Breaking News

မောင်စွမ်းရည် - ကွန်မြူနစ်နှင့် ဘာသာရေး (တတိယအကြိမ်ရေးခြင်း)



2004, USA, file photo

မောင်စွမ်းရည် - ကွန်မြူနစ်နှင့် ဘာသာရေး (တတိယအကြိမ်ရေးခြင်း)

(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၁

ကျွန်တော့်ကို ‘ကွန်မြူနစ်လား’ လို့ မေးတဲ့အခါတိုင်း ‘မဟုတ်ပါ’ လို့ အမြဲဖြေပါတယ်။

‘မင်း ကွန်မြူနစ်ရွာမှာ ကွန်မြူနစ်တွေနဲ့ နေလာခဲ့ပြီး ဘာကြောင့် ကွန်မြူနစ် မဖြစ်သလဲ” လို့ လူရင်းတချို့ ကလည်း မေးဖူးတယ်။ အမှန်ပြောရရင် ရွာမှာသာမက မြို့ပေါ်ရောက်တော့လည်း ကွန်မြူနစ်တွေနဲ့ ပေါင်းသင်းရတာ များပါတယ်။ မသိကြလို့သာ ဖြစ်မှာပါ။ ကွန်မြူနစ် ဆိုတာ ဘယ်နေရာမှ ရှောင်လို့ မလွတ်ပါ။ တချို့က ကွန်မြူနစ်နဲ့ ဘာသာရေးတို့ကို ဆန့်ကျင်ဘက်လို့ ထင်တတ်ကြပေမဲ့ ဘုန်းတော်ကြီးထဲမှာလည်း ကွန်မြူနစ်ဘုန်းကြီးတွေ ရှိတာပါပဲ။ သူ့ခေတ်နဲ့ သူကိုး။

ကိုလိုနီခေတ်ကတော့ သခင်အောင်ဆန်းလည်း နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေးလုပ်ရင်း သူလည်း ကွန်မြူနစ် ဖြစ်ဖူးတာပါပဲ။ သူကိုယ်တိုင် ဗမာပြည်ကွန်မြူနစ်ပါတီ ပထမဦးဆုံး ကလာပ်စည်းမှာ အတွင်းရေးမှူး လုပ်ခဲ့တာပါ။ ဦးနုလည်း ကွန်မြူနစ်ဝါဒကို ‘ဘုံဝါဒ’ ဆိုပြီး ဖြန့်ချိခဲ့တဲ့အထဲမှာ သူလည်း ပါခဲ့တာပါပဲ။ နောင်မှသာ ကွန်မြူနစ်တွေကို မိစ္ဆာဒိဋ္ဌိတွေလို့ ဆန့်ကျင်ဝါဒဖြန့်ဖို့ ဇွတ်အတင်း ပြောခဲ့တာပါ။

‘ကွန်မြူနစ်က ဘာသာမရှိဘူးဆို’လို့ တချို့က မေးကြပါတယ်။

အဲဒါက အနောက်နိုင်ငံ ဥရောပကွန်မြူနစ်တွေက ပြောစကားပါ။ မာ့က်စ် တို့၊ အိန်ဂျယ် တို့က ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံလေ။ သူတို့ဘာသာတွေက ဘုရားသခင်ဟာ ရေ၊ မြေ၊ လောကတခုလုံး လူသူတိရစ္ဆာန်တွေကိုပါ ဖန်ဆင်းသူ ထာဝရဘုရား တဲ့။ ဗုဒ္ဓဘာသာ၊ ဂေါတမကတော့ ကိုယ်တိုင်က လူသားတဦးပါ။ ကိုယ်တိုင်က လူလိုနေ၊ လူလို သေသွားခဲ့တာပါ။ ထာဝရ မဟုတ်ပါ။ သဗ္ဗေသင်္ခါရ အနိစ္စပါ။ ဘယ်ဟာ မတည်မြဲ၊ ဖောက်လွဲဖောက်ပြန် ကာမသကာ။

