောက်အဦကို ဘာကြောင့် ပြန်ဆောက်မပေးသေးတာလဲ။ ဒီလို ပြန်ဆောက်မပေးဘဲ မြက်တောကြီး မွေးထားတာကိုကော ကျောင်းသားတွေကော ဒီအတိုင်း ကြည့်နေကြတာပဲလား။

ဒီမြက်တောကြီးကို မီးရှို့ပစ်ပြီး ငါတို့ ကျောင်းသားသမဂ္ဂအဆောက်အဦကို အမြန်ပြန်ဆောက်ပေးကြပါလို့ မတောင်းဆိုကြဘူးလား။ ဒီလို တောင်းဆိုရကောင်းမှန်း မသိကြဘူးလား။ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၊ တက္ကသိုလ် ဆောက်လုပ်ရေးဌာနက ပြန်ဆောက်ပါစေ။ မြက်ခင်းကို သူတို့ကို ရှင်းခိုင်းပါ။ မရှင်းရင် ကိုယ်ကပဲ မီးရှို့ပစ်လိုက်ပါ။ တို့ခေတ်ကျမှ ညံ့ကြတော့မှာလား။

ဝင်းဖေ (မောင်စွမ်းရည်)  တကသအမှုဆောင်တဦး
၁၅ နိုဝင်ဘာ ၂၀၂၀

(Photo - နန်းဝေ၏ "သမဂ္ဂ(၁၉၇၀)"အမည်ရ ပန်းချီကား။
"Students" Union Building(1970) By Nan Wai
credit- 
Lin San Tyna)