Breaking News

တိုးနှောင်မိုး - ကဗျာရေးခြင်း

ကဗျာရေးခြင်း
တိုးနှောင်မိုး
(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၁

ဝတ်မှုံကူးတယ်
ရေကူးတယ်
မြင်းတွေအတွက်မြေခွေးမလိုအပ်ဘူး
အီဖက်မျှော်စင်တိမ်းစောင်းသလိုငါတို့တိမ်းစောင်းခဲ့
အော်စကာဝိုင်ကိုခေါ်ခဲ့ပါ
ဘုရားသခင်နဲ့အမေးအဖြေလုပ်ဖို့ဘာလိုလည်း
သိပ်ပျင်းစရာကောင်းတယ်
အဆိပ်လက်နက်တွေအသက်ရှိနေပြီ
ပစ်မှတ်ကကိုယ်နှလုံးသားတည့်တည့်ဆိုတော့
ပန်းလိုဖြာပြီး
နေလိုမွှေးလိုက်ပါပြီ။

အဲ့ဒီမှာ
မင်းလိုရာဆွဲတွေးဖို့
စကားလုံးကိုအသားစလိုချပေးမိမှတော့
ကိုယ့်နာမည်ကိုယ်ပြန်ရဖို့
တစ်ခုခုကိုပြန်တွေးရတယ်
ရယ်စရာဟာသဖြစ်ဖြစ်
ငိုမောစရာလွမ်းခန်းဖြစ်ဖြစ်
စျေးမရောင်းတတ်ပဲစျေးရောင်းတာလည်း
အလှူတစ်မျိုးပါပဲ
အဲ့လိုပျားရည်နဲ့ဖျားယောင်းမိ
ယမကာကယမကာပါပဲ။

စစ်လက်နက်ပစ္စည်းတွေမပါဘူး
လူကိုသေစေနိုင်တာလက်နက်တင်မဟုတ်ဘူး
အသိ
အတွေးအခေါ်သတ်ရင်လည်းသေနိုင်တယ်
ခေါင်းအုံးထဲကလဲတွေထုပ်လိုက်တာလည်းကောင်းတာပဲ
အချစ်ကဗျာထဲနှလုံးသားမပါပဲရေးခဲ့
သစ်ပင်ကအရင်းကနေလဲပြီ။

ရထားလိုပါပဲ
ငါးမျှားချိတ်မှာမပါလာတာတွေမျှားခဲ့။

ခုံပေါ်မှာဘာပစ္စည်မှမရှိဘူး
ကလေးငိုသံပဲမြည်နေတယ်
ရေနွေးကြမ်းတွေမဖိတ်စေနဲ့
အဲ့ကောင်းကင်ကစကားနည်းတယ်။

အတွေးမရဘူး
ချရေးတဲ့မြစ်ကရေမစီးဘူး
စမ်းချောင်းလေးနဲ့အဖော်ပြုမိတယ်
အိုးမဲ့အိမ်မဲ့အချစ်တွေ
ဘယ်ကလာလဲ
ဘယ်ကိုသွားမှာလဲအပြင်
ကျနော်ဘယ်သူနဲ့မှမတွေ့ခဲ့ဘူး
ရပ်နေတာမမြင်တော့မရပ်သေးသူကိုယ်
သံလမ်းကအရှေ့အနောက်မှမသိတာ။

ငိုခဲ့တယ်
မျက်ရည်မပါတဲ့နှစ်များ
ရယ်ခဲ့တယ်
အပျော်မပါတဲ့ကာလမနည်း
ခလုတ်တိုက်မိတဲ့ကျောက်ခဲပဲကိုယ့်အရိုးလို့ထင်
သယောဇဉ်ကမနာပါဘူး
ခြေမကွဲသွားတာဂရုမစိုက်အား
လူဆိုတာကတော့စက်ဝိုင်းထဲပတ်ပြေးနေတဲ့ကဗျာ
အမှိုက်တောင်းထဲမှာ
ကျနော်နာမည်ကမပုတ်ခင်အထိလတ်ဆတ်တုန်း။

တခါကကလေးတစ်ယောက်
ဘကြီးအောင်ညာတာခံလိုက်ရတယ်
ယုန်နဲ့လိတ်ပုံပြင်ဟာတလောကလုံးကိုညာခဲ့တယ်
ကြောင်ဟာငါးကြော်ကနေအရာရာပြောင်းစားတယ်
ငါးကြော်ကတော့ခုထိကြောင်အိမ်ထဲနေတုန်း
လက်ဖက်ကောင်းအတွက်
တောင်တက်စရာလိုသေးလား
ဘဏ်တွေဆီမရောက်တာကြာပြီ
ဘဏ်တွေကလည်းကျနော်ဆီရောက်မလာတော့။

သစ်သီးဆိုင်ရှေ့မှာကျနော်ရပ်နေတယ်
အမှိုက်တောင်းထဲမှာ
ကျနော့်ရှေ့မှာပန်းသီးတွေထွက်ခွာသွားတယ်
ငယ်ငယ်ကအကြောင်းပြန်တွေးလိုက်မိသလို
ငယ်ငယ်ကခုလိုဘာ့ကြောင့်မတွေးမိတာပါလိမ့်ဆိုတာ။

၁၄ အောက်တိုဘာ ၂၀၂၀
မနက် ၂း ၁၄