ကျွန်တော်တို့ အဖေ့ရွာမှာ အလံနီကွန်မြူနစ်တွေ ရှိတယ်။ အမေ့ရွာမှာ ဗကပ၊ အလံဖြူကွန်မြူနစ်တွေ ရှိတယ်။ သူတို့ဟာ သူများ ပြောသလို ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးပြီး မဝင်ပါဘူး။ ဘုန်းကြီးရဲ့ တူ၊ တူမတွေကလည်း ကွန်မြူနစ်တွေပဲ။ မိုးရွာရင် ဘုန်းကြီးကျောင်းထဲ ဝင်ခိုပြီး ညအိပ်ပါတယ်။ ထမင်းဆာရင် ဘုန်းကြီးဆီက တောင်းစားကြသေးတာ။ အားလုံး ဒီရွာသား ကွန်မြူနစ်တွေက ဘုန်းကြီးရဲ့ အမျိုးနဲ့ ဘုန်းကြီးရဲ့ တပည့်တွေချည်းပေါ့။ ဒီခေတ် စစ်သားတွေသာ ဘုန်းကြီးရဲ့ အိပ်ရာထဲထိ ဖိနပ်စီး ဝင်ကြတာ ကြားဖူးရဲ့။ ကွန်မြူနစ်တွေက ဘုန်းကြီးကို သတ်တယ် ဆိုတာလည်း မကြားဖူးပါဘူး။ နိုင်ငံရေးသမားဆိုတာ ပြည်သူကို မှီခိုနေကြရတာ မဟုတ်လား။ ပြည်သူ ကိုးကွယ်တာကို သူတို့ မယုံကြည်တောင်မှ မဆန့်ကျင်ပါဘူး။ ဘယ်နိုင်ငံရေးသမားမှ ဒီလောက် မအပါဘူး။ နိုင်ငံရေးသမား မဟုတ်တဲ့ ဒီနေ့ စစ်သားတွေကသာ ရန်ကုန်မြို့ လမ်းကောင်း ပေတရာလမ်းပေါ်မှာ မေတ္တသုတ် ရွတ်လာတဲ့ လက်နက်မဲ့ သံဃာတော်တွေကို စက်သေနတ်နဲ့ ပစ်သတ်ခဲ့တာဟာ ဗမာသိ၊ ကမ္ဘာသိ မဟုတ်ပါလား။ သူတို့ကို မိစ္ဆာဒိဋ္ဌိလို့ ပြောပါလား။ ဒီစစ်တပ်က ဆွမ်းကပ်ရင် လက်မခံကောင်းပါ။

ဗုဒ္ဓက အနိစ္စဝရ သင်္ခါရာလို့သာ ဟောတာ၊ အားလုံးဟာ အမြဲမရှိဘူးတဲ့။ ‘ထာဝရ’ တည်ထောင်လို့ မဟောခဲ့ပါ။ ဘုရားက လောကနိယာမကိုပဲ ဟောတာ။ အဲဒါက သိပ္ပံပါ။ ရေ၊ လေ၊ နေ၊ မီး၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော တဲ့ မူလဘူတဓာတ်ကြီး ၄ ပါးတဲ့။ ဒါတွေဟာ အရှိအတိုင်းပဲလေ။ သဘာဝထက် ပိုပြီးလည်း မပြော၊ လိုပြီးလည်း မဟော။ ငါ့တရားမှ မှန်တယ်လို့ ဇွတ်မပြော။ မယုံ လာပြီး ကျင့်ကြည့်လှည့်တဲ့။ ဧဟိပသိကော၊ ဒါကို ဘယ်ကွန်မြူနစ်က ဆန့်ကျင်မှာလဲ။ ကျွန်တော်တို့ ကြည်ညိုတဲ့ စာရေးဆရာကြီးတွေ၊ ဗန်းမော်တင်အောင် တို့၊ မြသန်းတင့် တို့ ဆိုတာ ကွန်မြူနစ်တွေတဲ့။ သူတို့မှ မကြည်ညိုရင် ဘယ်သူ့ ကြည်ညိုရမလဲ။ ဗိုလ်သန်းရွှေလား၊ ဗိုလ်ခင်ညွန့်လား။ ထွီ… ဝေါ့… ။

အမေရိက ရောက်လာတော့လည်း ကျွန်တော့်မှာ ကွန်မြူနစ်ပြဿနာက မဆုံးသေးဘူး။ ကျွန်တော်က ဝတ်အသင်းတခုမှာ နာယက လုပ်နေတာကိုး။ ကျောင်းသားလူငယ်တယောက်က မေးလာတယ်။

“ဆရာက ကွန်မြူနစ်ဆို” တဲ့။

“ဘယ်သူက ဘယ်လို ဆိုတာလဲ။ ရှင်းရှင်းပြော။ ကွန်မြူနစ်က ဘယ်သူ့ကို ဘာလုပ်နေလို့လဲ။ ငါ ကွန်မြူနစ် ဖြစ်တော့ ဘယ်သူ့မှာ ဘာထိခိုက်လို့လဲ။ ငါ မင်းတို့ဆီကို အခွန်တောင်းနေလို့လား” လို့ မေးရတယ်။

“မဟုတ်ပါဘူး ဆရာ၊ ဆရာက ဘုရားဝတ်တက်နေလို့ မေးမိတာပါ” တဲ့။

“နေပါဦး၊ ကွန်မြူနစ်တွေ ဘုရားဝတ်မတက်ရဘူးလို့ ဘယ်သူက တားထားလို့လဲ။ ဘယ်မှာ ကြားဖူးတာလဲ” ဆိုတော့လည်း အတိအကျ မေးမရဘူး။

“မင်းပဲဖြစ်ဖြစ်၊ မင့်အဖေ အမေပဲ ဖြစ်ဖြစ်၊ မင့်ဦးကြီး ဒေါ်ကြီးပဲ ဖြစ်ဖြစ်၊ မင့်ဆရာသမားပဲ ဖြစ်ဖြစ်၊ ငါ့ကို ကွန်မြူနစ် ပြောတဲ့လူကို ပြောပါ။ ငါ ကွန်မြူနစ် ဟုတ်၊ မဟုတ် ဘာမှတ်ကျောက်နဲ့ စစ်ဆေးမှာလဲ။ ငါနဲ့ ဘုရားစာ တရားစာ ပြိုင်ရွတ်မလား၊ အမေး အဖြေ လုပ်မလား၊ ဘာကြေးလောင်းမလဲ” စသဖြင့် စိန်ခေါ်ဖူးပါတယ်။

အမေရိကမှာ ကျွန်တော့်အိမ် အလည်လာသူတချို့က ဘုရားစင်ကို မြင်တော့ “ဒါ ဆရာ့ ဘုရားစင်လား” တဲ့။ “ဟဲ့ သူများကို ငါက ဘုရားအငှားထားပြီး စားရမှာလား” လို့ ပြန်မေးရပါတယ်။

“ဒါ ငါ ဗမာပြည်က ပင့်လာတဲ့ ဆင်းတုတော်၊ ငါ ကိုးကွယ်တာ” လို့ ပြောတယ်။

လူငယ်တယောက်ကိုတော့ ပြောလိုက်ဖူးတယ်။

“မင်းနဲ့ ငါ ဘုရားစာ ပြိုင်ရွတ်ရအောင်၊ ရှုံးတဲ့လူက အဒေါ်ပေးတမ်း” လို့။

ကျွန်တော့်အဒေါ်က အသက် ၈၀ ကျော်လေ။ ကျွန်တော်တောင် ၈၀ ကျော်ပေါ့ဟာ။ ခုထိ လူမိုက်စကား ပြောရတုန်း။ မောပါရဲ့။

မောင်စွမ်းရည်
၁၁ ဒီဇင်ဘာ ၂၀၂၀